• Today is: Sunday, February 25, 2024

ဒီမိုကရေစီနဲ့ဖက်ဒရယ် တစ်ပေါင်းတည်းလမ်း

ဒီမိုကရေစီနဲ့ဖက်ဒရယ် တစ်ပေါင်းတည်းလမ်း

——————————————————

အတိအကျပြောရမယ်ဆို လွန်ခဲ့တဲ့ နှစ် ၃၀ က ဖြစ်တယ်။ ကျနော် ၁၆နှစ်ပြည့်တဲ့ အချိန်မှာ မလောက်လေး မ လောက်စားအရွယ်လေးနဲ့ ခေတ်ကို အာခံချင်နေသူအဖြစ် အာဏာရှင်တို့ရဲ့ အချုပ်ခန်းထဲ ရောက်ရှိ လို့ နေပါ တယ်။ အချုပ်ခန်းထဲနေလိုက်၊ စစ်ကြောရေးစခန်းရောက်လိုက်၊ ၁၆ နှစ်သား အရွယ်ချာတိတ်လေးတွေကို ဘယ်လို နှလုံးသားနဲ့များ အငြိုးတကြီး ရိုက်နှက်နေသလဲလို့ ကျနော် မတွေးတတ်အောင်ဖြစ်ခဲ့တယ်။

ပူလိုက်တဲ့ဧပြီနေပြင်းထဲ နင်လားငါလားတိုးဝှေ့အိပ်ရတဲ့ အချုပ်ခန်းကျဉ်းကျဉ်းထဲ ရက်၂၀ကျော်ကြာ ရေမချိုးရဘဲ ဒုက္ခခံရပြီးနောက် ထောင်ထဲကိုပို့လိုက်တော့ သိပ်ကိုပျော်ခဲ့တယ်။ထောင်ဆိုတာ တကယ့်ကို ကျယ်ကျယ် ဝန်းဝန်းကြီးနဲ့မို့ လေကောင်းလေသန့်တွေရှူလို့ တကယ့်ကိုပျော်ခဲ့ရတယ်။ပြီးတော့ ကိုယ်တွေ နိုင်ငံရေး အကျဉ်းသား သီးသန့် အဆောင်ကကျယ်ကျယ် လူနည်းနည်းနဲ့မို့ ပျော်ရပြန်ပါတယ်။ထောင်ဝင်စာမရှိလို့ ထောင် ထမင်း ထောင်ဟင်းကိုသာအားပြုစားရတာကလွဲ လူငယ်ဆိုတော့ ပျော်ရတာပါပဲ။

ကိုယ်က ဘာဆိုဘာမှမစဉ်းစား၊ပျော်သလိုနေ၊နေတဲ့အချိန် အပြင်မှာတော့ ကျနော့်မိဘတွေ ခေါင်းမီး တောက်နေခဲ့ တယ်။သားဖြစ်သူက သူတို့တစ်ခါမှမတွေးခဲ့ဖူးတဲ့ထောင်ထဲကိုရောက်နေလို့ သောကရောက်ရ။အဲဒီ သောကထက် ပိုဆိုးတာက ကျနော်တို့အိမ်ထောင်ဦးစီးအဖေ အလုပ်ပြုတ်ရင် မိသားစု ဘယ်လိုရပ်တည်ကြမလဲ ဆိုတာပါပဲ။

အဖေက ကာကွယ်ရေးဝန်ကြီးဌာနက အရပ်သားဝန်ထမ်း။ကျနော် စစ်ကြောရေးပြီးလို့မကြာမီ အဖေ့ရုံး ညွှန်ချုပ်ရဲ့ စားပွဲပေါ် ထောက်လှမ်းရေးက ပို့လိုက်တဲ့ ကျနော့်ဇာတ်ထုပ်တွေက ရောက်ပြီ။ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းရဲ့သားက  စစ်တပ်ကို ပြန်တော်လှန်ရဲလောက်အောင် ဆိုဆုံးမခြင်းကင်းလှချည်လားဆိုပြီး အဖေ့ကို မေးခွန်း ထုတ်လိုက်တဲ့စာဆို ပိုမှန်ပါမယ်။သူတို့ရုံးအခေါ်ဆို သားထောင်ထဲရောက်သွားတဲ့ကိစ္စ ဘယ်လိုရှင်း မလဲလို့ ထုချေလွှာတင်၊မရှင်းတတ်ရင်ဖြုတ်။

ရုံးတွေရဲ့သဘာဝအတိုင်း ထုချေလွှာပင်မစောင့်ဘဲ တန်းဖြုတ်ချင်နေသူတွေကလည်း အဆင်သင့်။ အဖေခမျာ ခေါင်းမဖော်ဝံ့တဲ့ဘဝ။ညွှန် ချုပ်ကတော့ အဖေ့ဆရာမို့ တော်တော့တယ်။ညွှန်ချုပ်က အဖေ့ကို နှစ်ယောက် တည်းခေါ်တွေ့တယ်။လုပ်စရာတစ်နည်းသာရှိတော့တယ်။’ခင်ဗျားသားကို သားအဖြစ်ကနေစွန့်လွှတ်ကြောင်း သတင်းစာထဲ ကြော်ငြာမှ ကျနော်ခင်ဗျားအလုပ်မပြုတ်အောင်ကယ်နိုင်မယ်’တဲ့။

အဖေ ခေါင်းငိုက်စိုက်လို့ ပြန်လာတယ်။အိမ်ရောက်တော့ ဘယ်လိုလုပ်ကြမလဲ အမေနဲ့တိုင်ပင်တယ်။ ကိုယ့် သားသမီး တစ်ယောက်ကို အလွတ်ကြီး သားအဖြစ်ကနေစွန့်လွှတ်ဖို့ဆိုတာ မိဘတွေအတွက် လွယ်တဲ့ကိစ္စ မှမဟုတ်ဘဲ။နောက်ဆုံး ဆုံးဖြတ်ချက်မချနိုင်တော့ ဆွေမျိုးစုအကြီးအကဲတွေဆီ သွားတိုင်ပင်ရ။အလုပ်မထွက်နိုင် တဲ့ဘဝပေးနဲ့ အားလုံးရဲ့တိုက်တွန်းမှုတွေအရ မျက်စိစုံမှိတ်လို့ ကိုယ့်သားသမီးကိုယ် စွန့်လွှတ်ကြောင်းကြေညာ လိုက်ရတယ်။ဘယ်မိဘမှ မလုပ်ချင်ဆုံးအလုပ်ကို ကြိတ်မှိတ်လုပ်ရတဲ့အဖြစ်။

ကျနော်နဲ့အတူအဖမ်းခံရတဲ့ အမှုတွဲသူငယ်ချင်းရဲ့အမေကလည်း ပြည်ထဲရေးဝန်ကြီးဌာနအောက်က အ ရပ်သား ဝန်ထမ်းမို့ သူလည်း သားသမီးကို ဆိုဆုံးမမှုမရှိဘူးဆိုတဲ့ပြစ်ချက်နဲ့ ဌာနတွင်းပြဿနာတက်ပါတယ်။သူ့ ရဲ့ အထက်အရာရှိကြီးက ဖေးမမှုမရှိတော့ ပင်စင်ပေးခံလိုက်ရပါတယ်။ယောကျာ်းက ကွယ်လွန်သွားတာကြာ၊ သူ့လုပ်ခလစာ တစ်ခုတည်းနဲ့သာ မိသားစုဝမ်းရေးကို ဖြေရှင်းနေရသလို တစ်သက်လုံးဝန်ထမ်းဘဝနဲ့သာအရိုး ထုတ်ခဲ့သူမှာ မဖြစ်မနေအံကြိတ်ရုန်းခဲ့ရ။စစ်အစိုးရကာလ စုတ်ပြတ်သတ်ခဲ့တဲ့ဘဝပေါင်းများစွာက အစိတ်အပိုင်း တစ်ခုပါပဲ။        

ကျနော်ထောင်ကနေလွတ်လာတော့ အဖေ့အလုပ်ထိခိုက်မှာစိုးလို့ အတူမနေရဲကြပါဘူး။ကိုယ့်မိဘအိမ်ကို ပေါ်ပေါ်ထင်ထင်ဝင်ထွက်သွားလာခွင့်မရပါဘူး။အမွေဖြတ်ထားတဲ့ ထောင်ထွက်သားနဲ့ အတူနေနေပြီဆိုတာမျိုး တစ်ယောက်ယောက်က ချွန်လိုက်ရင် ကျနော်တို့ထမင်းအိုးလေးကွဲသွားမှာ စိုးခဲ့ရပါတယ်။မိဘတွေက တော်လှန် ပုန်ကန်တာတွေ ဆက်မလုပ်ဖို့ တားတိုင်း ကျနော်ခေါင်းညိတ်လေ့ရှိပြီး ထင်ရာစိုင်းခဲ့တယ်။

(၂) အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်ရောက်တော့ ကျနော်သားနဲ့တူတွေက ၇တန်း၊၈တန်း၊၁၀တန်းအ ရွယ်တွေမို့ လက်ဖက်ရည်ဆိုင်လေးဘာလေးထိုင်ရင်း သူတို့မသိခဲ့တဲ့ ကျနော်တို့လူငယ်ဘဝအကြောင်းပြောပြဖြစ် တယ်။ကျနော့်ထောင်ထဲဖြတ်သန်းမှုအကြောင်း၊ထောင်ထဲရောက်တော့ သားအဖြစ်ကနေစွန့်လွှတ်ခံ ရတဲ့အ ကြောင်း၊ ပြီးတော့ ကျနော်တို့လူငယ်ဘဝ BBC ၊VOA အသံလွှင့်ရေဒီယိုကိုပင် အသံအကျယ်ကြီး နားမထောင်ရဲတဲ့ ဘဝတွေ အကြောင်း၊ အာဏာရှင်ပစ်သတ်လို့ကျဆုံးသွားတဲ့ရဲဘော်တွေအကြောင်း….။

ကျနော်တို့သားအဖ တူဝရီးတွေ တစ်နေရာရာမှာ သက်သောင့်သက်သာရှိတဲ့အခါတိုင်း ကျနော်ပြောပြ လေ့ရှိတယ်။ဘာ့ကြောင့်ပြောပြဖြစ်တာလဲဆိုတော့ အခုလို စစ်တစ်ပိုင်းဒီမိုကရေစီအခြေအနေမျိုးကို အသက်တွေ သွေးတွေ ဘဝများစွာတွေပေးပြီးမှ ရခဲ့တယ်ဆိုတာ ကျနော့်သားတွေတူတွေ နားလည်ထားစေလိုတာကြောင့်ပါ။ ပြောရရင် ရောက်နေတဲ့နေရာကို တန်ဖိုးထားတတ်ပြီး မပြီးသေးတဲ့ ဒီမိုကရေစီပန်းတိုင်ဆီ ဆက်လက်ချဲ့ထွင်လို စိတ်ရှိအောင်လည်း ရည်ရွယ်ပါတယ်။

ကျနော်တို့ငယ်ဘဝအကြောင်းပြောမိတဲ့အခါတိုင်း ကျနော့်သားတွေတူတွေက ကျနော်ပိုပြောနေတာလို့ ထင်တာတွေလည်းရှိပါတယ်။ဥပမာ-ဘီဘီစီကို ခိုးနားထောင်ရတယ်လို့ပြောရင် မယုံကြလို့ အိမ်ပြန်ရောက်တဲ့အ ခါ သူတို့အမေတွေ၊အဒေါ်တွေကို ပြန်မေးပြီး အတည်ပြုချက်တောင်းလေ့ရှိပါတယ်။ဘာ့ကြောင့်မယုံကြ တာလဲ  ဆိုတော့ သူတို့အသိရှိရှိဖြတ်သန်းရာဘဝ ဟာ တော်လှန်ခြင်းကင်းပြီး ဖိနှိပ်မှုတစ်စုံတစ်ရာရှိပေမဲ့ မပြင်း ထန်လို့ပါ ပဲ။ ဒါ့ကြောင့်ရေဒီယိုတောင် ခိုးနားထောင်ရတာ သူတို့အမြင်မှာ သိပ်ကိုအဓိပ္ပါယ်ကင်းမဲ့နေလို့ပါ။ပြီး တော့၊ညသန်း ခေါင်ယံ တံခါးခေါက်ပြီး ဧည့်စာရင်းစစ်တာတွေ၊ထောင်ထဲက ညှင်းပန်းနှိပ်စက်မှုတွေ။နောက်ဆုံး ဟန်းဖုန်းဆင်း ကတ် သိန်းသုံး၊လေးဆယ်ပေးရတာက လည်း သူတို့အတွက် ပါးစပ်အဟောင်းသားတွေချည်းပါပဲ။

ဒါပေမဲ့၊၂၀၂၁ရက်နေ့ ဖေဖော်ဝါရီ၁ရက်န့မှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းသွားပြီးနောက် ကျနော် သားနဲ့တူတွေဟာ အသိရှိရှိနဲ့ ခေတ်ကြီးကို တည့်တည့်ရင်ဆိုင်ရပါတော့တယ်။ကျနော့်တူဆိုရင် အခု ၁၇ နှစ်သား။ဆန္ဒပြပွဲတွေအားကောင်းနေတဲ့အချိန် လှည်းတန်းမှာ သူတို့လူငယ်တစ်စု စကတ်တွေဘာတွေနဲ့ မိန်းက လေးပုံစံဝတ်စားပြီး ဆန္ဒပြတော့ တော်လှန်ရေးဆိုတာ နောက်ပြောင်ရမယ့်ကိစ္စမဟုတ်ဘူးလို့ ကျနော်ဖုန်းဆက် ပြီးလှမ်းငေါက်မိပါတယ်။ ‘အဘ၊သားတို့ဒါနောက်ပြောင်တာမဟုတ်ဘူး’ဆိုပြီး သူတို့ရဲ့အဓိပ္ပါယ်ရှိမှုကို ဖွင့်ဆိုပြမှ ကျနော်နားလည်ရပါတယ်။

ဆနွဒပြလူငယ်တွေကို ဦးခေါင်းတည့်တည့်ရွေးချယ်ပစ်သတ်တဲ့အချိန်ကစလို့ ကျနော့်လူငယ်ဘဝ အာဏာရှင် တွေရဲ့ အပက်စက်ဆုံးရက်စက်မှုတွေထက် အခုအာဏာရှင်ဖြစ်ဖို့ကြံနေတဲ့ မင်းအောင်လှိုင်က ပိုပက်စက် မှန်း သူတို့ရောကျနော်ပါ သိလာရတယ်။

‘အဘတို့တုန်းက သန်းရွှေကို မင်းအောင်လှိုင်က ကျော်တက်သွားပြီ’လို့ ကျနော့်တူက ဆိုပါတယ်။

အမှန်တကယ်ကို ကျော်တက်သွားပါပြီ။ရှစ်လေးလုံးအရေးတော်ပုံကစပြီး ဆန္ဒပြလို့ ပစ်သတ်ခံရတဲ့စာ ရင်း အခိုင်အမာမရှိပေမဲ့ အခု၁၀၀၀ကျော်နေပြီဖြစ်တဲ့ကျဆုံးစာရင်းကို လိုက်မမီနိုင်ဘူးလို့ထင်ပါတယ်။တကယ်လို့ လိုက်မီခဲ့တာတောင် နေ့ချင်းပြီးရိုက်သတ်ခံရတာမျိုးက ကျနော်တို့လူငယ်ဘဝတုန်းက သိပ်မရှိဘူးလို့ ထင်ရပါ တယ်။

မသေမချင်းရိုက်သတ်ခံရတာနဲ့ပတ်သက်ပြီး နိုင်ငံတကာထိရောက်အောင် သတင်းကြီးခဲ့တာက ကဗျာဆ ရာ ခက်သီပါ။အကြမ်းဖက်စစ်တပ်ကဖမ်းသွားပြီး ၂၄နာရီမပြည့်ခင်မှာ ကျဆုံးခဲ့ရတာပါ။ကဗျာဆရာခက်သီကစလို့ ဆက်တိုက်ဆိုသလို ဖမ်းသွားပြီးတစ်ရက်၊နှစ်ရက်အကြာ အလောင်းလာပြန်ယူပါဆိုတဲ့ စစ်ကြောရေးစခန်းမှာ အ သတ်ခံရတဲ့ပြည်သူတွေ မနည်းတော့ပါဘူး။

အခုဆိုရင်လည်း နိုဝင်ဘာ၂၂ရက်နေ့ကဖမ်းသွားပြီး ၂၃ရက်နေ့မှာ ကျဆုံးသွားတဲ့ ဗိုလ်တထောင်မြို့နယ် က ၁၉နှစ်အရွယ် မောင်ဘုန်းမြင့်အောင်ရဲ့ဖြစ်ရပ်ဟာလည်း အကျယ်ပြန့်ဆုံးဖြစ်လာပါတယ်။သူ့ကိုလာဖမ်းတုန်း က စစ်ကားကြီး၃စီးနဲ့ လမ်းကိုပါပိတ်ဆို့ပြီး သူ့အဖေကိုပါ ဖမ်းသွားတာပါ။ပြီးတော့သူ့အဖေကိုည၁၂နာရီလောက် မှာပြန်လွှတ်ပြီး ၂၃ရက်နေ့မှာ သားအလောင်းလာပြန်ယူခိုင်းတာပါ။အခုမှ အရွယ်ရောက်ခါစ ၁၉နှစ်သားတစ် ယောက်ကို အစွမ်းကုန်လူမဆန်ခြင်းနည်းလမ်းစုံနဲ့ သတ်ဖြတ် ခဲ့တာပါ။

နိုဝင်ဘာ၂၀တုန်းကဆို စစ်အုပ်စုဝါဒဖြန့် သတင်းစာ ကြေးမုံနဲ့ မြန်မာ့အလင်းတို့မှာ သားအဖြစ်ကနေစွန့် လွှတ်ကြောင်းကြော်ငြာ တစ်ရက်တည်းနဲ့ အခု၃၀ဝန်းကျင်အထိ တွေ့ခဲ့ရပြန်တော့ ကိုယ့်ငယ်ဘဝ မိဘတွေမျက် ရည်ကျခဲ့တဲ့ ကြော်ငြာကိုသတိရမိတယ်။ကျနော်တို့တုန်းက နိုင်ငံရေးနဲ့ပတ်သက်မိလို့ သားအဖြစ်ကနေစွန့် ကြောင်းကြော်ငြာရတာ သိပ်နည်းလွန်းလှပေမဲ့ အခုခါမှာတော့ အုံနဲ့ကျင်းနဲ့ များလာတာ ကြည့်ခြင်းအားဖြင့် နိုင် ငံရေးနဲ့မဆိုင်တဲ့ မိသားစုတွေကိုမချန် ဘယ်လောက်ထိဒုက္ခပေးသလဲဆိုတာ ပေါ်လွင်နေပါတယ်။

ဒါပေမဲ့၊ဒီနေ့နွေဦးတော်လှန်ရေးဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့မတူစွာ အာဏာသိမ်းပြီး တစ်နှစ်ပြည့်တော့ မယ့်အချိန်ထိ မတရားအာဏာအသက်မဝင်သေးသလို နေ့စဉ်ခုခံတော်လှန်နေကြတဲ့ ပေါက်ကွဲမှုသံစဉ်တွေ မြို့ပြ တခွင် ပိုကျယ်ပြန့်နေခြင်းပါပဲ။ပြောရမယ်ဆိုရင် ကျနော်တို့တော်လှန်ရေးဟာ အောင်ပွဲဆီ လှမ်းမျှော်ကြည့်နိုင်တဲ့ အထိ အစစအရာရာမှာ အားသာချက်တွေ ရှိနေပါတယ်။

ပြီးတော့ ကျနော်တို့အားလုံးရဲ့ပုခုံးပေါ်ရှစ်လေးလုံးအရေးတော်ပုံတုန်းကနဲ့မတူဘဲ ကြီးလေးတဲ့တာ ဝန် ကြီး၂ခုကို တစ်ပြိုင်နက်ထမ်းနေရတာကလည်းရှိပါတယ်။အဲဒါက ဒီမိုကရေစီရေးရော ဖက်ဒရယ်အရေးကိုပါ အာ ဏာရှင်တွေကို မြေမြှပ်ပြီးနောက် တစ်ပြိုင်နက်ဖော်ဆောင်ကြဖို့ပါ။

ရှစ်လေးလုံးအရေးတော်ပုံကာလတုန်းက ဖက်ဒရယ်ဆိုတာ ကျနော်တို့ကြားခဲ့ဖူးရုံ။ ဒီမိုကရေစီရရှိပြီး နောက် ဖက်ဒရယ်ကို ဆက်သွားမယ်ဆိုတာလောက်ပါ။ ဒီနေ့နွေဦးသစ်မှာတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဟာ နှစ် ခုအပြိုင် တစ်ပေါင်းတစ်စည်းတည်း အရာပါ။ ဒီမိုကရေစီနဲ့ဖက်ဒရယ်ဟာ ဆန့်ကျင်ဘက်ဝိရောဓိမပါတဲ့ အတွက် ပေါင်းစည်း ခြင်းဟာ မခက်ဘူးလို့ထင်ရပေမဲ့ အားလုံးရဲ့သဘောထားကြီးမှုမပါဘဲ ပြည်ထောင်စု စိတ်ဓာတ်ကို အ ရင်းမတည်ဘဲ မရနိုင်ပါဘူး။

ကျနော်တို့အတွက်တာဝန်ပိုကြီးတယ်ဆိုပေမဲ့ ကျနော်တို့ ဖြစ်အောင်လုပ်နိုင်ရပါမယ်။
                                                                                  
မင်းကိုမင်း ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၃၊ ၂၀၂၁