• Today is: Thursday, February 2, 2023

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ပဋိပက္ခများ (ရှမ်းမှတ်စု – ၃) 

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ပဋိပက္ခများ (ရှမ်းမှတ်စု – ၃) 

     ၂၀၂၁ ဇွန်လခန့်မှစ၍ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုဖြစ်သည့် ပဋိပက္ခများသည် မြင့်တက်ခဲ့ပြီး  တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွါးခဲ့သည်။ကျေးသီးဒေသ လွယ်ဟွန်းတောင်ကြောမှသည် ကျောက်မဲဒေသထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးခဲ့သည်။ RCSS ဖက်မှ တပ်အင်အားအလုံး အရင်းနှင့်စုစည်းတိုက်ခိုက်ခဲ့သကဲ့သို့ SSPP ဖက်မှလည်း သူ၏မဟာမိတ်များဖြစ်သည့် UWSA/TNLA တပ်ဖွဲ့များပါဝင်တိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းများအရ သိရသည်။ တိုက်ပွဲများပြင်း ထန်ပြီး စစ်ဘေးဒုက္ခသည်အများအပြားထွက်ပေါ်လာသည်ကို တွေ့မြင်ရသည်။ လက်ရှိစစ်ရေးပဋိပက္ခသည် ယခင်အချိန်အခါကာလများထက် များစွာပြင်းထန်သည့်အပြင် RCSS အား ရှမ်းပြည်မြောက်ပိုင်းမှ တွန်းထုတ်သည်ဖြစ်ရာ ပဋိပက္ခသည် ယခင်ကထက် ပို၍ပြင်းထန်လာခဲ့သည်။

      ဤသို့သော အခြေအနေအောက်တွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်တည်လာသည့် သမိုင်းကြောင်းကို ပြန်လည်စေ့ငုရန်လိုသည်။ ၁၉၅၈ ခုနှစ် နွမ်စစ်ဟန် ရှမ်းလက်နက်ကိုင်ပုန်ကန်မှုအစပြုပြီးနောက် ၁၉၆၀/၆၁ ခုနှစ်ခန့်တွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ပေါ်လာသည်ကိုတွေ့ရသည်။ ၎င်းတို့မှာ SNA ၊ SSIA နှင့် SNUF တို့ဖြစ်သည်။

SNA

    စဝ်ငါးခမ်းဦးစီးပြီး စတင်ဖွဲ့စည်းစဉ်က TNA ( Tai National Army) ဟု ခေါ်ဆိုခဲ့ပြိး နောက် ပိုင်းတွင် SNA ( Shan National Army ) ဟုပြောင်းလဲမှည့်ခေါ်ခဲ့သောအဖွဲ့ဖြစ်သည်။ SNA သည် အစောပိုင်းကာလက နွမ်စစ်ဟန်၊ SSA တို့နှင့်ဆက်စပ်ပတ်သက်မှုရှိသော်လည်း နောက်ပိုင်းတွင် သီးခြားရပ်တည်သည်။ SNA ကျိုင်းတုံဒေသ၊ အထူးသဖြင့် ကျိုင်းတုံနှင့်မြောက်ဖက် မိုင်းယန်း၊မိုင်းယောင်းဒေသအား အခြေပြုလှုပ်ရှားသည်။ ရှမ်းအရှေ့ ကျိုင်းတုံဒေသလူထု၏ထောက်ခံမှုရယူလှုပ်ရှားပြီး ကျန်ဒေသများသို့ တိုးချဲ့လှုပ်ရှားမှု မရှိ၍ ကျန်ရှမ်းအဖွဲ့များနှင့် ပဋိပက္ခမရှိခဲ့ပေ။ SNAသည် ဒေသလက္ခဏာဆောင်သော အဖွဲ့ဟုဆိုနိုင်သည်။

      SNA သည် ၁၉၇၃ ခုနှစ်တွင် မိုင်းလားဒေသသို့ ထိုးဖေါက်လာသည့် CPB ၈၁၅ စစ်ဒေသနှင့် စတင်ဆက်သွယ်မိပြီး CPB နှင့် မဟာမိတ်ဆက် ဆံရေးအစပြုသည်။ ၁၉၇၆ ခုနှစ်တွင် SNA အားဖျက်သိမ်း၍ CPB အရှေ့မြောက်စစ်ဒေသ၏ တပ်မဟာ ၇၆၈  အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ် CPB ပြိုကွဲသောအခါ တပ်မဟာ ၇၆၈ သည် ၈၁၅စစ်ဒေသနှင့်ပူးပေါင်း၍ NDAA ( National Democratic Alliance Army ) ဖွဲ့စည်းပြီး နဝတ နှင့် အပစ်ရပ်၍ ငြိမ်းချမ်းရေးယူခဲ့သည်။ နဝတ ကလည်း ၎င်းတို့ဒေသအား ရှမ်းပြည်အထူးဒေသ ၄ ဟုသတ်မှတ်ပေးခဲ့သည်။SNA အဖို့ဆိုလျင် အဖွဲ့အစည်းလည်းမရှိတော့သည့်အပြင် သီးခြား ရှမ်းအမျိုးသားနိုင်ငံရေးရပ်တည်မှု မရှိတော့ပေ။

SSIA

      SSIA ( Shan State Independence Army ) ကို ၁၉၆၀ ဝန်းကျင်တွင် နွမ်စစ်ဟန်သို့ရောက်ရှိလာသည့် ရှမ်းပညာတတ်အများစု ဦးဆောင်တည်ထောင်သည်။ SSIA ဖွဲ့စည်းပြီးနောက် သံလွင်မြစ်အနောက်ခြမ်းသို့ ကူးပြီး ရှမ်းပြည်မြောက်ပိုင်းသို့ ထိုးဖေါက်စည်းရုံးခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မဟာဒေဝီ နာယကအဖြစ်တာဝန်ယူသည့် SSA တွင် SNUF နှင့်အတူပါဝင်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် မိုးဟိန်း၏ SURA ပြန်လည်ခွဲထွက်ပြီးနောက် SSA အဖြစ် ကျန်ရစ်ခဲ့သူများမှာ မူလ SSIA အင်အားစုများဟုဆိုရမည်။

SSIA (Shan state Independence Army) ကို ၁၉၆၀ ဝန်းကျင်တွင် နွမ်စစ်ဟန်သို့ ရောက်ရှိလာသည့် ရှမ်းပညာတက်အများစု ဦးဆောင်တည်ထောင်သည်။ SSIA ဖွဲ့စည်းပြီးနောက် သံလွင်မြစ်အနောက်ခြမ်းသို့ ကူးပြီး ရှမ်းပြည်မြောက်ပိုင်းသို့ ထိုးဖေါက်စည်းရုံးခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မဟာဒေဝီ နာယကအဖြစ်တာဝန်ယူသည့် SSA တွင် SNUF နှင့်အတူ ပါဝင်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် မိုးဟိန်း၏ SURA ပြန်လည်ခွဲထွက်ပြီးနောက် SSA အဖြစ် ကျန်ရစ်ခဲ့သူများမှာ မူလ SSIA အင်အားစုများဟု ဆိုရမည်။

SSA သည် ၁၉၇၁ ခုနှစ်တွင် နိုင်ငံရေးအရ ဦးဆောင်ရန် SSPP အားဖွဲ့စည်းပြီးနောက် SSPP/SSA ဟု လူသိ များခဲ့ သည်။ SSPP/SSA သည် ၁၉၇၃ ခုနှစ်တွင် CBP နှင့်စတင် တပ်ပေါင်းစုဖွဲ့စည်းခဲ့ရာမှ ၁၉၇၅ ခုနှစ်တွင် SSPP ခေါင်းဆောင်ပိုင်းအတွင်း အတိအလင်း သဘောထားကွဲပြီး ကွန်မြူနစ်များနှင့် မပေါင်းလိုသည့် ခေါင်းဆောင်များ ထိုင်းနယ်စပ်သို့ ထွက်ခွာသွားသည်။ သို့သော် သီးခြားအဖါဲ့အစည်းထူထောင်ခဲ့ခြင်းမရှိပါ။  CBP နှင့် ပူးပေါင်းသော SSPP/SSA အင်အားစုများ ရှမ်းပြည်မြောက်ပိုင်းတွင် ဆက်လက်ရပ်တည်ပြီး အင်အားအချို့အား ထိုင်းနယ်စပ်တွင်ရှိသည် SSA တောင်ပိုင်းမှတပ်များ စဝ်ကွဏ်းဇိဏ်းနှင့် ပူးပေါင်းသွားပြီးနောက်ပိုင်းမှာစ၍ ရှမ်းအရှေ့နှင့်ရှမ်းတောင် သို့ SSPP/SSA ထိုးဖောက်ခြင်း မရှိတော့ပါ။ SSPP/SSA သည် ၁၉၈၉ ခုနှစ်တွင် အပစ်ရပ်ပြီး ငြိမ်းချမ်းရေးယူခဲ့သည်။ ၂၀၀၉ တွင် SSPP/SSA မှ တပ်မဟာ ၃ နှင့် ၇ က ပြည်သူ့စစ် အဖြစ်ပြောင်းလဲ ဖွဲ့စည်းရန် လက်ခံခဲ့သော်လည်း တပ်မဟာ ၁ က လက်မခံဘဲ SSPP အဖြစ်ဆက်လက် ရပ်ခံခဲ့သည်။ သို့နှင့် နအဖ အစိုးရနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး SSPP အားပြန်လည်တည်ဆောက်ခဲ့ရသည်။ ၂၀၁၂ တွင် ဦးသိန်းစိန် အစိုးရနှင့် Bilateral အပစ်ရပ် လက်မှတ်ရေးထိုးခဲ့သော်လည်း ၂၀၁၅ ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယခုအချိန်ထိ NCA လက်မှတ်ရေးထိုးဖြင်းမရှိသေးဘဲ ရှမ်းအမျိုးသားနိုင်ငံရေးတွင် လက်နက်ကိုင် တပ်ဖွဲ့တခုအနေနှင့် ဆက်လက် ပါဝင်လျက်ရှိသည်။  

SNUF

၁၉၆၀/၆၁ ကာလတွင် စဝ်ကွဏ်းဇိဏ်းဦးစီး၍ SNUF ကိုဖွဲ့စည်းခဲ့စည်။ အစောပိုင်းတွင် SSIA နှင့် မဟာမိတ်ဖွဲ့ထားပြီး သံလွင်မြစ်အနောက်ဖက် ရှမ်းပြည်တောင်ပိုင်းကို ထိုးဖောက် လှုပ်ရှားခဲ့သည်။ ၁၉၆၄ တွင် မဟာဒီဝေီမအမှူးပြုသည့် SSA တွင် ပါဝင်ခဲ့သော်လည်း ၁၉၆၉ ခုနှစ်တွင် စဝ်ကွဏ်းဇိဏ်းသည် SURA အမည်ဖြင့် ပြန်လည် ခွဲထွက်၍ သီးသန့်လှုပ်ရှားခဲ့သည်။ SURA ဌာနချုပ်အား ရှမ်းအရှေ့ထိုင်းနယ်စပ်တွင် အခြေပြုသည်။ တပ်ဖွဲ့များက ရှမ်းအရှေ့နှင့် ရှမ်းတောင်တွင် လှုပ်ရှားသည်။ ၁၉၈၄ ခုနှစ်တွင် SSA တောင်ပိုင်းတပ်ဖွဲ့နှင့် ပူးပေါင်းပြီး TRC/TRA အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းသည်။ TRC/TRA သည် ၁၉၈၅ ခုနှစ်တွင် ခွန်ဆာ၏ SUA (Shan United Army) နှင့် ပူးပေါင်းပြီး SSRC/MTA ဟု ဖွဲ့စည်းသည်။ စဝ်ကွဏ်းဇိဏ်းက ဥက္ကဌတာဝန်ယူပြီး ခွန်ဆာက တပ်မှူးတာဝန်ယူသည်။ ၁၉၉၅ တွင် MTA မှ ခွဲထွက်သည့် SSNA သည် ရှမ်းမြောက် သီပေါအနီး၌ အခြေပြုပြီး နောက် နအဖ နှင့် အပစ်ရပ်သည်။ ၁၉၉၆ ခုနှစ် ခွန်ဆာလက်နက်ချချိန် စဝ်ရွက်ဆစ်တို့မှ လက်နက်ချခြင်းကို လက်မခံဘဲ SURA/SSA ​တောင်ပိုင်းအမည်ဖြင့် ဆက်လက် တိုက်ပွဲဝင်သည်။ ၂၀၀၅ ခုနှစ်တွင် SSNA နှင့် SURA/SSA တောင်ပိုင်းတို့ ပူးပေါင်းပြီး RCSS/SSA ကို ဖွဲ့စည်းခဲ့သည်။ RCSS သည် ၂၀၁၀/၁၂တွင် အပစ်ရပ်လက်မှတ်ထိုးပြီး ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးသည်။ ရှမ်းအမျိုးသားနိုင်ငံရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့တခုအနေနှင့် ဆက်လက်ပါဝင်လျက်ရှိသည်။

သို့ဖြစ်ရာ ယနေ့ ရှမ်းပြည်အမျိုးသားနိုင်ငံရေးတွင် ထိပ်တိုက်ရင်ဆိုင်နေသော ရှမ်းလက်နက် ကိုင်တပ်ဖွဲ့နှစ်ခုဖြစ်သော SSPP နှင့် RCSS သည် ၁၉၅၈ ခုနှစ် နွမ်စစ်ဟန်ပုန်ကန်မှုစပြီး မကြာခင် ၁၉၆၀/၆၁ တွင် ပေါ်ပေါက်လာသည့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSIA နှင့် SURA ဆိုသည့်အခြေခံပေါ်မှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်ဟုသုံးသပ်ရပေသည်။

ထည့်သွင်းစဉ်းစားရမည့်အချက်များ

    ထို့ပြင် ရှမ်းပြည်နယ်နှင့်ပတ်သက်လျင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုထဲကိုသာ ထည့်သွင်းစဉ်းစား၍မရနိုင်ပါ။ ရှမ်းပြည်နယ်သည် ၆၀,၁၅၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ဧရိယာအားဖြင့် အကြီးဆုံးလည်းဖြစ်သည်။ အကြမ်းအားဖြင့် တြိဂံပုံသဏ္ဌာန်ရှိပြီး ရှမ်းပြည်အရှေ့ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်း ဟူ၍ ခွဲခြားပြောဆိုလေ့ရှိကြသည်။ ရှမ်းပြည်နယ်တွင် ကိုယ်အုပ်ချုပ်ရေးဒေသ ၅ ခုအပါ ရှမ်းအရှေ့တွင် ခရိုင် ၃ ခု၊ ရှမ်းမြောက်တွင် ခရိုင် ၇ ခရိုင်၊ ရှမ်းတောင်တွင် ခရိုင် ၃ ခု စုစုပေါင်း ခရိုင် ၁၃ ခု၊  မြို့နယ် ၅၅ ခုရှိသည်။ ၂၀၁၄ သန်း ခေါင်စာရင်းအရ လူဦးရေ ၅ သန်း ၈ သိန်းကျော်ရှိသည်။

      ရှမ်းပြည်နယ်တွင် ဘာသာစကား၊ ယဉ်ကျေးမှု မတူညီသည့်အခြားတိုင်းရင်းသားလူမျိုးများလည်းရှိသည်။ လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသပေးထားသော လူမျိုးများမှာ တအာင်း ပလောင်၊ ကိုးကန့်၊ ဝ ၊ ပအိုဝ်း၊ ဓနု တို့ဖြစ်သည်။ ထို့ပြင် ရှမ်းမြောက်တွင် ကချင်၊ ရှမ်းအရှေ့တွင် လားဟူ ၊ အာခါ တို့သည် လူဦးရေတသိန်းထက်ရှိပြီး တိုင်းရင်းသားရေးရာဝန်ကြီးပေးရသောလူမျိုးများဖြစ်သည်။ ထို့ပြင် တအာင်း ပလောင်၊ ဝ နှင့်ပအိုဝ်းတို့သည် ပြည်နယ်တောင်းဆိုမှုများရှိကြသည်။

     ထို့ပြင် ရှမ်းပြည်တွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုသာမက အခြား တိုင်းရင်းသားလူမျိုးလက် နက်ကိုင်တပ်ဖွဲ့များလည်းရှိနေသည်။ ရှမ်းမြောက်တွင် KIA (ကချင်) တောင်ပိုင်းတိုင်း၊ TNLA ( တအာင်း) တပ်ဖွဲ့၊MNDAA ( ကိုးကန့်) တပ်ဖွဲ့ ၊ UWSA ( ဝ ) တပ်ဖွဲ့  ၊ ရှမ်းအရှေ့တွင် NDAA ( ရှမ်း၊ အာခါ ) တပ်ဖွဲ့နှင့် UWSA ( ဝ ) တပ်ဖွဲ့တို့ရှိသည်။ ထိုတပ်ဖွဲ့များသည် အင်အားအတော်အတန် တောင့်တောင့်တင်းတင်း ရှိကြသည်။သို့ဖြစ်ရာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခု ပြသနာကို စဉ်းစားရာတွင် ထိုအချက်အလက်များကိုပါ ထည့်သွင်းသုံးသပ်ရန်လိုသည်။

မောင်မောင်စိုး

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၇၊ ၂၀၂၁