• Today is: Thursday, February 29, 2024

သယံဇာတလက်ဝါးကြီးအုပ်မှု အဆုံးသတ်စေဖို့

သယံဇာတလက်ဝါးကြီးအုပ်မှု အဆုံးသတ်စေဖို့

မြန်မာနိုင်ငံဟာ သယံဇာတတွေကြွယ်ဝတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် တစ်ဖက်ကသယံဇာတကျိန်စာတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ သယံဇာတထုတ်ယူမှုမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းအောင်လုပ်ဆောင်ရမယ့် စံချိန်စံညွှန်းတွေကို လိုက်နာမှုမရှိကြပါဘူး။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပိုများလာသလို မြေစာပုံ ပြိုကျမှုတွေကြောင့် လူအသတ်သေဆုံးရမှုတွေလည်း ပိုများလာပါတယ်။

ကချင်ပြည်နယ်ဟာသယံဇာတကြွယ်ဝတဲ့ ပြည်နယ်တစ်ခုဖြစ်ပေမယ့် သယံဇာတကရရှိတဲ့အကျိုးအမြတ်တွေကို ဒေသခံ တိုင်းရင်းသားတွေခံစားခွင့် မရသလောက်ဖြစ်နေတာပါ။ အခုအချိန်ထိမြစ်ဆုံရေကာတာစီမံကိန်းဆက်လုပ်မယ်၊ မလုပ်ဘူး တိတိကျကျ မသိရပေမယ့် မြစ်ဆုံဒေသမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေဟာ တရားမဝင်ရွှေတူးဖော်သူတွေကြောင့် ပိုဖြစ်ပေါ် လာနေတာပါ။ မေခမြစ်နဲ့ မလိခမြစ်ဆုံတဲ့ မြစ်ဆုံဒေသဟာ ဧရာဝတီမြစ်အစပြုစီးဆင်းရာ ဒေသဖြစ်လို့ ကချင်ပြည်နယ်အတွက်သာ မက တစ်နိုင်ငံလုံးအတွက်ပါ အရေးပါပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာကချင်ပြည်နယ်မှာ အသေးစားရွှေလုပ်ကွက် (၂၀၀) ကျော်နဲ့ လက်လုပ်လက်စားရွှေလုပ် ကွက် (၂၀၀) ကျော်ကို ချပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်ပိုင်း တရားမ ဝင်ရွှေတူးဖော်မှုတွေဟာ မြစ်ဆုံဒေသမှာပါမက ရွှေကူ၊ မိုးညှင်း၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ မြစ်ကြီးနား၊ ဖားကန့်၊ တနိုင်း၊ ဝိုင်းမော် စတဲ့ မြို့နယ်တွေမှာပါ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒီလိုတူးဖော်ရာမှာလည်း တစ်ချို့နေရာတွေမှာ စက်ယန္တရားကြီးတွေ အသုံးပြုတူး ဖော်နေတဲ့အတွက် မြစ်တွေပိုမိုညစ်ညမ်းတာ၊ စည်းကမ်းမဲ့မြေစာစွန့်ပစ်မှုတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်နိုင်တာ၊ ရေအရင်း အမြစ်တွေ ထိခိုက်နိုင်တာတွေကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Kachinwaves သတင်းဌာနရဲ့ရေးသားချက်အရ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် “ဖုန်အိန်ယာန်” ကျေးရွာမှာ တရားမဝင်ရွှေတူးဖော်မှုတွေကြောင့် ဒေသခံတွေရဲ့ ကျေးရွာမြေဧရိယာတွေ ထိခိုက်လာနေပြီလို့ဆိုပါတယ်။ ဒေသခံတွေက စက်ယန္တရားကြီးတွေသုံးပြီး ရွှေတူးဖော်တာတွေရပ်တန့်ဖို့အတွက်လည်း နိုဝင်ဘာလထဲမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ တကယ်တော့ အခုလို တရားမဝင်ရွှေတူးဖော်မှုတွေရပ်တန့်အောင်လုပ်ဆောင်ဖို့လိုအပ်ရုံသာမက မြစ်ဆုံနဲ့တခြားဒေသတွေ ထိခိုက်မှု ပိုမများလာခင်မှာ အားလုံးကဆန့်ကျင်ကန့်ကွက်သွားရမှာလည်းဖြစ်ပါတယ်။

ဒီဇင်ဘာလထဲမှာတော့ ကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေ များလာတာနဲ့ပတ်သက်ပြီး မြစ်ကြီးနားဂိုဏ်းအုပ် သာသနာ၊ ကက်သလစ်အသင်းတော်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ရှိဂေဟစနစ်များ၊ သဘာဝပတ်ဝန်းကျင်အမွေအနှစ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်ပျက်စီး စေသော စက်ယန္တရားကြီးများဖြင့် သဘာဝသယံဇာတတူးဖော်ခြင်းကို ရပ်တန့်ပေးရန်။

ဌာနေတိုင်းရင်းသားများ၏ ဒေသခံများ၏ အခွင့်အရေးများ၊ အသံများကို လေးစားလိုက်နာကာ ၎င်းတို့၏ လုံခြုံမှုနှင့် အသက် ရှင်သန်မှုကို ထိပါးစေသောလုပ်ရပ်များကို ရှောင်ကျဉ်ပေးရန်တိုက်တွန်းတောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာသာမက ဖွံ့ဖြိုးဆဲနိုင်ငံအများစုဟာ သယံဇာတစီမံခန့်ခွဲမှုမှာ ညံ့ဖျင်းကြပါတယ်။ သယံဇာတစီမံအုပ်ချုပ်မှုအ တွက် နိုင်ငံတွင်းအခြေခံအုတ်မြစ်တွေနဲ့ပတ်သပ်ပြီး ဆရာညီညီ (ဘော်တွင်း) ရေးသားတဲ့ “သယံဇာတဖက်ဒရယ်ဝါဒ” စာအုပ်မှာ ဖော်ပြထားတဲ့အချက်တစ်ချို့ကို ကောက်နုတ်ဖော်ပြခြင်ပါတယ်။

“နိုင်ငံသားတို့၏အကျိုးစီးပွားကိုမှန်ကန်စွာ ဖော်ဆောင်ခြင်း၊ မှန်ကန်သောသယံဇာတစီမံခန့်ခွဲမှုဖြစ်ရန် စီမံဆုံးဖြတ်သူများ က ပြည်သူလူထုအားတာဝန်ခံခြင်း၊ သယံဇာတအရင်းအမြစ်များ၏ တန်ဖိုးအပြည့်အဝကို ပြည်သူတို့ရရှိခံစားစေခြင်း၊ ဒေသခံပြည်သူ တို့အတွက် အကျိုးစီးပွား၊ အခွင့်အလမ်းများပွင့်လင်းစေ၊ လူမှုနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနစ်နာမှုများ နည်းပါးစေ၊ ဆုံးရှုံး နစ်နာသမျှကိုလည်း ပြန်လည်ပေးဆပ်စေခြင်း” တွေဟာ သယံဇာတစီမံအုပ်ချုပ်မှုအတွက် နိုင်ငံတွင်းအခြေခံအုတ်မြစ်တွေလို့ ဖော် ပြထားပါတယ်။

ကချင်ပြည်နယ်ကရလာတဲ့သယံဇာတတွေကို လူတစ်စုကပဲ လက်ဝါးကြီးအုပ်ထားပြီး ဒေသခံတိုင်းရင်းသားတွေအတွက် အကျိုးစီးပွားမရှိတာထင်ရှားနေပါတယ်။ ရေအရင်းအမြစ်တွေရှားပါးလာတာ၊ စွန့်ပစ်မြေစာတွေကြောင့် စိုက်ပျိုးမြေတွေထိခိုက်တာ၊ သစ်တောပြုန်းတီးတာတွေကို တာဝန်ယူတာဝန်ခံဖြေရှင်းပေးမှု မရှိသလောက်ဖြစ်နေတာ စိတ်မကောင်းစရာပါ။ ရွှေတူးဖော်မှုသာ မက ကချင်ပြည်နယ်က ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်မှုတွေက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်စေ ပါတယ်။

တစ်ပိုင်တစ်နိုင်တူးဖော်မှုတွေပဲရှိခဲ့တဲ့ ဖားကန့်ဒေသမှာ စစ်အစိုးရလက်ထက်ကစပြီး စက်ယန္တရားကြီးတွေနဲ့ ကျောက်စိမ်း တူးဖော်မှုတွေကို ခွင့်ပြုခဲ့တဲ့အတွက် ပိုမိုဆိုးဝါးလာခဲ့တာဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာ ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်တွေ ချပေးထား ခဲ့တာနဲ့အတူ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ မူးယစ်ဆေးဝါးပြဿနာတွေ ပိုတိုးလာခဲ့ပါတယ်။ ကျောက်စိမ်းကနေ တစ်နှစ်တနှစ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရရှိပေမယ့် စစ်အစိုးရနဲ့ပတ်သက်သူ လူတစ်စုသာ အကျိုးအမြတ်တွေရခဲ့တာပါ။

တစ်ဖက်ကလည်း တစ်ပိုင်တစ်နိုင်တူးဖော်ခွင့်တွေနည်းပါးသွားတဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူတွေ ပိုများလာခဲ့ပါ တယ်။ အကျိုးဆက်ကတော့ မြေစာပုံပြိုကျပြီး မတော်တဆဖြစ်မှုတွေ ပိုမြင့်တက်လာခဲ့သလို လူ့အသက်ဆုံးရှုံးမှုတွေ ပိုမြင့်တက် လာခဲ့တာပါ။ ၂၀၁၅ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြေပြိုမှုတွေကို ကြည့်မယ်ဆိုရင် မတ်လ၊ ဇန်နဝါရီလ၊ ဇွန်လ၊ နိုဝင်ဘာလတွေမှာ မြေ စာပုံပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၃၀၀ နီးပါးခန့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ကျောက်စိမ်းတရားမဝင်တူးဖော်မှုတွေကိုသာမက တရားမဝင်ရောင်းဝယ်မှုတွေကိုပါ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ကျောက်စိမ်း အများစုဟာ တရုတ်နိုင်ငံဈေးကွက်ထဲ ရောက်ရှိသွားတာဖြစ်ပြီး ရသင့်ရထိုက်တဲ့အခွန်တွေမရလို့ နိုင်ငံအတွက်ပါနစ်နာရပါတယ်။ ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေဟာ မြေစာပုံရာမှာ လိုက်နာရမယ့်စည်းကမ်းတွေကို အများစုက မလိုက်နာဘဲ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုတွေကိုပါ ကုစားပေးမှု မရှိကြပါဘူး။ အကျင့်ပျက်ခြစားမှုတွေ၊ တရားဥပဒေစိုးမိုးမှုအားနည်းမှုနဲ့အတူ ဆယ်စုနှစ်တွေနဲ့ ချီပြီး ဖားကန့်ဟာထိခိုက်ခဲ့ရပါတယ်။ ဖားကန့်မှာ ဥစုချောင်းထဲကို စည်းကမ်းမဲ့ မြေစာစွန့်ပစ်မှုတွေကြောင့် ရေကြီးရေလျှံမှုတွေပါ ဖြစ်လာရပါတယ်။

၂၀၀၉ ခုနှစ် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ မြေစာပုံပြိုကျမှုတစ်ခုမှာဆိုရင်လည်း အနည်းဆုံးလူ ၃၀ သေဆုံးခဲရတာပါ။ သဘာဝ ပတ်ဝန်းကျင်အရေးအတွက်လှုပ်ရှားနေသူတွေက ဥစုချောင်းထဲကို မြေစာတွေမစွန့်ပစ်ဖို့ တောင်းဆိုခဲ့ပေမယ့်လည်း အစိုးရတွေဖက် ကကြပ်မတ်မှုအားနည်းခဲ့သလို ကုမ္ပဏီတွေဖက်ကလည်း မလိုက်နာခဲ့ပါဘူး။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာဆိုရင်လည်း အနည်းဆုံး လူ ၁၀၀ ခန့်သေဆုံးခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလကဖြစ်ပွားခဲ့တဲ့ မြေစာပုံပြိုကျမှုမှာလည်း အနည်းဆုံး လူ ၄‌ ယောက်သေဆုံးခဲ့ရပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင်လက The Diplomad မှာဆောင်းပါးရှင် နီကိုလပ်မြူရေက မြန်မာနိုင်ငံကကျောက်စိမ်းတူးဖော်မှုလုပ်ငန်း နဲ့ပတ်သပ်ပြီး ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ပါတယ်။ “ မြန်မာနိုင်ငံတစ်ဝှမ်းကလူငယ်တွေဟာ ကျောက်စိမ်းမှော်တွေဆီလာကြတယ်။ ရေမဆေးကျောက်ရှာတဲ့သူတွေကို တရားမဝင်လုပ်ကိုင်သူတွေလို့တောင် အပြောခံရတယ်။ ကုမ္ပဏီတွေရဲ့ လုပ်ဆောင်နေမှုနဲ့ ပတ်သက်လို့တော့ ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်မှုနည်းပါးလွန်းတယ်။ “ လို့ ဆောင်းပါးထဲမှာထည့်သွင်းရေးသားထားပါတယ်။ ဒေသခံတွေအကျိုးအမြတ်မခံစားရတဲ့ ကျောက်စိမ်းထုတ်ယူမှုဟာ သယံဇာတခေါင်းပုံဖြတ်မှုကို ရည်ညွန်းနေတာလည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာထွက်ရှိတဲ့ကျောက်စိမ်းပမာဏစုစုပေါင်းရဲ့ ၇၀% ဟာ မြန်မာနိုင်ငံကထွက်ရှိနေတာပါ။ ဒါပေမယ့် မြေယာတွေ အဆိပ်သင့်မှု၊ စက်ယန္တရားကြီးတွေသုံးတာကြောင့် အသံဆူညံမှု၊ မိုင်းခွဲမှုကြောင့်နေအိမ်တွေမှာ တုန်ခါပြီး ကြံ့ခိုင်မှု ထိခိုက်မှုတွေ ဖြစ်နေရတာက ၂၀၂၀ ခုနှစ် ဇူလိုင်လမှာဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာက ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂၀၀ နီးပါး အသက်ဆုံးရှုံးရတဲ့ ကိစ္စပါ။

၂၀၂၁ ခုနှစ် စစ်တပ်ပအာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်း ဖားကန့်မှာ တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေလည်း ပိုများလာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ မြေစာပုံပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေသူအများအပြားရှိပါ တယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ မြေစာပုံပြိုကျမှုမှာ သေဆုံးခဲ့သူ ၃ ယောက်နဲ့ အလောင်းကိုတွေ့ရှိထားတဲ့အတွက် ပထမနေ့က အလောင်းတစ်လောင်း တွေ့ရတာနဲ့ပေါင်းရင် အလောင်း ၄ လောင်းပဲတွေ့ပါသေးတယ်။

အရေးကြီးတာက မြေစာပုံပြိုကျမှုတွေ နောက်ထပ်မဖြစ်အောင် လူ့အသတ်သေဆုံးမှုတွေ မရှိအောင် ကြပ်မတ်သွားရမှာပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်ကထွက်ရှိတဲ့ ရွှေ၊ ကျောက်စိမ်းစတဲ့ သယံဇာတတွေစီမံခန့်ခွဲမှုကို ပြည်သူတွေပါဝင်တဲ့လုပ်ဆောင်မှုမျိုး ဖြစ်လာမှသာ ထိခိုက်မှုတွေ လျော့နည်းလာမှာပါ။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းလာစေဖို့ သယံဇာတခေါင်းပုံဖြတ်မှု ရပ်ဆိုင်းဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း ။      ။

နော်မန်ဒီ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၅၊ ၂၀၂၁