• Today is: Tuesday, May 21, 2024

ကိုယ်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ဘယ်လောက်ရှိသလဲ

▄ ကိုယ်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ဘယ်လောက်ရှိသလဲ

ဒီဂရီအတိုင်းအတာအရ တွက်ဆရမယ့် အရာတွေ ရှိပါတယ်။ လက်ရှိ မြန်မာပြည်မှာ ကြုံနေတဲ့ ဖြစ်ရပ်တွေကို ခြုံပြီး ကြည့်နိုင်တယ်။ “ကျနော်တို့တတွေဟာ ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့် ဘယ်လောက်ရှိထားသလဲ၊ ဘယ်လောက်ရ ထားသလဲ” ဒီမေးခွန်းကို တွက်ဆဖို့ ဖြစ်တယ်။ ဒီမှာ ထည့်စဉ်းစားရမယ့် အချက် (၂) ချက်ရှိတယ်။ “ကျနော်တို့ရဲ့ ပြဋ္ဌာန်းပိုင်ခွင့်ကို ကန့်သတ်ထားတဲ့အရာတွေနဲ့ ကျနော်တို့ပြဋ္ဌာန်းပိုင်ခွင့်က မှီခိုထားတဲ့အရာတွေ”။

▄ ကန့်သတ်ထားတဲ့အရာတွေ

လောလောဆယ်အားဖြင့် အာဏာသိမ်းစစ်တပ်ဟာ ကျနော်တို့တတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ကို တိုက်ရိုက် ကန့်သတ်နေတဲ့သူ ဖြစ်တယ်။ ဒါဟာ ထင်ရှားတယ်။ နောက်တစ်ခုက နိုင်ငံတကာအသိုက်အဝန်း။ ဒီမှာ အနီးစပ်ဆုံး အရာ (၂) ချက် တွေ့ရတယ်။

နံပါတ်တစ်က တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီ။ မြန်မာပြည်အပေါ်မှာထားတဲ့ နိုင်ငံခြားရေးပေါ်လစီ။ ကျနော်တို့ ကြိုက်သော်ရှိ မကြိုက်သော်ရှိ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ကျနော်တို့ရဲ့ ကိုယ့်ကြမ္မာ ကိုယ်ပြဋ္ဌာန်းပိုင်ခွင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အမျိုးမျိုး ကန့်သတ်နေတာဟာ တရုတ်နိုင်ငံက မြန်မာနိုင်ငံပေါ်မှာ ထားတဲ့ နိုင်ငံရေးရေးမူဝါဒဖြစ်ပါတယ်။

ကျနော်တို့ တိုင်းပြည်ဟာ နိုင်ငံကြီးတွေနဲ့ နှိုင်းယှဉ်ရင် လူဦးရေအရရော၊ နယ်မြေအားဖြင့်ရော သေးငယ်လွန်းလှတယ်။ စစ်အစိုးရအဆက်ဆက် အထွေထွေ ချွတ်ခြုံကျမှုဒဏ်ကြောင့် ကျနော်တို့ လူ့အဖွဲ့အစည်းက မတောင့်တင်းဘူး၊ မခိုင်မာဘူး။ ငွေကြေးအားဖြင့်လည်း မွဲတယ်၊ အတတ်ပညာအားဖြင့်လည်း ချို့တဲ့တယ်။ ဒီတော့ ကျနော်တို့ ကြိုက်ကြိုက် မကြိုက်ကြိုက် စီးပွားရေးနဲ့ စစ်ရေး အင်အား ကြီးတဲ့ နိုင်ငံတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတာ အသေအချာပဲ။ မငြင်းနိုင်ဘူး။

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးရလဒ်ဟာ နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုကြားမှာ လွှမ်းမိုးခံနေရတယ်။ ဒါက ရာနှုန်း ပြည့်တော့ မဟုတ်ဘူး။ သို့သော် အစိတ်အပိုင်း ကြီးကြီး လွှမ်းမိုးပြုပြင်ခံနေရတယ်။ အဲသည်အထဲမှာ အာဆီယံနိုင်ငံ တွေက ကျနော်တို့နိုင်ငံရေးအပေါ်မှာ ရှုမြင်တဲ့သဘောထားကလည်း အဓိက သက်ဆိုင်နေတယ်။

အထူးသဖြင့်၊ စစ်အာဏာရှင်ကို အသက်ရှုပေါက် ချောင်အောင်၊ ဂယ်ပေါက်ရအောင် လုပ်ပေးနိုင်တာ အာဆီယံနဲ့ တရုတ်က အခရာပဲ လို့ ယူဆတယ်။

▄ မှီခိုထားတဲ့အရာတွေ

ကျနော်တို့ဟာ ကျနော်တို့ကြမ္မာ ကျနော်တို့ ဖန်တီးနိုင်ဖို့အတွက် မှီထားတဲ့ အရာတွေ ရှိတယ်။ တကယ်တော့ ကျနော်တို့ မှီထားတဲ့ အရာတွေက ကျနော်တို့ရဲ့ ပြဋ္ဌာန်းခွင့်ကို သေချာပေါက် အာမခံထားသလားဆိုတော့ မဟုတ်ဘူး။ အာမ မခံထားဘူး။ ဒါပေမယ့် သူတို့ကလည်း သူတို့ အကျိုးစီးပွားအရ ကျနော်တို့ကို အားပေးတာ၊ ထောက်ခံတာ။ သို့သော်လည်း ကျနော်တို့က ဒါကို လက်လွှတ်လို့ မဖြစ်ဘူး။ ဆုပ်ကိုင်ထားရမယ်။ လက်တွဲထားရမယ်။ နိုင်ငံတကာနိုင်ငံရေးမှာ အကျိုးစီးပွားကို တည်ပြီးစဉ်းစားကြတာ ထုံးစံပဲ။

လက်တွဲထားသည်ဆိုသော်လည်း၊ သူတို့အပေါ် အလုံးစုံ မှီခိုအားကိုးနေရမှာလားဆိုတော့လည်း မဟုတ်ဘူး။ လက်တွဲထားတာ တစ်ပိုင်း။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကြမ္မာ ကိုယ်ပြဋ္ဌာန်းခွင့် အပြည့်ရအောင် “တို့ဘာသာ တို့လုပ်ရမှာက တစ်ပိုင်း”။

▄ နောက်ဆုံးအဖြေ

နောက်ဆုံး အဖြေကတော့ ကျနော်တို့ အားလုံးအပေါ်မှာပဲ မူတည်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံတာ တွေ ရှိမယ်။ မထောက်ခံတာတွေ ရှိမယ်။ ထောက်ခံတာလိုလို မထောက်ခံတာလိုလိုနဲ့ လက်ရှောင်နေတာ၊ အသာ အကဲခတ်နေတာတွေ ရှိလိမ့်မယ်။ ဒါက သဘာဝပဲ။ အရင်ကလည်း အဲသည်လိုပဲ။ အခုလည်း အဲသည်လိုပဲ။

အဲသည်မှာ ကျနော်တို့သတိထားရမှာက “ရန်သူ မိတ်ဆွေ မသဲကွဲသေးဘဲနဲ့ ကျနော်တို့ဟာ ရန်သူ မမွေးမိဖို့ပဲ” လို့ ထင်တယ်။ တချို့ အရာတွေကတော့ သဲသဲကွဲကွဲ မြင်နေရပါပြီ။ သို့သော်လည်း “မတင်မကျအခြေအနေတွေ” ဆိုတာ ရှိနေသေး တယ်။ တချို့လည်း ရန်သူ မဟုတ် မိတ်ဆွေ မဟုတ်တွေ ရှိသေးတယ်။ အဲဒါကို ရန်သူအသစ် မမွေးမိဖို့ အရေးကြီးတယ်။

လက်ရှိလောလောဆယ်မှာ ကျနော်တို့ ကိုင်ဆွဲထားရမယ့်အရာက တတ်နိုင်သမျှ စိတ်ရှည်ရှည်ထားပြီးတော့ ပကတိ အရှိ တရားကို မြင်အောင်ကြည့်ဖို့ပဲလို့ ထင်တယ်။ အနောက်နိုင်ငံတွေအပေါ် ထောက်ခံမှုကို မျှော်လင့်ရမှာ ဖြစ်ပေမယ့်၊ သူတို့တတွေ ပေါ်လစီပြောင်းသွားလို့ “တို့တော်လှန်ရေး မအောင်မြင်ဘူး” ဆိုတာ မဖြစ်ရဘူး။ မဖြစ်သင့်ဘူး။

ကိုယ့်ကြမ္မာကို ကိုယ်ပြဋ္ဌာန်းပိုင်ခွင့်အတွက် တော်လှန်နေတဲ့သူတွေဟာ၊ ကိုယ့်ကြမ္မာဟာ ကိုယ့်လက်ထဲမှာ အပြည့်အဝ ရှိနေဖို့ ဦးတည်ချက်ထားရမှာ မဟုတ်ဘူးလား။ အမှီအခို လွန်ကဲစိတ်ဟာ နိုင်ငံကြီး တွေရဲ့ ကစားကွက်ထဲမှာ “တို့ကို မျောသွားစေလိမ့်မယ်”။ ဒါကို သတိထားပြီး၊ တို့တော်လှန်ရေးဟာ တို့အချင်းချင်း စုပေါင်းလုပ်ကြမှ ဖြစ်မယ်။ စုပေါင်းပြီး မလုပ်နိုင်ရင် မဖြစ်ဘူး။

▄ တို့အချင်းချင်း

တို့တိုင်းရင်းသားလူမျိုးစုတွေ အားလုံးက ဖက်ဒရယ်စနစ်ကို လိုလားကြတယ်။ ဖက်ဒရယ်ကို လိုချင်တာဟာ “ကိုယ့်ကြမ္မာကို ကိုယ်အပြည့်အဝပြဋ္ဌာန်းခွင့်” ရဖို့ တောင်းတတာပဲ။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုလိုနေတာ ရှိတယ်။ “ငါတို့တတွေဟာ ကိုယ့်ကြမ္မာ ကိုယ်ပြဋ္ဌာန်းခွင့်ကို လိုလားကြသော်လည်း” ကိုယ်ကိုယ်တိုင် ကိုယ့်ကြမ္မာ ကို သူများလက်ထဲ သွားထည့်ပေးနေတာတွေ ကြုံနေရတယ်။ ဒါဟာ သူတို့ အပြစ် မဟုတ်ဘူးနော်။ ငါတို့ အပြစ်။ ငါတို့ အပြစ်။ ကျနော်တို့ အပြစ်ပေါ့။

ကိုယ့်ကြမ္မာ ကိုယ်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်နေတဲ့၊ တိုက်ပွဲဝင်နေတဲ့သူတွေဟာ ကိုယ့်ကြမ္မာကို ကိုယ့်လက်ထဲ မှာ မထားဘဲနဲ့ သူများလက်ထဲ သွားအပ်နေတဲ့ ဖြစ်ရပ်တွေ ရှိတယ်။ ဒါ တို့တတွေရဲ့ အားနည်းချက်ပါပဲ။

တို့တတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းခွင့်ကို ကန့်သတ်နေတဲ့အရာတွေ အများကြီး ရှိလိမ့်မယ်။ ကိစ္စ မရှိဘူး။ ဒါကို ကျနော်တို့ ကျော်နိုင်လိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ ကျော်နိုင်ဖို့ ခက်ခဲတဲ့အရာတချို့ရှိတယ်။ အဲဒါကတော့ အမှီအခိုလွန်ကဲစိတ်ပဲ။

ကိုယ့်ကြမ္မာ ကိုယ်ပြဋ္ဌာန်းခွင့် အပြည့်အဝရဖို့ တိုက်ပွဲဝင်နေပါတယ်ဆိုမှ၊ ကိုယ့်ကြမ္မာကို သူများတကာ ဖန်တီးနိုင် အောင် သူများတကာလက်ထဲ ကိုယ့်ကြမ္မာကို ထိုးအပ်နေတဲ့စိတ်ဓာတ်တွေ ရှိတယ်။ တော်လှန်ရေးနှစ်ပရိစ္ဆေဒ အားဖြင့် ကြာညောင်းသော်လည်း တိုက်ပွဲရလဒ်သာရပြီး တော်လှန်ရေးရလဒ် မထွက်ခဲ့ခြင်းဟာ “ကိုယ့်ကြမ္မာကို သူများလက်ထဲ ထိုးအပ်ပြီး အမှီအခိုလွန်ကဲတဲ့စိတ်နဲ့ တော်လှန်ရေးလုပ်နေလို့” လို့ ယူဆမိတယ်။ တို့တတွေဟာ နိုင်ငံတကာအသိုင်းအဝန်းကို လက်တွဲထားရမှာ ဖြစ်ပေမယ့်၊ သူတို့အပေါ် အလွန်အကျွံ မှီခိုနေဖို့ မဟုတ်ဘူးလို့ ထင်တယ်။

အဲသည့်စိတ်တွေ များလာရင် တော်လှန်ရေးဟာ လုပ်စားပွဲကြီးဖြစ်သွားမယ်။

မင်းသေ့ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၂၃၊ ၂၀၂၁