• Today is: Friday, April 19, 2024

AA ရက္ခိတလမ်းစဉ်အတိုင်း မှန်မှန်ရပ်တည်နေ

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၁၄၊ ၂၀၂၁
မြန်မာပြည်သူအားလုံးရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို လေးစားတန်ဖိုးထားပေမယ့် AA အနေနဲ့ မူလရပ်တည်ချက်အတိုင်း ရခိုင် ရက္ခိတလမ်းစဉ်အတိုင်း ရပ်တည်သွားမှာဖြစ်တယ်လို့ AA တာဝန်ရှိသူတွေကပြောပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ ဒီမိုကရေစီအင်အားစုတွေဘက်က တိုင်းရင်းသားအဖွဲ့အစည်းတွေကို တိုက်တွန်းနေချိန်မှာ အခုလို တုံ့ပြန်ချက်ထွက်ပေါ်လာတာပါ။
NUG အစိုးရရဲ့ ယာယီသမ္မတကြီးက စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ရခိုင့်လက်နက်ကိုင် AA အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ကမ်းလှမ်း ပြောဆိုထားပေမယ့် AA ဘက်ကတော့ နဂိုကတည်းက ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်း ရပ်တည် သွားမယ်လို့ တုံ့ပြန်ပြောဆိုတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတကြီး ဒူဝါလရှီးလရဲ့ နှစ် ၄၀ ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ရခိုင်လက်နက် ကိုင် AA အဖွဲ့နဲ့ သမ္မတကြီးတို့ကြား အပြန်အလှန် သဝဏ်လွှာပေးပို့ခဲ့ကြတာပါ။
NUG အစိုးရ ယာယီသမ္မတကြီးရဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဆီကို ကျေးဇူးတင် ကြောင်းပြန်ပေးပို့တဲ့သဝဏ်လွှာထဲမှာ အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရရှိရေးနဲ့ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းတရပ် ပေါ်ထွက်လာဖို့ အတွက် အာဏာရှင်တော်လှန်ရေးမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်လိုကြောင်း ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတကြီး ဒူဝါလရှီးလရဲ့ နှစ် ၄၀ ပြည့် မင်္ဂလာ နှစ်ပတ်လည်နေ့မှာ AA ဘက်ကပေးပို့တဲ့သဝဏ်လွှာဟာ လူမှုရေးသဘောဖြစ်ပါတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“ဒီသဝဏ်လွှာကတော့ လူမှုရေးအရ ပေးပို့တဲ့ သဝဏ်လွှာဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကချင်ပြည်နယ်မှာ နှစ်ပေါင်းတဆယ်ကျော် လုပ်ကိုင် ရပ်တည်လာကြတာဆိုတော့လူမှုရေးအရ တခြားကဏ္ဍတွေမှာ အများကြီး ရင်းနှီးမှုတွေ၊ ပါဝင် ပတ် သက်မှုတွေ သူ့ဟာနဲ့သူ ရှိကြတာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့ ပေးပို့တာဖြစ်ပါတယ်။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။”
မြန်မာလူထုရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို လေးစားတန်ဖိုးထားပေမယ့် AA အနေနဲ့ ရက္ခိတလမ်းစဉ်အတိုင်း ရပ်တည်သွားမယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။
“NUGနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့ နဂိုအတိုင်းပါပဲဗျာ။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ ရက္ခိတလမ်းစဉ်အတိုင်း မှန်မှန်ရပ်တည်တယ်။ တပြိုင်တည်းမှာပဲမြန်မာပြည်သူတွေရဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေကိုလည်းပဲ ကျနော်တို့ အမြဲတမ်း လေးစား တန်ဖိုးထားပါတယ်။ အားလုံးကို တရားနည်းလမ်းကျကျ ဖြစ်စေချင်တဲ့ စေတနာသာ ရှိပါတယ် ခင်မျာ။”
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီကြား နိုင်ငံနေရာအတော်များများမှာ အပြန်အလှန်တိုက် ပွဲတွေရှိနေပေမယ့် ရခိုင်ဒေသမှာတော့ အတော်လေး ငြိမ်ငြိမ်သက်သက်ရှိနေတာပါ။ ဒီမတိုင်ခင်နှစ်တွေတုန်းကတော့ ရခိုင်ဒေသမှာ AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေကြီးမားပြင်းထန်ခဲ့ပြီး အဲဒီနောက် နှစ်ဘက် အပစ်အခတ်ရပ်စဲရေးယူထားတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုဝင်ဘာလအစောပိုင်းတုန်းကတော့ မောင်တောဘက်မှာ AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲငယ်တချို့ရှိခဲ့ပါသေးတယ်။ လက်ရှိမှာလည်း စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်အတွင်း တပ်နေ ရာ တိုးချဲ့လာတာကြောင့် စစ်ကောင်စီနဲ့ AA ကြား စစ်ရေးတင်းမာနေသလို အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တယ်လို့လည်း AA အဖွဲ့ဘက်က ပြောဆိုထားပါတယ်။
Source – VOA