• Today is: Friday, March 29, 2024

ပြည်နယ်အလိုက် အကြမ်းမဖက်လူထုလှုပ်ရှားမှုများ(ဩဂုတ်လမှ အောက်တိုဘာလအထိ – ၂၀၂၁)

ပြည်နယ်အလိုက် အကြမ်းမဖက်လူထုလှုပ်ရှားမှုများ

(ဩဂုတ်လမှ အောက်တိုဘာလအထိ- ၂၀၂၁)

စစ်ကောင်စီ၏ အကြမ်းဖက် နှိမ်နှင်းမှုကြောင့် အနုနည်းလူထုလှုပ်ရှားမှုအများစုသည် နောက်ပိုင်းတွင် မလွဲမရှောင်သာဖြင့် လက်နက်ကိုင် ခုခံတော်လှန်ရေးအသွင်ဆောင်လာသည် ဆိုသော်လည်း လက်ရှိအချိန်ထိ အကြမ်းမဖက် လူထုဆန္ဒပြလှုပ်ရှားမှုသည် ပြည်မဒေသအပြင် တိုင်းရင်းသား ဒေသများတွင် ကြိုကြားကြိုကြား မြင်တွေ့နေရဆဲ ဖြစ်ပါသည်။ အထူးသဖြင့် ကချင် ပြည်နယ်၊ ဖားကန့်မြို့နယ် နှင့် ချင်းပြည်နယ် စစ်ကိုင်းနယ်စပ်၊ ကလေးမြို့နယ် တို့တွင် အဓိက အားဖြင့် မြင်တွေ့ရသည်။

၁။ ကချင်ပြည်နယ်

ဆန္ဒပြလှုပ်ရှားမှု အများဆုံးပြုလုပ်သည့် ဖားကန့်မြို့တွင် သြဂုတ်လ အတွင်း (၂၂) ကြိမ်၊ စက်တင်ဘာလအတွင်း (၂၀) ကြိမ်၊ အောက်တိုဘာလ အတွင်း (၂၃)ကြိမ်ခန့် ဆက်လက် ချီတက်ဆန္ဒထုတ်ဖော် နေကြဆဲ ဖြစ်သည်။

မြစ်ကြီးနားမြို့ရှိ Kachin State Civilian- KSCM ၊ အခြေခံပညာကျောင်းသားများ သမဂ္ဂ များနှင့် ပြည်သူများပူးပေါင်း အင်အား (၁၀၀)ခန့်မှဖြင့် သြဂုတ်လ အတွင်း (၁၄) ကြိမ်ခန့်၊ စက်တင်ဘာလ အတွင်း (၁၀)ကြိမ်ခန့်နှင့် အောက်တိုဘာလအတွင်း (၃) ကြိမ်ဖြင့် အသီးသီး ဆန္ဒပြချီတက်မှုကို ပြုလုပ်ခဲ့သည်။

အလားတူ မိုးညှင်းမြို့နယ်ရှိ ကျောင်းသားသမဂ္ဂများနှင့်‌ ဒေသခံပြည်သူများ ပူးပေါင်းကာ ဩဂုတ်လအတွင်း (၁၅) ကြိမ်၊ စက်တင်ဘာလအတွင် (၂) ကြိမ် ဆန္ဒပြလှုပ်ရှားမှုကို ဆောင်ရွက် နိုင်ခဲ့ကြသည်။

၂။ ကယားပြည်နယ်

ကယားပြည်နယ်သည် တိုင်းရင်းသားပြည်နယ်ဒေသများထဲက စစ်အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒပြ လှုပ်ရှားမှု အပြင်းထန်ဆုံး ဒေသတစ်ခုဖြစ်ခဲ့သည်။ ဖေဖော်ဝါရီလ မှ မေလအတွင်း ကယားပြည်နယ်ရှိ မြို့နယ်စုံတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လှုပ်ရှားမှု ရှိခဲ့သော်လည်း စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်၊ ဖြိုခွင်းမှုများကြောင့် ကယားလူငယ်များက လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်သွားကြ၍ ယင်းလှုပ်ရှားမှုများက ရပ်တန့်သွားပြီဖြစ်သည်။

၃။ ကရင်ပြည်နယ်

ဩဂုတ်လမှ အောက်တိုဘာလအထိ၊ သုံးလအတွင်း ကရင်ပြည်နယ်၊ ဘာအံမြို့ရှိ တော်လှန်လူငယ်များ အင်အားစုနှင့် ပြည်သူများပူးပေါင်း အင်အား (၅၀)ခန့် က (၃) ကြိမ် ဘုရားသုံးဆူမြို့ အမျိုးသမီးများ ဦးဆောင်ပြီး ပြည်သူများ ၆၀ ခန့်က (၅) ကြိမ်ခန့်နှင့် ကော့ကရိတ်ခရိုင် ကြာအင်း ဆိပ်ကြီးမြို့တွင် အမျိုးသမီး အင်အားစုများနှင့် ဒေသခံပြည်သူများ စုပေါင်းပြီး လူအင်အား (၁၀၀)ဝန်းကျင် ဖြစ် (၁၃) ကြိမ် ချီတက် ဆန္ဒထုတ်ဖော်ထုတ်မှုများ ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။

၄။ ချင်းပြည်နယ်

          ကယားပြည်နယ်ကဲ့သို့ ချင်းပြည်နယ်သည် တိုင်းရင်းသား ဒေသများထဲတွင် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု အပြင်းထန်ဆုံးပြည်နယ်တစ်ခု ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် လူငယ်အများစုသည် လက်နက်ကိုင် ကာကွယ်ရေးလမ်းစဉ်(CDF)ကို ရွေးချယ်လာကြရာ ဇွန်လနောက်ပိုင်းတွင် ချင်းပြည်နယ်မှာ ဆန္ဒပြ လှုပ်ရှားမှု မရှိသလောက် ရပ်တန့်သွားသည်။

          သို့သော် ချင်းလူမျိုး လူဉီးရေ ထက်ဝက်ခန့်နေထိုင်သော ကလေးမြို့တွင် ပြည်သူများ အင်အား (၅၀) ခန့် NUG အစိုးရကို အသိအမှတ်ပြုရေး ကြွေးကြော်သံတို့ဖြင့် ဩဂုတ်လအတွင်း (၈)ကြိမ်၊ စက်တင်ဘာလ အတွင်း (၆)ကြိမ်၊ အောက်တိုဘာလ အတွင်း (၁၁)ကြိမ်ခန့် ချီတက် ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြသည်ကို တွေ့ရှိရသည်။

၅။ မွန်ပြည်နယ်

မွန်ပြည်နယ်သည် မြို့နယ်အချို့တွင် လူငယ်အင်အားစုများ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုများသည် ယနေ့အထိ စဉ်ဆက်မပြက် ပြုလုပ်နိုင်သော ပြည်နယ် ဖြစ်ပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သထုံခရိုင် ကျိုက်ထိုမြို့၊ ပေါင်းမြို့နယ် နှင့် ရေးမြို့နယ်တွင် တော်လှန်လူငယ်များနှင့် ပြည်သူများ ပူးပေါင်းကာ သြဂုတ်လအတွင်း (၁၆) ကြိမ်ခန့်၊ စက်တင်ဘာလ အတွင်း (၄) ကြိမ်၊ အောက်တိုဘာလ အတွင်း (၃) ကြိမ် ဆန္ဒထောက်ဖော်နိုင်ခဲ့ကြသည်။

၅။ ရှမ်းပြည်နယ်

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ နမ့်ခမ်းမြို့နှင့် ကျိုင်းတုံမြို့များတွင် စက်တင်ဘာလ အတွင်း (၂)ကြိမ်နှင့် အောက်တိုဘာလအတွင်း (၄) ကြိမ် စစ်အာဏာရှင်ဖြုတ်ချရေး၊ သွေးမအေးကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

၆။ ရခိုင်ပြည်နယ်

          အားလုံးသိရှိသည့်အတိုင်း ရခိုင်ပြည်နယ်တွင် စစ်အာဏာသိမ်းသည့်နေ့မှ ယနေ့အထိ အာဏာရှင် ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှု မရှိသလောက် ငြိမ်သက် လျက်ရှိပါသည်။

ဖက်ဒရယ်ဂျာနယ် စုစည်းတင်ဆက်သည်။ 

နိုဝင်ဘာ ၂၇၊ ၂၀၂၁