• Today is: Friday, April 26, 2024

စဝ်ဆေထင်၊ ရှမ်းလက်နက်ကိုင်တော်လှန်ရေးနှင့် SSPP (ရှမ်းမှတ်စု – ၁)

စဝ်ဆေထင်၊ ရှမ်းလက်နက်ကိုင်တော်လှန်ရေးနှင့် SSPP

စဝ်ဆေထင်သည် သူ့အကြောင်းနှင့်ပတ်သက်လျင် ပြောလေ့မရှိသူဖြစ်သည့်အပြင် သူ့အကြောင်းရေးသား ဖေါ်ပြသည်များကိုလည်း မတွေ့ရှိရပေရာသူနှင့်ပတ်သက်၍ အသေးစိတ်ဖေါ်ပြနိုင်ခြင်းမရှိပါ။ သို့သော် ၁၉၅၈ ခုနှစ် နွမ်စစ်ဟန်မှအစပြုသည့် ရှမ်းလက်နက်ကိုင်တော်လှန်ရေးနှင့်တွဲလျက်ရှိသော သူအခန်းကဏ္ဍကိုမူ တွေ့နိုင် သည်ဟု ဆိုရပါမည်။ ထို့ပြင် ရှမ်းလက်နက်ကိုင်ပုန်ကန်မှုအစပြုသည့် နွမ်စစ်ဟန်ကာလကထဲက သက်ရှိ ထင်ရှားရှိ သော တဦးတည်းသော ရှမ်းခေါင်းဆောင်တဦးဟုလည်းဆိုနိုင် သည်။

၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ရှမ်းအရှေ့မိုင်းတုံမြို့နယ် နမ့်ကျွတ်ချောင်းဘေးတနေရာတွင် ရဲရင့်သော လူငယ်စစ်သည်တော်ဟူသည့် အဓိပ္ပါယ်ရသည့် နွမ်စစ်ဟန်ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အား ရှမ်းလူငယ် ၃၁ ဦးသစ္စာ ရေသောက်၍ ဖွဲ့စည်းခဲ့ပြီး အစောဆုံးရှမ်းလက်နက်ကိုင်တပ်ဖွဲ့ပေါ်ပေါက်ခဲ့သည်။ ဦးစီးသူက စောယန္တ ခေါ်စဝ်နွဲ့ ဖြစ်သည်။ ထိုအဖွဲ့ပေါ်ပြီးမကြာခင် ၁၉၅၉ တွင် ရှမ်းစော်ဘွားများ အာဏာစွန့်ခဲ့ရပြိးနောက် နွမ်စစ်ဟန်အဖွဲ့သည် ရှမ်းစော်ဘွားများ၏ ထောက်ခံမှုရခဲ့သည့်အပြင် ရှမ်းပညာ တတ်လူငယ်များ လာရောက်ပူးပေါင်းမှု ရရှိခဲ့သည်။

လာရောက်ပူးပေါင်းသူ ရှမ်းကျောင်းသားအများစုမှာ ရန်ကုန်တက္ကသိုလ်တွင်ကျောင်းတက်နေသည့် ကျားဟု အဓိပ္ပါယ်ရသည့်  ဆေ အဖွဲ့မှဖြစ်သည်။ နိုင်ငံရေးတက်ကြွသည့် ရှမ်းကျောင်းသား ၃၅ ဦးဖြင့် ဆေ အဖွဲ့အား ဖွဲ့စည်းခဲ့ပြီး ၎င်းတို့အမည်များအားလည်း ဆေ ပါသည့်အမည်များ ပြောင်းလဲမှည့်ခေါ်ခဲ့ကြသည်။ ဆေ အဖွဲ့မှကျောင်းသားများသည် ၁၉၅၉ ခုနှစ် နှစ်ဦးမှစ၍ နွမ်စစ်ဟန်နှင့်လာရောက်ပူးပေါင်းခဲ့ကြသည်။ အစောဆုံး နွမ်စစ်ဟန်သို့ ရောက်လာသည့် ကျောင်းသား ၃ ဦးတွင်စဝ်ဆေထင်ပါဝင်ခဲ့သည်။ ထိုကာလတွင်ပင် မိုးဟိန်း ခေါ် စဝ်ကွဏ်းဇိဏ်းလည်း နွမ်စစ်ဟန်နှင့် လာရောက်ပူးပေါင်းခဲ့သည့်အချိန်ဖြစ်သည်။သို့နှင့် နွမ်စစ်ဟန်လည်း တဖြေးဖြေး အားကောင်းလာခဲ့သည်။

    သို့သော်လည်း တနှစ်ခန့်အကြာတွင် မြို့ပေါ်မှရောက်လာသော ရှမ်းပညာတတ်ကျောင်းသားများ၊ ရှမ်းစော်ဘွား တပ်တွင် လုပ်ကိုင်လာသောစဝ်နွဲ့တို့ကဲ့သို့ မူလတည်ထောင်သူများ၊ လက်နက်ကိုင်အတွေ့အကြုံရှိသူ လက်တွေ့ သမား စဝ်ကွဏ်းဇိဏ်းတို့ကြားတွင် စဉ်းစားလုပ်ကိုင်မှုများ ကွဲ ပြားလာသည်။ သို့နှင့် ၁၉၆၀ ခုနှစ်တွင် ရှမ်းပညာ တတ်ကျောင်းသားအများစုပါဝင်ဖွဲ့စည်းသည့် SSIA Shan State Independence Army ပေါ် ပေါက်လာခဲ့သည်။ ထို့အတူ ၁၉၆၀ ခုနှစ် မေလ ၁၁ ရက်နေ့တွင် စဝ်ငါးခမ်း( ရှမ်းဘုန်းကြီး ဦးကုန္ဒရ) ဦးစီးသည့် TNA (Tai National Army ) ကို ကျိုင်းတုံဒေသတွင် ထူထောင်ခဲ့သည်။ TNA အား နောင်တွင် SNA  ( Shan National Army ) အဖြစ် အမည်ပြောင်းလဲခဲ့သည်။ထို့အတူ စဝ်ကွဏ်ဇိဏ်းကလည်း SNUF ( Shan National United Front ) ကို ဖွဲ့စည်းခဲ့သည်။ SNA သည် ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယောင်းဒေသတွင်သာ အခြေပြုလှုပ်ရှားခဲ့ပြီး SSIA နှင့် SNUF တို့က သံလွင်မြစ်အနောက်ဖက်သို့ကူးပြီး ရှမ်းပြည်တောင်ပိုင်းနှင့်မြောက်ပိုင်းသို့ပါ ထိုးဖေါက်လှုပ်ရှားခဲ့သည်။ ထိုနှစ်ဖွဲ့သည် နွမ်စစ်ဟန်ကခွဲထွက်ပြီး မဟာမိတ်ဖွဲ့ထားခဲ့ကြသည်။

     ၁၉၆၃ ခုနှစ်ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီးနောက် ၁၉၆၄ ခုနှစ်တွင် မဟာဒေဝီအား နယကအဖြစ် တင်မြှောက်ပြီး ရှမ်းလက်နက်ကိုင်များ စုစည်း၍ SSA ( Shan State Army ) ကိုဖွဲ့စည်းရာ SSIA ရော SNUF ပါ ပူး ပေါင်းပါဝင်ခဲ့သည်။ စဝ်နွဲ့နှင့် SNA သည် အစောပိုင်းပါဝင်ဆက်စပ်မှုရှိသော်လည်း ၁၉၆၆ နောက်ပိုင်းတွင်၎င်းတို့ ပါဝင်သည်ကို မတွေ့ရပါ။ SSA ဌာနချုပ်အား ရှမ်းအရှေ့တွင်အခြေပြုပြီး ရှမ်းပြည်မြောက်ပိုင်းတွင် ယခင် SSIA မှ ပါဝင်လာသည့် SSA တပ်ဖွဲ့များကလှုပ်ရှားပြီး ရှမ်းပြည်တောင်ပိုင်းတွင် ယခင် SNUF မှပါဝင်လာသည့် SSA တပ်များက ဖြန့်ခွဲလှုပ်ရှားခဲ့သည်။ သို့သော် ၁၉၆၉ ခုနှစ်တွင် မိုးဟိန်းသည် SURA ( Shan United Revolutionary Army ) အမည်ဖြင့် ပြန်လည်ခွဲထွက်ပြီး ဌာနချုပ်ကို ထိုင်းနယ်စပ် ပိန်းလုံ တွင်အခြေပြုသည်။

      SSA တပ်ဖွဲ့များသည် နိုင်ငံရေးဦးဆောင်မှုပေးရန် SSPP ( ရှမ်းပြည်တိုးတက်ရေးပါတီ ) ကို ၁၉၇၁ ခုနှစ်တွင် ကျေးသီးနယ်၌ ဖွဲ့စည်းခဲ့သည်။ ဥက္ကဌခွန်ကြာနု၊ ဒုဥက္ကဌ ခွန်အုန်းဘောင်၊ အထွေ ထွေအတွင်းရေးမှူး စဝ်ဆေဝိုင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး စဝ်ဆေထင်၊ စစ်ဦးစီးချုပ် စိုင်းလှအောင်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ 

     SSA မှ မိုးဟိန်း ၏ SURA ခွဲထွက်ပြီးနောက် SSPP/SSA အင်အားစုများသည် ရှမ်းပြည်မြောက်ပိုင်း၌ စုဖွဲ့လှုပ်ရှားခဲ့သည်။ ၁၉၆၈ ခုနှစ်မှ အရှေ့မြောက်နယ်စပ်တွင် အင်အားကောင်းလာသော CPB ( ဗမာပြည် ကွန်မြူနစ်ပါတီ) နှင့် တစတစထိတွေမှုရှိလာပြီး SSPP တွဲဖက်အတွင်း ရေးမှူး စဝ်ဆေထင်နှင့် အင်အား ၂၀၀ ခန့်သည် ၁၉၇၃ ခုနှစ် အောက်တို ဘာလတွင် သံလွင်မြစ်အားဖြတ်ကူး၍ ဝ နယ် ပန်ဆန်းသို့ရောက်ရှိပြီး CPB နှင့် SSPP ဆက်ဆံရေးအစပြုခဲ့သည်။ သို့သော် CPB နှင့်ပေါင်းရေး မပေါင်းရေးနှင့်ပတ်သက်ပြီး SSPP အတွင်း သဘောထားကွဲလွဲခဲ့သည်။

အချို့က တောင်ပိုင်း KNU နယ်မြေရှိ မဒတ နှင့်ပူးပေါင်းလိုသည်။ သို့နှင့်SSPP တွင် CPB နှင့်ပူးပေါင်းလိုသည့် ခွန်အုန်းပေါင်၊ စဝ်ဆေထင်၊ စဝ်ဆေလင်းတို့နှင့် CPB နှင့် ပူးပေါင်းရန် ငြင်းပယ်သည် ခွန်ကြာနု၊ စဝ်ပွန်တိုင်းတို့ကြား စေ့စပ်မရတော့ပေ။ ခွန်အုန်းပေါင်၊ စဝ်ဆေထင်တို့နှင့် အင်အားအများစုက CPB နှင့်တပ်ပေါင်းစုဖွဲ့၍ ရှမ်းမြောက်တွင် ရပ်တည်ပြီး မပူးပေါင်းလိုသည့် ခွန်ကြာနု၊ စဝ်ပွန်တိုင်းတို့က ထိုင်းနယ်စပ်သို့ ထွက်ခွါ သွားကြသည်။ နောက်ပိုင်း ခွန်ကြာနုသည် ဥက္ကဌနေရာမှ ဖယ်ရှားခံရပြီး ထိုင်းနိုင်ငံတွင်းသို့ ခိုလှုံသွားသည်။ စဝ်ပွန်တိုင်းကိုမူ ခွန်ဆာအဖွဲ့က လုပ်ကြံခဲ့သည်။ ထိုင်းနယ်စပ်ရှိ SSPP/SSA တပ်များ ခေါင်းဆောင်သည့် စမ်မိန်းနှင့် ပန်းအောင်အားလည်း ခွန်ဆာအဖွဲ့မှ လုပ်ကြံသတ်ဖြတ်ခဲ့သည်။ နောက် ပိုင်းကျန်နေသည့် SSPP/SSA တပ်အင်အား ၅၀၀ ခန့်သည် ၁၉၈၄ တွင် မိုးဟိန်း၏ SURA နှင့်ပူးပေါင်းသွားခဲ့သည်။ ရှမ်းအရှေ့တွင် SSPP/SSA လှုပ်ရှားမှုရပ်တန့်သွားခဲ့သည်။

      SSPP/ SSA ကတော့ ရှမ်းမြောက်တွင် အခြေပြုပြီး CPB ,တပ်ဖွဲ့များနှင့်တွဲ၍ လှုပ်ရှားခဲ့သည်။ ၁၉၈၄ ခုနှစ် စဝ်ဆေနွံ ကွယ်လွန်ပြီး စိုင်းလိတ် (ကုလား) က ဥက္ကဌတာဝန်ယူပြီး စဝ်ဆေထင်က အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့သည်။ ၁၉၈၉ ခုနှစ် အရှေ့မြောက် CPB ပြိုကွဲပြီး ကိုးကန့်၊ ဝ အဖွဲ့များ အပစ်ရပ်ခဲ့သည့် မရှေးမနှောင်းတွင် SSPP/SSA အထွေထွေ အတွင်းရေးမှူး စဝ်ဆေထင်ဦးစီး SSPP/SSA အင်အား ၂၀၀၀ ကျော်ခန့်သည် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင်အပစ်ရပ်သည်။ နဝတ အစိုးရ ရှမ်းအထူးဒေသ ၃ ဟု သတ်မှတ်ပေးခဲ့သည်။ အပစ်ရပ်ရာတွင် ဥက္ကဌဖြစ်သူ စိုင်းလိတ် မပါခဲ့ဘဲ နောက်ပိုင်းတွင် စိုင်းလိတ်သည် MTA သို့ရောက်ရှိသွားပြိး ကွယ်လွန်သွားခဲ့သည်။

     အပစ်ရပ်ကာလတွင် SSPP နာယက အဖြစ်တာဝန်ယူထားသည် စဝ်ဆေထင်သည် ရှမ်းပြည် နိုင်ငံရေး လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်ခဲ့သည်။ နဝတ ကပြုလုပ်သည့် အမျိုးသားညီလာခံတွင် ရှစ်ပြည်နယ်မူကို ရပ်ခံပြီး ဆက်လက်ဆွေးနွေးရန် မဖြစ်နိုင်တော့သည့်အခြေအနေတွင် ရှမ်းအမျိုးသားနိုင်ငံရေးအတွက် SSPP/SSA ၊ SNLD ပါတီ နှင့်ရှမ်းမျိုးဆက်သစ်များစုပေါင်း၍ ရှမ်းအတိုင်ပင်ခံကောင်စီအား ၂၀၀၅ ခုနှစ် ဖေဖဝါရီ ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် နအဖ က ပြည်ထောင်စုပြိုကွဲရန်ကြံ စည်သည်ဟု စွဲချက်တင်ပြီး အများအပြားဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များချမှတ်သည်။ စဝ်ဆေထင်အား အများဆုံးအနေနှင့် ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ပြီး ခန္တီးထောင်သို့ ပို့ဆောင်ခဲ့သည်။ သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ အကုန် ၂၀၁၂ နှစ်ဆန်း မှ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

    စဝ်ဆေထင်ပြန်လွတ်လာချိန်တွင် SSPP/SSA သည် အကွဲအပြဲနှင့် ရုန်းကန်နေရချိန်ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် နအဖ က SSPP/SSA အား ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းရန် ဖိအားပေးရာ တပ်မဟာ ၃ က စိန်ဂျော့ ပသစ အဖြစ်၎င်း၊ တပ်မဟာ ၇ က ကာလိ ပသစ အဖြစ်လည်းကောင်း ပြောင်းလဲသွားကြသည်။ သို့သော် စဝ်ပန်ဖ ဦးစီး  ဝမ်ဟိုင်းအခြေပြု တပ်မဟာ ၁ကတော့ ပသစ အဖြစ်ပြောင်းလဲဖွဲ့စည်းခြင်းကို လက်မခံဘဲ SSPP အဖြစ် ဆက်လက်ရပ်ခံသဖြင့် အစိုးရနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးသည်။  SSPP နှင့် ဦးသိန်းစိန်အစိုးရကြား ၂၀၁၂ ခုနှစ်တွင် အပစ်ရပ်လက်မှတ် ထိုးခဲ့ကြသော်လည်း ၂၀၁၅ ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးသည်။ တဖက်ကလည်း အင်အားချိနဲ့သွားသော SSPP/SSA  အား စဝ်ပန်ဖက ဥက္ကဌ အဖြစ်တာဝန်ယူပြီး ပြန်လည်တည်ဆောက်ရသည်။ SSPP/SSAသည် ရှမ်းပြည်မြောက်ပိုင်းတွင် အခြေပြု၍ သူအင်အားနှင့်ထိမ်းချုပ်နယ်မြေကို တည်ဆောက်သည်ကို တွေ့ရသည်။ ထိုကာလများတွင် ထောင်က ပြန်လွတ်လာသော စဝ်ဆေထင်သည် ရှမ်းနိုင်ငံရေးမှ ဘေးထွက်မသွား‌ ပေ။ ရှမ်းလက်နက်ကိုင်တော်လှန်မှုမှ ဘေးထွက်မသွားပေ။ SSPP သို့ပြန်လည်ရောက်ရှိပြီး နာယက အဖြစ်ဆက်လက်တာဝန်ယူသည်မှာ ယနေ့အထိဖြစ်သည်။ ထို့ပြင် SSPP/SSA သည် တဖြေးဖြေးပြန်လည် အား ကောင်းလာသည်ကို ယနေ့ကာလတွင်တွေ့မြင်ရပေသည်။

         ပုဂ္ဂိုလ်‌ရေးအရပြောလျင် ၁၉၈၅ ခုနှစ်ခန့်က အရှေ့မြောက်နယ်စပ်တနေရာတွင် စဝ်ဆေထင်အား မိမိစတင် တွေ့ဆုံဘူးသည်။ အလွတ်တွေ့ဆုံပြောဆိုကြသော စကားဝိုင်းတွင် သူနှင့်အချေ အတင်ငြင်းခုံသူက စိုင်းအောင်ဝင်း (CPB) ဖြစ်သည်။ ရှမ်းအချင်းချင်းဆိုတော့ အာမနာတမ်း ပွင့်ပွင့်လင်းပြောဆိုကြသည်။ စိုင်းအောင်ဝင်းက သူ့အကျင့်အတိုင်း ဒေါသတကြီး အော်ဟစ်ငြင်းခုံ သည်။ စဝ်ဆေထင်ကတော့ ပြုံးပြုံး ပြုံးပြုံးဖြင့်နား ထောင်ပြီး လေပြေလေးဖြင့် တခစ်ခစ်ရီမောရင်း အချက်အလက်ကျကျပြောဆိုချေပသည်။ သူဒေါသထွက်သည်ကို မတွေ့ ရပေ။ အတော်ငြိမ်၍ အေးဆေးသည်။ သူနှင့်တွေ့သည့်နောက်ဆုံးအကြိမ်က ၂၀၁၈ ခုနှစ်  တတိယအကြိမ်၂၁ ပင်လုံညီလာခံတွင်ဖြစ်သည်။ ယခင်အတိုင်းပင် တပြုံးပြုံးဖြင့် လေပြေလေးနှင့်သာ သူပြောစရာရှိသည်ကို တခစ်ခစ်ရီမော၍ ပြောနေဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွင်း ဝမ်ဟိုင်းတွင် ပြုလုပ်သည့် SSPP အခန်းအနား တခုဓါတ်ပုံတွင် အပြုံးမပျက်သည့်သူအား ဒုတ်ကောက်တချောင်းနှင့်တွေ့လိုက်ရသည်။

    လူပုဂ္ဂိုလ်တယောက်အနေနှင့် စဝ်ဆေထင်သည် အားနည်းချက်များရှိနိုင်ပါသည်။ သို့သော် သူသည် ရှမ်းလက်နက်ကိုင်ပုန်ကန်မှုအစ နွမ်စစ်ဟန်ခေတ်ကာလကထဲက ပါဝင်ခဲ့သူဖြစ်သည်။ ရှမ်းလက်နက်ကိုင် တော်လှန်မှုတွင် အနှစ် ၆၀ ကျော်ပါဝင်ခဲ့သူဖြစ်သည်။ ထောင်ဒဏ်နှစ် တရာကျော် ကျခံခဲ့ဘူးသူဖြစ်သည်။ ယခုအခါ အသက် ၈၀ ကျော်ပြီဖြစ်သဖြင့် သူ၏ လှုပ်ရှားနိုင်စွမ်း၊ လုပ်နိုင်စွမ်းတို့  လျော့ကျနိုင်ပါသည်။ သို့သော်သူသည် SSPP/SSA သမိုင်းနှင့် ခွဲရသူတယောက်မဟုတ်ပေ။ SSPP/SSA နှင့် ရှမ်းလက်နက်ကိုင်တော်လှန်မှု၏ နတ်နေကိုင်းမှ ပုဂ္ဂိုလ်တဦးဖြစ်သည်။

စဝ်ဆေထင်သည် ၆၃ နှစ်ကြာမြင့်ပြီဖြစ်သော ရှမ်းလက်နက်ကိုင်‌တော်လှန် ရေးနှင့် SSPP/SSA တို့နှင့်ပတ်သက်လျင် တဦးတည်းသော သက်ရှိသမိုင်းစာအုပ်လည်းဖြစ်ပေသည်။

မောင်မောင်စိုး

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၂၊ ၂၀၂၁ 

ပုံ – ဗိုလ်ချုပ်ကြီး စဝ်ဆေထင် အားတွေ့ရစဉ်။