• Today is: Thursday, March 28, 2024

Coup d’état မှသည် Coup de grâce ဆီသို့

Coup d’état မှသည် Coup de grâce ဆီသို့

********************

မင်းအောင်လှိုင် နှင့် အပေါင်းအပါများ၏ ပြည်သူက တရားဝင် တင်မြှောက်ထားသော အစိုးရအား ဖြုတ်ချ ခဲ့သည့် လုပ်ရပ်သည် နိုင်ငံတွင်း တွင် သာမက ဒေသတွင်း တွင်ပါ ဆိုးရွားသည့် အကျပ်အတည်းကြီး ကျရောက်လာနေပြီ ဖြစ်သည်။အာဏာသိမ်း ယုံနှင့် အားမရသေးပဲ လူထု ခေါင်းဆောင်များကို လက်စားချေ သည့် အနေဖြင့် ခေါင်းစဉ် အမျိုးမျိုးတပ်ကာ ခုံရုံးတင်လာခဲ့မှု များကြောင့် သိက္ခာ ကုန်းကောက်စရာ မရှိအောင် ဖြစ်လာနေသည်။

ခရစ်ယာန် ကျမ်းစာအုပ် များ အဆိုအရ အကြင်သူသည် ကမ္ဘာကြီးတခုလုံး ကို စိုးမိုးနိုင်သည် ဆိုစေဦး မိမိ၏ ကိုယ်ကျင့် သိက္ခာ၊ ဝိညာဉ် ပျောက်ဆုံးသွားပါက မည်သို့ အကျိုးရှိနိုင်ပေဦးမည်နည်း ဆိုသည့် စကားကို အမှတ်ရစရာ ဖြစ်လာခဲ့ရသည်၊ ထိုသို့သော ပုဂ္ဂိုလ်မျိုးအား ဘုရားသခင်၏ လက်စားချေ ဒဏ်ခတ်ခြင်းကို မလွဲမသေ ခံရ‌မည်ဟုလည်း ဆိုထားပေသည်။

တဖက်တွင် ၎င်းတို့ အမုန်းကြီး မုန်းနေသော ဒေါ်အောင်ဆန်းစုကြည် အဖို့က ဂုဏ်သိက္ခာ တက်ပြီးရင်း တက်လာနေပြီ ဖြစ်သည်။ ပုံတွင် ဘရပ်ဆဲလ် ရှိ ဥရောပ သမဂ္ဂ အီးယူ တွင် သူမ အား ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြသည်မှာ မည်မျှ ဂုဏ်ယူစရာ ကောင်းသည့် မြင်ကွင်း ပင် တည်း၊ သို့သော် ယခုအခါ လူတောပင် မတိုးနိုင်ရှာတော့သော လူများက သေနတ်ကြီး တကားကားဖြင့် ဟိုအမှု၊ ဒီအမှု ဆိုကာ စဉ်းစားရသမျှ စွဲချက်တင်လာခြင်းပင် ဖြစ်သည်၊ နောင်လည်း လာပေဦးမည်။

ယမန်‌‌ နေ့က နိုင်ငံတော် အတိုင်ပင်ခံမှ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် သွားရေးလာရေး အစဉ်ပြေစေရန် ရဟတ်ယာဉ် ဝယ်ယူခဲ့မှု နှင့် ငှားရမ်း အသုံးပြုခဲ့မှု အား အကျင့်ပျက် ခြစားသည် ဆိုကာ နောက်ထပ် တမှု ထပ်တိုးလိုက်ပြန်၍ စုစုပေါင်း ၁၂ မှု ရှိသွားပြီ ဖြစ်သည်။ လက်ရှိ စွဲဆိုထားသော ၁၁ မှု အတွက် စုစုပေါင်း ထောင်ဒဏ် ၁၀၂ နှစ်အထိ စီရင်ခံရနိုင်ဖွယ် ရှိပြီး ထပ်တိုးအမှု အတွက် က ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

သို့သော် ယမန်နေ့က စီရင်ချက် ချမည့် အရေးကို အကြောင်းပြချက် တစုံတရာ မပေးပဲ တပတ် ရွှေ့ဆိုင်းလိုက်ပြန်သည်။ ၎င်းတို့ လုပ်ရပ်များကို လေ့လာ ဝေဖန်ရန် ကြိုးစားပါက ပုံမှန် စိတ်ဖြင့် အကျိုးသင့် အကြောင်းသင့် စဉ်းစား ဆင်ခြင်ကြည့်၍ မရ၊ မိမိတို့၏ အသိညဏ် အဆင့်ကို အောက်ဆုံးထိ ဆွဲချထားနိုင်မှသာ အနီးစပ်ဆုံး မှန်ကန်ဖို့ ရှိနိုင်ပေ၏။

လက်ရှိတွင် ကုလ ကိုယ်စားလှယ် စီစစ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက် မကျသေး၍လော၊ ထို အစည်းအဝေး တွင် အဖွဲ့ဝင် အဖြစ် ပါဝင်နေသော တရုတ်က စစ်ကောင်စီအား ကုလ အနေဖြင့် ပစ်ပယ်ထားပါက ပိုဆိုး‌လာနိုင်သည်ဟု အကြောင်းပြချက်မျိုး နှင့် ခုခံ ကာကွယ်မည်ဟု မျှော်လင့်ရသည်။

ထိုကဲ့သို့သော အ‌ချိန်မျိုးတွင် နိုင်ငံ၏ တရားဝင် တင်မြှောက်ထားသော လူထု ခေါင်းဆောင်အား ပြစ်ဒဏ် စီရင်မည် ဆိုက ၎င်းတို့ပြောသမျှ သဲထဲ ရေသွန် ဖြစ်သွားရမည်က သေချာသည်။ထို့အတွက်လည်း မည်သို့မျှ အကြောင်းပြချက် မပေးပဲ စီရင်ချက် ချမည့် အရေးကို တပတ် ရွှေ့ဆိုင်းလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံ၏ တရားစီရင်ရေးစနစ် အား အာဏာ သိမ်း အုပ်စုက နိုင်ငံ‌‌ ရေး လှည့်ကွက် တရပ်သဖွယ် မှောက်လို မှောက် သွန်လိုသွန် လုပ်ချင်တိုင်း လုပ်ကာ မလိုမုန်းထားသူ များကို ထောင်ထဲ ပို့နေခြင်း သက်သက်သာ ဖြစ်ကြောင်း သိသာနေပြီ ဖြစ်သည်။

နောက်ထပ် ထင်ရှားသော သက်သေ တခု အဖြစ် ‌နိုင်ငံတကာ အလယ်တွင် မှတ်ကျောက်တင်ခံနိုင်ခဲ့သည့် ရွေးကောက်ပွဲ အား အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပြီး စစ်ဝါဒီတို့၏ အထောက်အထားမဲ့ မလိုတမာ စွပ်စွဲချက် များကို တပြားသားမျှ ‌အလျော့မပေးပဲ ပြည်သူတို့၏ လိုလားချက်များကို အခိုင်အမာ ကာကွယ်ပေးခဲ့သည့် ရွေးကော်ဥက္ကဌ ကြီး ဦးလှသိန်း နှင့် အဖွဲ့ဝင် နှစ်ဦး အား မည်သည့် အပြစ်ဒဏ် မှ စီရင်ချက် မချရမှတ်သေးပဲ နေပြည်တော်ရှိ နရသိန် အကျဉ်းထောင်ကြီးသို့ ပို့ဆောင်လိုက်ခြင်းပင် ဖြစ်သည်။

လက်ရှိတွင် NLD ထိတ်တန်း ခေါင်းဆောင်များ နှင့် အစိုးရ အဖွဲ့တွင် ပါဝင်ခဲ့သူ စုစုပေါင်း ငါးဆယ်ကျော်သည် စွဲချက် မျိုးစုံ ဖြင့် အကျဉ်းချ ခံနေရပြီ ဖြစ်သည်။သို့သော် နယူတန်၏ တတိယ နိယာမအရ သက်ရောက်မှု တိုင်း အတွက် တန်ပြန်လာမှုက ရှိစမြဲပင်။

နိုင်ငံတော် အတိုင်ပင်ခံ လက်ထက်တွင် ရိုဟင်ဂျာ အရေး ဆန္ဒထုတ်ဖေါ်သူများက အာဂျင်တီနား တရားရုံးတွင် စတင် တရားစွဲခဲ့ခြင်းဖြစ်ပြီး ဗြူနိုအေရိစ် ခရိုင်တရားရုံးက ပယ်ချခဲ့ခြင်းကို အယူခံ ဝင်ခဲ့၍ အထက် တရားရုံးက အောက်ရုံး၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး တရားစွဲဆိုခွင့် ပြုခဲ့ခြင်းပင် ဖြစ်သည်။
နိုင်ငံတကာ တရားရုံး အိုင်စီဂျေ မှ မြန်မာနိုင်ငံသည် ရိုဟင်ဂျာ များ အပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့ပါသည်ဟု ဂမ်ဘီယာ မှ စွပ်စွဲခဲ့ခြင်း အပေါ် နိုင်ငံ အဖို့ သမိုင်း အဆက်ဆက် အမည်းစက် တင်မည့် အရေးကြောင့် သွားရောက် လျှောက်လဲခဲ့ရခြင်းပင် ဖြစ်သည်။

သမိုင်းတလျှောက် မင်းအောင်လှိုင်ကြောင့်ဟု မည်သူမျှပြောနေမည် မဟုတ်ပဲ မြန်မာ ဆိုပြီး အမည်တပ်က၍ လူမျိုးတုန်း သတ်ဖြတ်ခဲ့သည့် နိုင်ငံဟု ရေးသားလာကြပေတော့မည်။

ထို့အတွက် သူမ၏ အမှန်တရား တန်ဖိုးထားသည့်ကိုယ်ကျင့်သိက္ခာကို အထင်လွဲခံခဲ့ရသည်၊ သူမအပေါ် နိုင်ငံတကာ မှ အမြင် မကြည်လင်ခဲ့ကြ၊ ခုထိလည်း နိုဘယ်ဆုရှင်များ က သူမလွတ်မြောက်ရေး အတွက် ရေငုံနှုတ်ပိတ် နေကြဆဲပင် ဖြစ်သည်။

ယခု မင်းအောင်လှိုင်အား နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး အိုင်စီစီမှ စွဲချက်တင်ရန် ခွင့်ပြုလိုက်ပြီ ဖြစ်၍ အိုင်စီ‌ ဂျေ ၏ တရားလိုပြ ရှေ့နေကြီးများက ၎င်းတို့ ရရှိထားပြီးသား သက်သေများ ဖြင့် အမှု တည်ဆောက်ရန် လုံးပမ်းနေပြီ ဖြစ်သည်။

အိုင်စီစီသည် လူပုဂ္ဂိုလ် တဦးချင်းအပေါ် ကျုးလွန်ခဲ့သည့် ပြစ်မှု အတွက် တာဝန်ခံမှု ရှိစေရန် တရားစွဲဆိုသည့် နိုင်ငံတကာ တရားရုံးလည်း ဖြစ်သည်၊ ထိုသို့သော အရေးကို နိုင်ငံတော် အတိုင်ပင်ခံ အနေဖြင့် မည်သို့မျှပင် ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။

မြန်မာ သည် ရောမစာတမ်းကို လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း ရိုဟင်ဂျာ များ အပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများ အတွက် ထိခိုက်မှု ခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်က အိုင်စီစီ အား ဦးတိုက် လျှောက်ထားလာမှု အပေါ် သဘောတူလိုက်ခြင်းပင် ဖြစ်သည်။

အိုင်စီစီသည် စစ်ခေါင်းဆောင်များအတွက် ရွေး၍ သဘောတူ‌ ပေးခဲ့ခြင်း မဟုတ်၊ မြန်မာကဲ့သို့ လက်မှတ်ရေးထိုးထားခြင်း မရှိသည့် ဆီရီယားရှိ စစ်ခေါင်းဆောင်များအားလည်း အိမ်နီးချင်း ဂျော်ဒန် နိုင်ငံ၏ တိုင်တန်းမှု ဖြင့် အမှု လက်ခံ စီရင်နေသည့် အစဉ်အလာက ရှိပြီးလည်း ဖြစ်သည်။

မင်းအောင်လှိုင်အား တရားရုံးသို့ လာရောက် ထုချေရန် ဆင့်ခေါ်မည်၊ ပျက်ကွက်ပါက နိုင်ငံတကာ ဖမ်းဝရမ်းထုတ်မည်၊ ထိုသို့ ဖြစ်လာပါက မင်းအောင်လှိုင် အဖို့ နိုင်ငံ အပြင်သို့ ထွက်လိုပါက သက်ဆိုင်ရာ နိုင်ငံမှ ၎င်းအား ဖမ်းဆီးခြင်း မပြုပါဟူ သော ကတိခံဝန်ချက်ကို အရင်ဆုံး ရယူရတော့မည် ဖြစ်သည်။ ဖမ်းဝရမ်း ထုတ်ထားခံရသူအားလည်း မည်သူမျှ တရားဝင် ဆက်သွယ်ရဲကြတော့မည် မထင်ပေ။

ယနေ့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က ရုရှားတပ်များ ယူကရိန်းနယ်စပ်တွင် စုရုံးလာနေသည့် အတွက် အကယ်၍ ယူကရိန်းကို ကျုးကျော်လာပါက “ဆိုးရွားသော အကျိုးဆက်များ” ဖြစ်ပေါ်လာလိမ့်မည်ဟု ရုရှားကို သတိပေးလိုက်သည်။

ရုရှားလို နိုင်ငံကြီးကိုပင် အမေရိကန်မှ ထိုသို့ ပြောရဲ ပါလျက် မြန်မာ စစ်ခေါင်းဆောင်များ အား ထိုသို့ ပြင်းထန်သော စကားလုံးများ သုံးကာ အဘယ်ကြောင့် မပြောနိုင် ဖြစ်နေကြရသနည်း။

Hla Soewai (လှစိုးဝေ)
ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၊ ၂၀၂၁

Photo –(ICJ ကမ္ဘာ့တရားရုံးတွင် တွေ့ရစဉ်) The Japan Times