• Today is: Saturday, February 24, 2024

ဗမာ့နွေဦး မှ မြန်မာ့နွေဦး သို့

▣ ဗမာ့နွေဦး မှ မြန်မာ့နွေဦး သို့

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုဆန္ဒပြပွဲတွေ အပြိုင်းအရိုင်းပေါ်ထွက် လာခဲ့ပါတယ်။ မန္တလေးမြို့ကနေ စတင်လိုက်ပြီး ရန်ကုန်မြို့က တစ်ရက်တည်း ရှေ့ဆင့်နောက်ဆင့် ပေါ်ထွက်လာခဲ့ ပါတယ်။ ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံလုံးလိုလို တောရော မြို့ပါ ပျံ့နှံ့အုံကြွလာတဲ့ လူထုသပိတ်တွေ ရှိလာခဲ့ ပါတယ်။ ထိုနည်းလည်းကောင်း တောင်ပေါ်ဒေသတွေမှာလည်း လူထုဆန္ဒပြသပိတ်တွေ အုံလိုက်ကျင်းလိုက်ပေါ် ထွက်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးက လူထုရဲ့ နိုင်ငံရေးနိုးကြားမှု အံ့မခန်းပဲ။ လူထုဟာ နိုင်ငံရေးရေချိန်ကို ကာယကံ မြောက်သက်သေပြခဲ့တယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအားလုံးကို “မြန်မာ့နွေဦးတော်လှန်ရေး” လို့ အမည်ကင်ပွန်းတပ်လိုက်ကြပါတယ်။ တကယ်တော့ ဒါဟာ အားလုံးသဘောညီ အသုံးများကြရင်း၊ အသုံးဟာ အတည် ဖြစ်လာတဲ့သဘောဖြစ်ပါတယ်။ ဒီအသုံးအနှုန်းကို ၂၀၂၁ ဖေဖော်ဝါရီလထဲမှာ ဘယ်ဒေသ ဘယ်မြို့က စတင်သုံးစွဲခဲ့ပါသလဲ။

▄ ပဲခူးနဲ့ မကွေးမြို့က စတင်တယ်

ပဲခူးတိုင်းက ဧပြီ (၇) ရက်နေ့မှာ စတင်သုံးစွဲပါတယ်။ ထို့နောက် တစ်ပတ်အကြာမှာ မကွေးတိုင်း၊ မကွေးမြို့က ထပ်မံသုံးစွဲတာတွေ့ရပါတယ်။ အမှတ်မမှားရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က လူထုဆန္ဒပြသပိတ်အဖွဲ့တွေရဲ့ ကြွေးကြော်သံနဲ့ ဆန္ဒပြဆိုင်းဘုတ်တွေကိုင် ဆောင်တဲ့ ပုံရိပ်တွေကို သတင်းမီဒီယာနဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ နေ့စဉ်တွေ့နေခဲ့ရပါတယ်။ အဲသည့် အထဲမှာ မကွေးမြို့က မကွေးတက္ကသိုလ် ရှေ့မှာ စုဝေးတဲ့ လူထုသပိတ်အဖွဲ့မှာ “ဗမာ့နွေဦးတော်လှန်ရေး” ဆိုတဲ့ စာသားကိုင်ဆောင်တဲ့ ဆန္ဒပြလူထုသပိတ်လှုပ်ရှားမှုကို တွေ့ခဲ့ရပါတယ်။ တစ်နိုင်ငံလုံးလိုလို မြန်မာ့နွေဦး တော်လှန်ရေးဆိုတဲ့စကားလုံးကို မသုံးစွဲသေးခင်မှာ၊ ပဲခူးနဲ့ မကွေးမြို့လူထုက စတင်သုံးစွဲလိုက်တာဖြစ်ပါတယ်။ ဒီလိုနဲ့ ဗမာနဲ့ မြန်မာကို အသံဖလှယ်ပြီး နောက်ပိုင်းမှာ မြန်မာ့နွေဦးတော်လှန်ရေး ဆိုတဲ့ စကားလုံးဟာ သတင်းမီဒီယာ တွေနဲ့ နိုင်ငံတစ်ဝှမ်းလုံးက လူထုနိုင်ငံရေးသပိတ်တိုက်ပွဲတွေမှာ တွင်ကျယ်တဲ့စကားလုံးဖြစ်လာပါတယ်။ (မှတ်ချက် – အမှားပြင်ဆင်ချက်အဖြစ် ပြန်လည် တည်းဖြတ်ထားပါသည်)

▄ မြေလတ်ဒေသ သမိုင်း မရိုင်းခဲ့

မကွေးမြို့ဟာ မြေလတ်ဒေသရပ်ဝန်းမှာ ပါဝင်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထင်ရှားတဲ့ တော်လှန်ရေးတွေကို ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ဒေသ တစ်ခုဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးအမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းဟာ မကွေးတိုင်း နတ်မောက်မြို့ဇာတိဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် အမျိုးသားပညာရေး လှုပ်ရှားမှု ကျောင်းသားသပိတ်ချီတက်ပွဲမှာ မကွေး၊ မုံရွာ၊ မန္တလေးနဲ့ မြင်းခြံက ကျောင်းသားခေါင်းဆောင်တွေ ဦး ဆောင်ခဲ့ကြပြီး ရန်ကုန်မြို့က ကျောင်းသားလှုပ်ရှားမှုနဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်ကို တွေ့ခဲ့ရပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းစဉ်ကို လေ့လာကြည့်ရင်လည်း မကွေး၊ မုံရွာ၊ မန္တလေး၊ မြင်းခြံက လူထုရဲ့နိုင်ငံရေး နိုးကြားမှုကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

▄ သွေးထွက်သောနိုင်ငံရေးသို့

မြန်မာ့နွေဦးတော်လှန်ရေးဟာ အာဏာရှင်ဇာစ်မြစ်အကြွင်းအကျန်အားလုံးကို ရှင်းလင်းတိုက်ထုတ်ရမယ့် တော်လှန်ရေးဖြစ်ပါတယ်။ နိုင်ငံရေးအရတော်လှန်မှု တစ်ခုတည်း မဟုတ်ပါ။ လူမှုတော်လှန်ရေးပါ ယှဉ်တွဲဖြစ် တည်နေတာတွေ့ရပါတယ်။ စစ်ပွဲဟာ နိုင်ငံရေးရဲ့ အဆက်ဖြစ်တယ်လို့ ဆိုကြပါတယ်။ နိုင်ငံရေးနည်းလမ်းတစ်ခု တည်းနဲ့ အာဏာရှင်အမြစ်ဖြုတ်ပွဲကို အဆုံးမသတ်နိုင်ခဲ့ပါ။ ဒီတော့ နိုင်ငံရေးရဲ့ အဆက်ဖြစ်တဲ့ လက်နက်ကိုင်တိုက် ပွဲ ပါလာရပါတယ်။ နိုင်ငံရေးဆိုတာ သွေးမထွက်တဲ့ စစ်ပွဲဖြစ်တယ်။ စစ်ပွဲဆိုတာကတော့ သွေးထွက်တဲ့နိုင်ငံရေး ဖြစ်တယ်။ ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ၊ လူထုဟာ သွေးမနှေးဘူးဆိုတာ ထင်ထင်ရှားရှားပြသလိုက်ပြီး ဖြစ်ပါတယ်။

▄ ဗမာဖက်ဒရယ်လစ်တွေရဲ့ နိုင်ငံရေးကော်စေး

ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသတွေနဲ့ ထိစပ်ဒေသတွေဖြစ်တဲ့ မြေလတ်ဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ တွေဟာ နိုင်ငံရေးအရ ပေါင်းစည်းဖြစ်တည်နိုင်ခဲ့တယ်။ ထိုနည်းလည်းကောင်း တောင်တန်းပြည်မအကြားက အကွာအဟကို ရင်ကြားစေ့ပေါင်းစပ်နိုင်ခဲ့တယ်။ ဗမာပြည်မမှာ ဗမာဖက်ဒရယ်လစ်ဝါဒီတွေ အပြိုင်းအရိုင်းပေါ်လာ ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဟာ ဗမာပြည်မက ဖက်ဒရယ်ဝါဒီတွေနဲ့ တောင်တန်းဒေသက ဖက်ဒရယ်ဝါဒီ တွေအကြား နိုင်ငံရေးအရ ယုံကြည်မှု ဘယ်လောက်တည်ဆောက်နိုင်သလဲဆိုတာနဲ့ တိုက်ရိုက် သက်ဆိုင်နေပါ တယ်။

▄ ထိစပ်ဒေသတွေ ကပ်အားကောင်းဖို့ လို

မြေလတ်ဒေသရဲ့ အနောက်ဘက် ကပ်လျက်မှာ ရခိုင်ရိုးမနဲ့ ရခိုင်ကမ်းမြောင်ဒေသ ရှိပါတယ်။ ရခိုင်တွေဟာ ဖက်ဒရယ်လစ်ဝါဒီတွေ ဖြစ်ကြောင်း ထင်ရှားပါတယ်။ မြေလတ်ဒေသနဲ့ ရခိုင်ဒေသတို့ ပေါင်းစပ်နိုင်ရေးဟာ အခရာကျပါတယ်။ မုံရွာမြို့ စစ်ကိုင်းတိုင်း အထက်ပိုင်းဟာ မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ဒေသနဲ့ ကပ်လျက် ဖြစ်ပါတယ်။ ကချင်ဖက်ဒရယ်လစ်ဝါဒီတွေနဲ့ မုံရွာက ဗမာဖက်ဒရယ်လစ်ဝါဒီတွေအကြား နိုင်ငံရေးအစေးကပ်မှု အားကောင်းဖို့ လိုပါတယ်။ မန္တလေးရဲ့ အရှေ့ဘက်တစ်ခွင်လုံးဟာ ရှမ်းရိုးမတောင်တန်းကြီး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အခြေပြု လူမျိုးစုအားလုံးနဲ့ လူမျိုးရေးကော်စေး ကပ်အားကောင်းအောင် တည်ဆောက် ဖို့ အထူးအရေးကြီးပါတယ်။ ပဲခူးနဲ့ ရန်ကုန်ဟာ ကရင်ဒေသ ၊ မွန်ဒေသတွေနဲ့ ဆက်စပ်နေပါတယ်။ မြန်မာပြည် အောက်ပိုင်းဒေသတွေ တစ်ခုလုံး နိုင်ငံရေးကော်စေး ကပ်အားကောင်းအောင်လုပ်ဖို့ ဖြစ်ပါတယ်။

▄ နိုင်ငံရေးအစေးကပ်နိုင်ကြစေ

မြန်မာ့နွေဦးတော်လှန်ရေးဟာ ဗဟိုချက်ကနေ စရွေ့နေပါပြီ။ ဒေသအသီးသီးက နိုင်ငံရေးအင်အားစုတွေအကြား နိုင်ငံရေးညှို့ဓာတ်နဲ့ နိုင်ငံရေးသံလိုက်ဓာတ်တွေ အားကောင်းပြီး ကပ်အားကောင်းကောင်းနဲ့ စုဖွဲ့ လှုပ်ရှားနိုင်မှုက သာလျှင် အာဏာရှင်တိုက်ဖျက်ရေးအတွက် အဖြေရလဒ်ဖြစ်ပါလိမ့်မယ်။

ဗမာ့နွေဦးတော်လှန်ရေးမှသည် မြန်မာ့နွေဦးအောင်ပွဲဆီသို့ အမြန်ဆုံးရောက်နိုင်ဖို့ ယုံကြည်ပါတယ်။

မင်းသေ့ (ဆောင်းပါး)

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၁၊ ၂၀၂၁