• Today is: Friday, March 29, 2024

Zomi Revolutionary Army (ZRA)၏လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း Chinland Joint Defense Committee (CJDC) ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာလ ၁၁၊ ၂၀၂၁ 
မဏိပူးရ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ၌ အခြေစိုက်သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zomi Revolutionary Army (ZRA) မှ ချင်းပြည်အတွင်းတွင် အခြေစိုက်သော PDF-Zoland ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် Pu Cin Sian Sum (အသက် ၃၈ နှစ်) အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မနက်အစောပိုင်းတွင် လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ရသည်။ 
Pu Cin Sian Sum သည် မင်းအောင်လှိုင် ဦးစီးဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီမှ မတရား အာဏာသိမ်းသည့်အချိန်မှစ၍ PDF-Zoland တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် တော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ၎င်း၏ အသက်ပေးဆပ်ရခြင်းအပေါ် Chinland Joint Defense Committee (CJDC) အနေဖြင့် ကျန်ရစ်သူ မိသားစုများ နှင့်ထပ်တူ ဝမ်းနည်းကြေကွဲမိကြောင်း ပြောဆိုထားသည်။ 
ZRA သည် စစ်အာဏာရှင် တော်လှန်ရေးတွင် မပါဝင်သည့်အပြင် ချင်းပြည်အတွင်း မြို့နယ်/ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များအား အကြိမ်ကြိမ်နှောင့်ယှက် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် မိမိအမျိုးသားများအပေါ် အာဏာရှင်ကဲ့သို့ လူသားမဆန်စွာ သတ်ဖြတ်ခြင်း၊ နှောက်ယှက်ခြင်း လုပ်ရပ်များအား CJDC မှ အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း ဆိုသည်။
CJDC အနေဖြင့် စစ်အာဏာရှင်စနစ်နှင့်ပူးပေါင်းသော မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မဆို အမြစ်ပြတ်တိုက်ထုတ်သွားမည် ဖြစ်ကြောင်း သတိပေး ထုတ်ပြန်
ထားသည်။