• Today is: Friday, April 19, 2024

ဖရူဆိုတွင် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် လူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်

ဖရူဆိုတွင် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် လူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၅၊ ၂၀၂၁

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အာဏာသိမ်း စစ်တပ်မှ ဖမ်းမိဆီးထားသည့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၃၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) မှ သတင်းထုတ်ပြန်သည်။

KNDF ထုတ်ပြန်ချက်ထဲတွင် “ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းအတွင်း ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင်၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ ၃၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး မော်တော်ယာဉ်များနှင့်အတူ မီးရှို့ခဲ့ပါသည်။ အသတ်ခံရသော ပြည်သူများထဲတွင် ကလေးငယ်များနှင့် မိန်းကလေးငယ်များ၊ အမျိုးသမီးများပါဝင်ပါသည်” ဟု ဖော်ပြထားသည်။

ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့က ဒီးမော့ဆိုမြို့နယ်ဘက်မှ ဖရူဆိုမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ ခုခံတိုက်ခိုက်ခဲ့ကြပြီး ၄ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီမှ မိုဆိုကျေးရွာရှိ ဒန်ပါကား ၃ စီး ၊ ကားငယ် ၃ စီး၊ ထော်လာဂျီနှင့် ဆိုင်ကယ် ၅ စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကလေးငယ်များအပါအဝင် ကျေးရွာနေပြည်သူ ၁၀ ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးသွားသူများအား ပြန်လည်လွှတ်ပေးရန် သွားရောက်ညှိနှိုင်းခဲ့သည့် နယ်ခြားစောင့်တပ်သား (၄) ဦးအား ကြိုးတုပ်ကာ ဦးခေါင်းများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ထို့နောက် ဖမ်းဆီးထားသည့် ပြည်သူများကိုပါ မော်တော်ယာဉ်ပေါ်တွင် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

“အသတ်ခံရသောပြည်သူများမှာ စစ်ရှောင်ရင်းလမ်းခုလပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရက်စက်စွာ သတ်ဖြတ်ခံရခြင်းဖြစ်ပါသည်။ အကြမ်းဖက်စစ် ကောင်စီတပ်များ ၏ အပစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက် အကြောင်းမဲ့သတ်ဖြတ်မှုသည် လူသားများအပေါ်ကျူးလွန်သောရာဇဝတ်မှုဖြစ်ပါသည်” ဟု KNDF က ထုတ်ပြန် ထားသည်။

KNDF အမှတ် (၂) တပ်ရင်း ဒုဉီးစီးမှူးလည်းဖြစ်၊ သတင်းနှင့် ပြန်ကြားရေးကိုလည်း တာဝန်ယူနေတဲ့ စအခက ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကိုယ်တိုင် သတင်းသွားယူ မြင်တွေ့ခဲ့ရသည့် အခြေအနေကို ဖက်ဒရယ်ဂျာနယ်သို့ အခုလို ပြောပါတယ်။

“မနေ့က မီးစလောင်တဲ့အချိန် ၁၁ နာရီခွဲလောက် ကျွန်တော်တို့တွေသွားကြည့်တယ်။ အဲ့အချိန်အကြမ်းဖက် စစ်ကောင်စီက သူတို့တပ်ဆုတ်ထားလိုက်ပြီ။ ပြည်သူလူထုက ရိက္ခာတွေသယ်လာတာကိုသူတို့က သတင်းရတော့ ဓားပြတိုက်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့။ စစ်ကောင်စီတပ်သားတွေလာတာ ကျွန်တော်တို့သတင်းကြားတယ်။ ဒါပေမယ့် နည်းနည်းနောက်ကျသွားတယ်၊ မီးခိုးတွေတက် လာနေပီပေါ့။ သူတို့တွေရိက္ခာတွေ သယ်သွားတာ တွေ့ရတယ်။ မသယ်နိုင်တဲ့ဟာတွေကိုမီးရှို့ထားတယ်။ အဲဒီအနေရာကို သွားကြည့်တဲ့အချိန် စစ်ကောင်စီတပ်က ပြည်သူအများကြီး ဖမ်းဆီးသွားတဲ့ဆိုတဲ့ သတင်းမသိရသေးဘူး။

သူတို့ မသယ်နိုင်တဲ့ ရိက္ခာတွေကို မီးရှို့ဖျက်ဆီးထားတဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တော့မှာပဲ နယ်ခြား စောင့်တပ်သား (၄) ဦးကို လက်နောက်ပြန်ကြိုးနဲ့ချည်တယ် ပြီးတော့ ခေါင်းမာ တည့်ပစ်သတ်ထားတာကို တွေ့ရတယ်။ ပစ်သတ်ခံရတဲ့ နယ်ခြားစောင့်တပ် (၄)ဦးအကြောင်းကို သူတို့နဲ့ နည်းစပ်တဲ့ တခြားတပ်ဖွဲ့ဝင်တွေကို မေးကြည့်တော့မှ နယ်ခြားစောင့်တပ် (၄)ဦး ပစ်သတ်မခံရခင် ၁၁ နာရီ ဝန်းကျင်လောက်မှာ သူတို့(၄)ဦးက တောင်အောက်ကို ပြေးဆင်းသွားတယ် ပြီးတော့ မကြာဘူး သေနတ်သံ (၁၂)ချက်လောက် ကြားလိုက်ရတယ် သွားကြည့်တော့ ဖမ်းဆီးသွားတဲ့ ပြည်သူများကို ပြန်လည်လွှတ်ပေးဖို့ သွားရောက်ညှိနှိုင်းခဲ့သည့် နယ်ခြား စောင့်တပ် (၄)ဦး ပစ်သတ်ခံထားရတာကို သိလိုက်ရတာ ဖြစ်တယ်ပေါ့” ဟု ပြောပါတယ်။

သူ ဆက်ပြောတာက

“မနေ့က စစ်ကောင်စီတပ်က ပြည်သူအများကြီး ဖမ်းဆီးသွားတဲ့ဆိုတဲ့ သတင်းတော့ ကြားထားတယ် သို့ပေမယ့် ဖမ်းဆီးခေါ်ဆောင်သွားတယ်ပဲ ထင်ခဲ့တာပေါ့ မီးရှို့သတ်ဖြတ်ကြမယ်လို့ မသိရသေးဘူး။ နောက်တော့ ညနေ ၃ နာရီလောက်မှာ သူတို့ဖမ်းဆီးသွားတဲ့ စစ်ကြောင်း လမ်းကြောင်းမှာပဲ ပြည်သူတွေကို မီးရှို့သတ်ဖြတ်လိုက် ကြတယ်ဆိုတဲ့ သတင်းကြားခဲ့ရတယ်။

နောက်နေ့ မနက် ၆ နာရီလောက် အဲဒီနေရာကို ကျွန်တော်တို့ သွားကြည့်တော့ အလောင်းရေတွက်လို့ရတာက ၂၇၊ ကားပေါ်မှာကျတော့ ရေလို့မရတော့ဘူး။ အကုန်စုပုံပြီး မီးရှို့ထားတာဆိုတော့လေ။ ပုံစံတွေက ပျက်ဆီးနေပြီ ၁၀ လောင်းကျော်ကျော် လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ အားလုံးပေါင်းဆို ၃၀ ကျော်လို့ ပြောလို့ရတာပေါ့။ မီးရှို့သတ်ဖြတ်ထားတဲ့နေရာမှာ ဒန်ပါကား ၃ စီး ၊ ကားငယ် ၃ စီး၊ ထော်လာဂျီနှင့် ဆိုင်ကယ် ၅ စီးကို မီးရှို့ဖျက်ဆီးပြီး မီးပြာတွေနဲ့ ပျက်ဆီးနေတာတွေ့ခဲ့ရတယ်” ဟု ပြောပါတယ်။

“သေဆုံးသွားတဲ့ သူတွေထဲမှာ ဒီမော့ဆိုရွာကလူတွေ၊ ဖရူဆိုမြို့ပေါ်က လူတွေပါတယ်ပေါ့။ ကလေးတွေ အမျိုးသမီးတွေ လည်းပါတယ်။ မီးရှို့ထားတဲ့ အလောင်းတွေထဲမှာ လူတွေကို လက်ပြန်ကြိုးတုတ်ပြီး ရိုက်နှပ်ပြီးမှသတ်တာလို့ မြင်ရတယ်။ အဲဒီ မီးရှို့ထားတဲ့ အနီးအနား ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်တော့ မသတ်ခင်မှာ မိန်းကလေးတွေကို မုဒိန်း ကျင့်ထားပုံရတယ်။ အင်္ကျီတွေဘာတွေ ချွတ်ထားတာတွေတွေ့တယ်” သူက ပြောပါတယ်။

လက်ရှိတွင် စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့်လည်း ဖရူဆိုမြို့နယ်နေ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ယခုလ ၂၀ ရက်နေ့က ရှားတောမြို့နယ်အတွင်းတွင် တပ်ရင်းမှူးတဦးလိုက်ပါလာသည့် ကားတစီးကို KA တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တပ်ရင်းမှူးအပါအဝင် ၄ ဦးသေဆုံးခဲ့သည်။