• Today is: Friday, April 19, 2024

ဒီမိုး ဒီလေ ဒီပြည်သူများ နှင့် မည်သို့ ရှေ့ဆက်ကြဦးမည်နည်း

ဒီမိုး ဒီလေ ဒီပြည်သူများ နှင့် မည်သို့ ရှေ့ဆက်ကြဦးမည်နည်း

**********************

ပြည်သူများဖက်မှ မင်းအောင်လှိုင် နှင့် အဖွဲ့အား ဖြုတ်မချနိုင်သေးသော်လည်း ၎င်းတို့ အဖို့ တိုင်းပြည်ကို ယခင် စစ်အာဏာရှင် အဆက်ဆက်မှ ကဲ့သို့ ဆန့်ကျင်မှု အနည်းဆုံးဖြင့် အုပ်ချုပ်ပြီး ထင်တိုင်းလုပ်၊ လက်အောက်ခံ ဗိုလ်ချုပ်များ၏ ကိုယ်ကျိုးရှာ ကြီးပွား နိုင်မည့် အခွင့်အလမ်းများ ရှာပေး ပုံစံမျိုး မည်သို့မျှ လုပ်၍ မရဘဲ စိတ်ဓါတ်ရေးရာ အရ အရေးနိမ့်နေပြီ ဖြစ်သည်။

လက်နက်အားကိုးဖြင့်သာ ဆက်လက်ထိန်းချုပ်ထားနိုင်ပြီး ၎င်းတို့ ဖြစ်လိုသည့် အစိုးရတရပ်၏ ရှိသင့် ရှိထိုက် သော ဂုဏ်အင်္ဂါရပ်များမှာ အားလုံး ဆုံးရှုံးကွယ်ပျောက်သွားခဲ့ရသည်။

ရှုံးမဲ မဲကာ မည်သည့်ပုံစံနှင့် နေသွားရ နေသွားရ အရေးမကြီးတော့ဟု စိတ်ဒုန်းဒုန်းချထားပုံရသည်။ ထို့ကြောင့် ၎င်းတို့အား ဆန့်ကျင်နေသူ မှန်သမျှ ကို လိုက်လံ သတ်ဖြတ် ဖမ်းဆီးနေသည့် ကျော်မကောင်း ကြားမကောင်း လုပ်ရပ်များကို လက်ပိုက်ကြည့်နေကြခြင်းဖြစ်သည်။

အလွတ်တန်း သတင်းထောက် ကိုစိုးနိုင် ဆိုသူပင် “အသံတိတ် သပိတ်” တွင် မြို့တော် လမ်းမများ အပေါ် ဓါတ်ပုံမှတ်တမ်းများ လိုက်လံရိုက်ခဲ့ယုံ သက်သက်ဖြင့် အသတ်ခံခဲ့ရပြီ ဖြစ်သည်။ (ပုံတွင် ကိုစိုးနိုင် အသက်ပေးပြီး ရိုက်ကူးသွားခဲ့သော သတင်းဓါတ်ပုံကို ဗီအိုအေ က ဖေါ်ပြထားခဲ့သည်)

အစိုးရ ပုံစံ ဆက်လက် အုပ်ချုပ်သွားရန် ရည်ရွယ်နေသည်ဆိုက ထိုကဲ့သို့ လုပ်ရပ်မျိုး ကို တားဆီးရမည် ဖြစ်သည်။ သို့သော် ယခု အခြေ အနေက ထိုသို့ တားဆီးရန် အခွင့်အရေး မပေးတော့၊ ဗိုလ်နေဝင်း မိန့်ခွန်း ထဲကလို “ဓါး ဓါးချင်း လှံ လှံချင်း” ဟု ခံယူလာခဲ့သည်။ (သမဂ္ဂ အဆောက်အအုံ ဗုံးခွဲသည့် ကိစ္စတွင် ဗိုလ်အောင်ကြီးအား လွှဲချသည့် မိန့်ခွန်းမှာ ပြောခဲ့ခြင်း ဖြစ်သည်)။

ဓါး ဓါးချင်း လှံလှံချင်းက ကိုယ်တယောက်တည်း ရင်ဆိုင်နေရသည်မျိုး မဟုတ်တော့၊ ကိုယ့်မိသားစုများ နှင့် ထောက်ခံသူများပါ တတွဲကြီး နှင့် ရှေ့တန်းထွက်လာရခြင်းမျိုး ဖြစ်နေသည်။ ထို့အတွက် အားလုံး အဆင်ပြေ နိုင်မည့် နည်းလမ်းမျိုးကို စဉ်းစားသင့်နေပြီ ဖြစ်သည်။ ယခုပင် လှည်းကူး မြို့စွန်ရှိ ယခင် မွန်ဘုရင် တည်ထား ကိုးကွယ်ခဲ့သည့် မထင်မရှား စေတီဟောင်းကြီး တဆူ ဖြစ်သော ကျိုက်ဒေးဝိ စေတီတော်တွင် မိသားစု အစုံ အလင် ဖြင့် စိန်ဖူးတော် တင်ရန် ကြိုးပမ်းလာခြင်းက သက်သေခံနေပြီ ဖြစ်သည်။ မိမိ လုပ်ရပ်ကို မိမိ သုံးသပ် ခြင်း မရှိ၊ ဆက်လက် အုပ်ချုပ်နိုင်ရေး အတွက် လူသိရှင်ကြား ယတြာ ချေလာခြင်းက နိုင်ငံခြား သံရုံး များ အပါအဝင် ကြားရသူ အပေါင်း အတွက် အကောင်းဆုံး ပျက်လုံးကြီး ဖြစ်နေရုံမက မိမိ၏ ဉာဏ်ပညာ မည်မျှ အထိ ခေါင်းပါးနေကြောင်း ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ယခုပင် ဘီဘီစီ သတင်းဌာနကြီးက လူ လေးဆယ် ခန့် ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကြီးအား မျက်မြင်သက်သေ များ နှင့် အသက်မသေဘဲ ကျန်ခဲ့သူများ၏ ထွက်ဆိုချက်များ အပေါ် မူတည်ကာ ကမ္ဘာသိ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

အဓိက အားဖြင့် ဇူလိုင်လ အတွင်း ကနီ မြို့နယ် ရင် ကျေးရွာတွင် လူဆယ့်လေးဦးခန့်အား ရိုက်နှက် သတ်ဖြတ် ပြီး ချောက်ထဲသို့ တွန်းချ ခဲ့မှု ဖြစ်သည်။ အနီးအနားရှိ ဇီးပင်ကွင်း ရွာတွင်လည်း အလားတူ ကလေးငယ် တဦး နှင့် မစွမ်းမသန် တဦး အပါအဝင် နောက်ထပ် ရွာသား ၁၂ ယောက်ကို သတ်ဖြတ်ခဲ့ကြပြန်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဘီဘီစီ၏ မေးမြန်းလာမှုကို ဇော်မင်းထွန်းက ယခင်ကလို လိမ်ညာပြောဆိုခြင်းမျိုးပင် မပြုနိုင်တော့ ဘဲ ဖြစ်နိုင်ခြေ ရှိကြောင်းနှင့်  မိမိတို့အား ရန်သူ လို ဆက်ဆံလာကြသည့်အတွက် မိမိတို့မှလည်း ကိုယ့်ကိုယ် ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ရှိသည်ဟု ဗြောင်ကျကျ ပင် ပြောဆိုလာခဲ့လေသည်။

ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ လည်း ထိုင်းနိုင်ငံ အတွင်း ထွက်ပြေး ခိုလှုံလာသော လူ ၃,၅၀၀ ခန့်အား အကူအညီများ ပေးနိုင်‌ရေး အတွက် ဝင်ရောက်ခွင့်ပြုရန် ထိုင်း အာဏာပိုင်များအား တောင်းဆို လာပြီ ဖြစ်သည်။

ယခုအခါ စစ်တပ်သည် ယခင်က ကဲ့သို့ ကေအင်ယူ စခန်းများကို တိုက်ခိုက်ခြင်းမျိုး မဟုတ်တော့ဘဲ ၎င်းတို့အား ဆန့်ကျင်နေသူများ ခိုလှုံနေသည်ဟု ယူဆထားသော မြို့များ ရွာများကို ပစ်ခတ်တိုက်ခိုက်လာခြင်း ပင် ဖြစ်သည်။

ထိုအရေးကို ဇော်မင်းထွန်းက မိမိတို့ ကေအင်ယူ နှင့် ဆွေးနွေးပြီး အခြေအနေများကို ထိန်းချုပ်နိုင်ရန် ကြိုးစား နေသည်ဟု ပြောလာသည်။ ဆိုလိုသည်မှာ the ball is now in your court ကဲ့သို့ ၎င်းတို့ကို ဆန့်ကျင်နေသူများ ကို ဆက်လက် လက်ခံထားခြင်း မပြုရန် စစ်ရေး အရ ဖိအားပေးပြီး အပေါ်စီးမှ အနိုင်ကျင့် ဆွေးနွေး လာခြင်း မျိုး လုပ်လိုဟန် ရှိနေသည်။

လက်ရှိတွင် စစ်အာဏာသိမ်း အဖွဲ့သည် မြို့ပြ တွင် တော်လှန်ရေး ဆင်နွှဲနေသူများကို ပိုက်စိတ်တိုက် ဖမ်းဆီးပြီး နယ်စပ်ဒေသများသို့  ပြန်လည် တွန်းလွှတ်ရန် အပူတပြင်း စိုင်းပြင်းလာနေပြီ ဖြစ်သည်။ တော်လှန်ရေးကြီး အောင်မြင် နိုင်ရေးသည် ၎င်းတို့ အား နိုင်ငံတွင်း နယ်ပယ် အသီးသီး မှ သိုသိုသိပ်သိပ်နှင့် ဖိအားပေးထားနိုင်မှသာ ဖြစ်ပေမည်။

နိုင်ငံတကာရှိ အဖွဲ့အစည်းများ၏ အပြင်းအထန် ဆန့်ကျင်လာမှုများလည်း မြင့်တက်လာနေသည်။ တိုတယ် ရေနံကုမ္ပဏီကြီး၏ ရှယ်ယာ အစုစပ်ပိုင်ရှင် Coastal Capital မှ စစ်အာဏာသိမ်း အဖွဲ့အား အထောက်အပံ့ပေးနေသော လုပ်ငန်းများ ရပ်ဆိုင်းရန် တောင်းဆိုလာသည်၊ ရပ်ဆိုင်းခြင်း မရှိက တိုတယ် ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဘုတ် အဖွဲ့အား ဖယ်ရှားရန် ဦးဆောင် လှုပ်ရှားသွားမည်ဟု ပြောခဲ့ပြန်သည်။

အလားတူ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်‌ရေး အဖွဲ့ HRW မှလည်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန ၏ မြန်မာ စစ်တပ် အရာရှိ များကို ခေါ်ယူလေ့ကျင့်ပေးနေသည့် သင်တန်းကို ရပ်ဆိုင်းသင့်ပြီဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ မြန်မာပြည်သူများကို သတ်ဖြတ်နေသည့် စစ်တပ်မှ ကဒက်များ အား ဂျပန်မှ ခေါ်ယူပြီး စစ်သင်တန်း များ ပေးနေသည်ကို မိမိတို့ ဦးနှောက် ခြောက် မတတ် စဉ်းစားနေရသည်ဟု လည်း ဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံ အပေါ် ဝေါ်ကီတော်ကီများ တရားမဝင် ပိုင်ဆိုင်မှု နှင့် စွပ်စွဲထားသော အမှုအတွက် စီရင် ချက်ချရန် တရားသူကြီးဟု ဆိုသူက အကြောင်းတစုံတရာ မပြဘဲ ဒီဇင်ဘာ ၂၇ သို့ ရွေ့ဆိုင်းလိုက်သည်ဟု လည်း သိရသည်။

ပုံစာ – ကရင်နီ စစ်ဘေးရှောင် ကလေးငယ်များ မြင်တွေ့နေရစဉ်။ (CJ)

Hla Soewai (လှစိုးဝေ)

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၂၊ ၂၀၂၁