• Today is: Sunday, February 25, 2024

ဖက်ဒရယ်ပညာရေးစနစ်ကို အကောင်အထည်‌ဖော်မည်ဆိုလျှင်

ဖက်ဒရယ်ပညာရေးစနစ်ကို အကောင်အထည်‌ဖော်မည်ဆိုလျှင်

▬▬▬▬▬▬▬▬▬▬▬
ယေဘူယျအားဖြင့် လက်ငင်းဆုံးဖြတ်ချက်ချ အကောင်အထည်ဖေါ်ရမည့်အပိုင်းနှင့် ရေရှည်လုပ်ငန်းစဥ်ချ အကောင်အထည်ဖေါ်ရမည့် အဆင့်များဟူ၍ နှစ်ပိုင်းရှိနိုင်သည်။
ပထမဦးဆုံးအနေနဲ့ တိုင်းရင်းသားလူမျိုးစုများ၏ ပညာရေးစနစ်များကို အသိအမှတ်ပြုဖို့ လိုအပ်ပါသည်။ အပြန်အလှန် အသိအမှတ်ပြုခြင်းကို ရည်ညွန်းပါသည်။ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပညာရေးဝန်ဆောင်မှုများ ပေးနေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပြီးဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည့် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများကြောင့်ပညာရေးဆိုင်ရာရပိုင်ခွင့်များဆုံရှုံးခဲ့ရသည့် ပြည်သူလူထုများအတွက် ကြိုတင်စဉ်းစားပြီး ပညာရေးကဏ္ဍပြန်လည်ပေါင်းစည်းရေး မူဘောင်တစ်ခု (Educational Convergence Framework) ချမှတ်ဆောင်ရွက်ရမည်ဖြစ်သည်။ ကရင်၊ ကချင်၊ မွန်၊ ရှမ်း အစရှိသဖြင့် လူမျိုးအလိုက် ပညာရေးစနစ်များ တည်ဆောက်ထားရှိသည်ကို ရှိသည့်အတိုင်းအသိအမှတ်ပြု လက်ခံခြင်းက အရေးကြီးသည့် ပထမအဆင့်ဖြစ်ပြီး အရည်အသွေးစံချိန်စံနှုန်းကို သက်ဆိုင်ရာပညာရေး အဖွဲ့များအကြား တိုင်ပင်ညှိနှိုင်း၍ သဘောတူသတ်မှတ်သင့်ပါသည်။ ဤအဆင့်ကို ကျော်လွန်ပြီး အနာဂတ် ဖက်ဒရယ်ပညာရေးစနစ်တစ်ခုကို ရေးဆွဲအကောင်အထည်ဖေါ်ရန်ကြိုးစားပါက ကြားကာလအမျိုးသား ညီညွတ်ရေးအစိုးရနှင့် လူမျိုးစုတော်လှန်ရေးအင်အားစုများအကြား လိုအပ်သည့် အပြန်အလှန် လေးစား ယုံကြည်မှုနှင့် အသိအမှတ်ပြုမှုကို မရနိုင်ပဲ အခက်အခဲများစွာ ကြုံတွေ့ရနိုင်သည်။
ဒုတိယအပိုင်းမှာတော့ ရေရှည် စီမံကိန်းချပြီး နိုင်ငံရေးအရ ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်ဖို့ အရေးကြီးသည်။ ဗဟိုချုပ်ကိုင်မှုစနစ်အောက်က တည်ဆောက်လက်စ လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို အုပ်ချုပ်ပုံကအစ စီမံခန့်ခွဲမှုအဆုံး ပြုပြင်ပြောင်းလဲရန် လိုအပ်မည်ဖြစ်သည်။
ပြုပြင်ပြောင်းလဲရမည်ဆိုရာတွင် နောင်အနာဂတ်တွင်ပေါ်ထွန်းလာမည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖြစ်ရန်လိုသည်။ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို အတည်မပြု နိုင်သေးမှီအချိန်မှာတော့ တစုံတရာ သဘောတူညီမှုရရှိထားပြီးဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပေါ်တွင်အခြေခံပြီး စဉ်းစားရမည်ဖြစ်သည်။
ဖက်ဒရယ်ပညာရေးစနစ်သို့ ဦးတည်သွားနေသည့်အတွက် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အသီးသီးရှိ ပြည်နယ်သူပြည်နယ်သားများက တိုက်ရိုက်ရွေးချယ်တင်မြှောက်ထားသည့် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်များထဲတွင် ပညာရေးကဏ္ဍကို ထည့်သွင်းထားရန်လိုအပ်ပါသည်။ နိုင်ငံရေးအရ ပြောင်းလဲရမည့် အဆင့်ဖြစ်ပြီး ဤအဆင့်ပြောင်းလဲမှုမရှိလျင် ဖက်ဒရယ်ပညာရေးစနစ်တစ်ခု တည်ဆောက်၍ မရနိုင်ပါ။
တစ်ဆက်တည်း စဥ်းစားရန်လိုအပ်သည်မှာ ပြည်ထောင်စုတွင်း မှီတင်းနေထိုင်ကြသော လူမျိုးနွယ်စု အားလုံးတို့၏ ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ ရပိုင်ခွင့်များအပေါ်တွင် အခြေခံပြီး တည်ဆောက် ထားသော ပညာရေးစနစ်များကို ဆက်လက် ရပ်တည်ရှင်သန်နိုင်ရေး လက်ခံခွင့်ပြုရန်လိုအပ်ပြီး ပိုမို အားကောင်းလာစေရေးအတွက်ပါ သင့်တော်သည့် မူဝါဒဝန်းကျင်ကိုလည်း ဖန်တီးပေးရမည်ဖြစ်သည်။
လူမျိုးပေါင်းစုံနေထိုင်သည့် ပြည်ထောင်စုတွင် ဘာသာစကားစုံ တတ်ကျွှမ်းမှုပေါ်တွင် အခြေခံသည့် (multilingualism) ပညာရေးစနစ်ဖြစ်ရန်လည်း အရေးကြီးပေသည်။ ယဉ်ကျေးမှုပေါင်းစုံနှင့် ရင်းနှီးကျွမ်းဝင်မှု (multiculturalism) ကိုလည်း ပညာရေးစနစ်ကနေတစ်ဆင့် မိတ်ဆက်ပေးရန် အထူးလိုအပ်
ပါသည်။ ဤအချက်ကို ပထမပိုင်းတွင် အကောင်အထည်ဖေါ်ဆောင်ရွက်ရမည့် လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်နေသည့် ပညာရေးစနစ်များနှင့် ပညာရေးကဏ္ဍ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းများနှင့် တဆက်တည်း လွမ်းခြုံစဥ်းစားသင့်ပါသည်။
ပညာရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရတွင် ရှိသင့်သည့် အဓိကတာဝန်များမှာ —
Allocation of Budget for Education — ပညာရေးကဏ္ဍအတွက် ဘဏ္ဍာရေးလိုအပ်ချက်များကို ပွင့်လင်း မြင်သာသည့် ဘဏ္ဍာငွေခွဲဝေရေးစနစ်များဖြင့် ချမှတ်ပေးရမည် ဖြစ်ပါသည်။ ဖက်ဒရယ်နိုင်ငံ အတော် များများတွင် ၎င်းတို့နှင့်ကိုက်ညီသည့် ဖေါ်မြူလာများကို အသုံးပြုပြီး ပညာရေး အသုံးစားရိတ် အတွက် တစ်လုံးတစ်ခဲတည်း (Block Grant) သတ်မှတ်ပေးလေ့ရှိသည်။ ကျနော်တို့တိုင်းပြည်နှင့် အသင့်တော်ဆုံး ဖေါ်မြူလာကို ပွင့်လင်းမြင်သာမှုရှိရှိ ဆွေးနွေးပြီး သဘောတူညီမှုရယူနိုင်ဖို့က အရေးကြီးဆုံးဖြစ်သည်။ ကျောင်းနှင့်ကျောင်းသားဦးရေပေါ်တွင် အခြေခံ၍ သတ်မှတ်သည်ဆိုသော်လည်း သက်ဆိုင်ရာပြည်နယ် အစိုးရ သို့မဟုတ် ဒေသနဒရအစိုးရသို့ တိုက်ရိုက်ချပေးခြင်းဖြစ်ပြီး ပြည်နယ် အာဏာပိုင်များက ၎င်းတို့ သတ်မှတ်ထားသည့် ဖေါ်မြူလာအတိုင်း ကျောင်းများသို့ ပြန်လည်ခွဲဝေခြင်းလည်း ဖြစ်နိုင်သည်။
Coordination between States or Systems — ပြည်နယ်တစ်ခုနှင့်တစ်ခုကြား သို့မဟုတ် မတူညီကြသည့် ပညာရေးစနစ် တစ်ခုနှင့်တစ်ခုအကြား မူဝါဒပိုင်းဆိုင်ရာ ညှိနိုင်းဆောင်ရွက်ပေးသည့်တာဝန်ကို ယူခြင်းသာ ဖြစ်သင့်သည်။ ဥပမာ – သာမာန်ဝိဇ္ဇာ သို့အဟုတ် သိပ္ပံဘွဲ့တစ်ခုခုရရှိရန် ဒီဂရီကောလိပ် သို့မဟုတ် တက္ကသိုလ်တွင် လေးနှစ်တာ အချိန်ယူတက်ရောက်ရမည်ဆိုလျှင် ပြည်နယ်တိုင်းတွင် တစ်သမတ်တည်း ဖြစ်ရန်လိုအပ်ပါသည်။ ၎င်းညှိနှိုင်းဆောင်ရွက်မှုမျိုးကို ပြည်ထောင်စုအစိုးရက ဆောင်ရွက်ပေးရန် တာဝန် ယူရမည်ဖြစ်သည်။ ပြည်နယ်တစ်ခုမှအခြားပြည်နယ်တစ်ခုသို့ ကျောင်းသူကျောင်းသားများ သို့မဟုတ် ကျောင်းဆရာဆရာမများ အပြောင်းအရွှေ့လုပ်လိုက လွယ်ကူချောမွှေ့စေရေး ပြည်နယ်ပညာရေးစနစ် တစ်ခုနှင့်တစ်ခုအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး မူဝါဒများချမှတ်၍ အားပေးရမည်ဖြစ်သည်။
Setting Minimum Standard — အဆင့်ဆင့်သော ပညာရေးကဏ္ဍများအတွက်အပါအဝင် ဘာသာရပ်
ဆိုင်ရာ တတ်ကျွမ်းမှုများအတွက် အနိမ့်ဆုံးအဆင့်ရှိရမည့် ဘုံစံချိန်စံနှုန်းများ သတ်မှတ်ခြင်းသည်လည်း ပြည်ထောင်စုအစိုးရ၏ တာဝန်ဖြစ်သင့်ပါသည်။ ဥပမာ — အခြေခံပညာ အဆင့်တစ်ဆင့်ခြင်းစီ၌ ကျောင်းသားကျောင်းသူများ အနည်းဆုံးမဖြစ်မနေ သင်ယူတတ်မြောက်ထားရမည့် ဘာသာရပ်နှင့် အကြောင်းအရာများ သတ်မှတ်ခြင်းကိုဆိုလိုပါသည်။ ဘုံစံချိန်စံနှုန်းများကို သတ်မှတ်သည်မှာ လွယ်ကူနိုင် သော်လည်း လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်အောင် ကြိုးပမ်းမှုမှာ အခက်အခဲများစွာ ရှိနိုင်သည် ကိုလည်း သတိချပ်မိရန် အရေးကြီးပေသည်။
ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အစိုးရများအနေဖြင့် သက်ဆိုင်ရာပြည်နယ်များအတွင်း မိမိတို့၏ နောက်ခံ သမိုင်းကြောင်း၊ ပထဝီအနေအထား၊ လူမှုစီးပွါးအခြေအနေများနှင့် ကိုက်ညီသည့် ပညာရေးမူဝါများ ချမှတ် ဆောင်ရွက်ပိုင်ခွင့်ရှိရမည်ဖြစ်ပါသည်။ ပညာရပ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာကဏ္ဍမှ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည့် ပြည်နယ်အဆင့်ပညာရေးကောင်စီများက ဆုံးဖြတ်ဆောင်ရွက် ပိုင်ခွင့် ရှိသင့်ပါသည်။ အခြေခံပညာအဆင့်တွင် ပညာရေးခရိုင်များအလိုက် ဆရာဆရာမများ ခေါ်ယူ ခန့်အပ်ခြင်း၊ ၎င်းတို့၏လုပ်ခလစာနှင့်ရပိုင်ခွင့်များကို သတ်မှတ်ပိုင်ခွင့်ပေးရမည်ဖြစ်သည်။ ကျောင်းစီမံ ခန့်ခွဲရေးနှင့် လည်ပတ်မှုအတွက်လိုအပ်သည် ဆုံးဖြတ်ပိုင်ခွင့်များကို ကျောင်းနှင့်အနီးစပ်ဆုံး အုပ်ချုပ်ရေး အဖွဲ့များတွင်သာ ထားရှိသင့်သည်။
ဖက်ဒရယ်ပညာရေးစနစ်တွင် ပြည်နယ်အစိုးရက ပြည်နယ်၏ ပညာရေးကဏ္ဍအတွက် အဓိကတာဝန်ရှိသူ ဖြစ်သော်လည်း အဆင့်မြင့်ပညာရေးကဏ္ဍအပိုင်းတွင် မူဝါဒချမှတ်ခြင်းနှင့် ဘဏ္ဍာငွေခွဲဝေချပေးရသည့် ကိစ္စများမှအပ တက္ကသိုလ်ကောလိပ်ကျောင်းများကို သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေးကောင်စီများကသာ စီမံခန့်ခွဲ ပိုင်ခွင့် ရှိသင့်ပါသည်။ ကျောင်းဆရာဆရာမများခန့်ထားခြင်းအပါအဝင် ကျောင်းအသုံးစားရိတ် ရှာဖွေခြင်း များကိုလည်း သက်ဆိုင်ရာကျောင်းအုပ်ချုပ်ရေးအဖွဲများကသာ ဆုံးဖြတ်ဆောင်ရွက်ပါက ပို၍ လက်တွေ့ ကျမည် ဖြစ်သည်။ တက္ကသိုလ်ကိုယ်ပိုင်အုပ်ချုပ်ခွင့် (University Autonomy) နှင့် ပညာရေး လွတ်လပ်ခွင့် (Academic Freedom) ကိုအာမခံဖို့ အလွန်ပင် အရေးကြီးပါသည်။
မူဝါဒ (policy) အပိုင်းမှာသင့်တော်ကောင်းမွန်သည့် မူဝါဒဖြစ်ရန်အရေးကြီး သကဲ့သို့ မူဝါဒ ရေးဆွဲခြင်းမှအစ အကောင်အထည်ဖေါ်သည့်အဆင့်အထိ ဖြစ်စဥ် (process) ကလည်းအလွန်အရေးကြီး သည်ကို ထောက်ပြ လိုပါသည်။ မူဝါဒရေးဆွဲချမှတ်သူများ အနေဖြင့် စိတ်စေတနာမှန်ကန်ဖို့ အရေးကြီး သည်ကို ငြင်းပယ်၍ မရသကဲ့သို့ အဆင့်ဆင့်ဆောင်ရွက်ရာတွင် စတင်ဆောင်ရွက်သည့် အချိန်မှစ၍ ပါဝင်သင့်ပါဝင်ထိုက်သည့် အစုအဖွဲ့ နှင့်လူပုဂ္ဂိုလ်များအားလုံး၏ ပါဝင်နိုင်မှုကလည်း အရေးကြီးသည့် အချက်ဖြစ်သည်။ လက်တွေ့ ပကတိ အခြေအနေကို အသိအမှတ်ပြုလက်ခံခြင်းမှစ၍ အားလုံးပါဝင်မှုဖြင့် အနာဂတ်ဖက်ဒရယ်ပညာရေး စနစ်ကို ဝိုင်းဝန်း အကောင်အထည်ဖေါ်ကြရမည်သာဖြစ်သည်။
▪️စောကပီ ရေးသည်။
(စောကပီသည် သံလွင်ပြည်သူ့ရေးရာမူဝါဒအဖွဲ့၏ တည်ထောင်သူ ဒါရိုက်တာဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို စိတ်ဝင်စားသူတယောက်ဖြစ်သည်။) 
ဖက်ဒရယ်ဂျာနယ်
နိုဝင်ဘာ ၂၇၊ ၂၀၂၁