• Today is: Thursday, March 28, 2024

ဆီနှင့်ရေ ခွဲခြားမြင်တွေ့ရမည့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ရပ်တည်ချက်များ

 

စစ်အာဏာသိမ်းမှု တစ်နှစ် ပြည့်တော့မည်။ ၂၀၂၁ ခုနှစ်လည်း ကုန်ဆုံးတော့မည်။ သို့ဖြစ်ရာ ရောင်စုံတိုင်းရင်းသားများအကြားတွင် မည်သည့်အဖွဲ့သည် မတရားမှုနောက်လိုက်သနည်း၊ မည်သည့်အဖွဲ့သည် မိမိကိုယ်စားပြုပြည်သူ၏လိုလားမှုကို လေးစားသနည်း၊ မည်သည့်အဖွဲ့သည် ကိုယ်ကျိုးသက်သက်ကို ရှေ့တန်းတင်သနည်း စသည်တို့ကို တစ်ဖြည်းဖြည်းနှင့် ပိုင်းခြားလို့ရလေပြီ။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘာလဲ၊ ဘယ်လဲ

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၀ ခန့်ရှိသည်။ ၎င်းတို့ထဲမှ ပြည်သူများနှင့်ပူးပေါင်း၍ နွေဉီးတော်လှန်ရေး ဆင်နွေးလျက်ရှိသောအဖွဲ့များသည် KIA (ကချင်)၊ KNU (ကရင်)၊ CNF (ချင်း)၊ KNPP (ကယား)နှင့် MNDAA (ကိုးကန့်)တို့ ဖြစ်ပါသည်။ AA(ရခိုင်)နှင့် TNLA (တအာင်း)အဖွဲ့ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တို့သည် စစ်ကောင်စီတပ်ဖွဲ့နှင့် တစ်ခါတစ်လေ ထိတွေ့မှုရှိသော်လည်း ရင်ဆိုင်တိုက်ပွဲမဟုတ်ဘဲ မလွဲမရှောင်သာ/မတော်တဆ ပစ်ခပ်မှုဟု သတ်မှတ်နိုင်သည်။

 

AA (ရခိုင်)၊ NDAA (မိုင်းလား)၊ UWSA(‘ဝ’)နှင့် NSCN-K(နာဂ)အဖွဲ့တို့သည် သာမန်အားဖြင့် မိမိအဖွဲ့ သို့မဟုတ် မိမိလူမျိုး အကျိုးစီးပွားတစ်ခုတည်းကိုသာ ဝန်တာထားပြီး အခြားတိုင်းရင်းသာ၊ ဖက်ဒရယ်ပြည် ထောင်စု၊ နိုင်ငံ့အရေးစသည်တို့ကို စိတ်ဝင်စားမှုမရှိသည့်အဖွဲ့များဖြစ်သည့်အတွက် နွေဉီးတော်လှန်ရေးတွင် သူတို့ကို မျှော်လင့်စရာမရှိသကဲ့သို့၊ ဝေဖန်အပြစ်တင်စရာလည်း သိပ်မရှိဟုဆိုရမည်။

 

နောက်ကျမှ (၁၉၉၆ ခုနှစ်) ဖွဲ့စည်းတည်ထောင်ထားသော RCSS/SSA (ရှမ်း)အဖွဲ့သည်လည်း နောက် တစ်ချိန်ချိန်မှာ ရှမ်းပြည်ကို ဉီးဆောင်နိုင်အောင်၊ အထူးသဖြင့် ‘ဝ’အဖွဲ့၏ လွှမ်းမိုးမှုကို ချုပ်ငြိမ်းနိုင်အောင်၊ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ရည်မှန်းချက်ကြီးကြီးဖြင့် အင်အားတည်ဆောက်နေဆဲဖြစ်သည့်အတွက် နွေဉီးတော်လှန်ရေးကို သူ့အနေဖြင့် အပေါယံစာတွေ့ထက်ပို၍ ရင်ခုန်မှုမရှိသေးပေ။

 

တစ်နိုင်ငံလုံးအရေးနှင့် တိုင်းရင်းသားများ တပ်ပေါင်းစုလှုပ်ရှားမှုတွင် အစဉ်အလာအရ အားထားခဲ့ရသော MNSP (မွန်)နှင့် SSPP/SSA (ရှမ်း)အဖွဲ့တို့အနေဖြင့် လက်ရှိနွေဉီးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်မှု မရှိသည်ကိုမူ ထူးခြားမှုအဖြစ် မှတ်ယူရမည်။ SSPP/SSA သည် ဒီဘက်ခေတ်တွင် ‘ဝ’တပ်ဖွဲ့နှင့် တရုတ်နိုင်ငံ၏ အလွန်အကျွံ လွှမ်းမိုးမှု‌ရှိသောကြောင့် ဖြစ်တန်ရာ၏။ အများပြည်သူလေးစားခြင်းခံရသော ဉီးနိုင်ဟံသာဉီးဆောင်သည့်မွန်လက်နက်ကိုင်အဖွဲ့အနေဖြင့် အရင်အရပ်သားအစိုးရ(NLD)လက်ထက်မှာ ခံစားမှုတစ်ချို့ရှိသည့်အပြင် သူအားပေးထောက်ခံသော မွန်ပါတီ (MUP) ကပါ စစ်ကောင်စီနှင့် ပူးပေါင်းလာသည့်အတွက် မွန်ပြည်သူများ ဇဝီဇဝါမဖြစ်ရလေအောင် ကြားနေပေးခြင်း ဖြစ်ပါလိမ့်မည်။

 

NCA ပျားရည်စမ်းခရီးကို သံယောယဉ်မကုန်နိုင်သေးသည့် အခြားအဖွဲ့ငယ်များဖြစ်ကြသောALP(ရခိုင်)၊ LDU(လားဟူ)၊ KNU/KNLA(PC) စသည့်အဖွဲ့များသည် လက်နက်အင်အားအရသော်လည်းကောင်း၊ စနစ်တကျ ဖွဲ့စည်းတည်ဆောက်မှုနှင့် နိုင်ငံရေးရပ်တည်ချက်အရသော်လည်းကောင်း ခိုင်မာမှုမရှိသည့် အတွက် ထည့်သွင်းစဉ်းစားစရာ၊ စောဒကတက်စရာ သိပ်မရှိလှသေးပေ။ ဒီဇင်ဘာ ၁၁ ရက်တွင် ‘ပအိုဝ့်အမျိုးသားဖက်ဒရယ်ကောင်စီ’ ဖွဲ့စည်းလျက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး စတင်ဆောင်ရွက်လာ သည့်နောက်ပိုင်း PNLO (ပအိုဝ့်)အဖွဲ့၏ ရပ်တည်ချက်ကိုမူ လေ့လာစောင့်ကြည့်ရမည့် အနေအထားဖြစ် သည်။

 

ထို့ပြင် KNU၊ KNPP နှင့် RCSS အဖွဲ့တို့သည် လာမည့်နှစ်ဆန်းပိုင်းတွင် ညီလာခံအသီးသီး ကျင်းပပြီး အဖွဲ့အတွင်း ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်သည့်အတွက် ခေါင်း‌ဆောင်မှုနှင့် ရပ်တည်ချက် အပြောင်းအလဲ များလည်း တစ်စုံတစ်ရာ ရှိကောင်းရှိနိုင်သေးသည်။

 

တိုင်းရင်းသားနိုင်ငံရေးပါတီများဘာလဲ၊ ဘယ်လဲ

အလားတူ တိုင်းရင်းသားပါတီများထဲမှာလည်း စစ်ကောင်စီနှင့် ပူးပေါင်းသည့်ပါတီများ၊ နွေဉီးတော်လှန် ရေးတွင် ပူးပေါင်းသည့်ပါတီများနှင့် ကြားနေပါတီများဟူ၍ အုပ်စုအသီးသီးရှိကြသည်။

 

အနိုင်ရတိုင်းရင်းသားပါတီများထဲက ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနှင့် တအာင်း(ပလောင်) အမျိုးသားပါတီတို့သည် အာဏာသိမ်းမှုကို ပေါ်တင်ဖြင့်ဆန့်ကျင်ပြီး CRPH နှင့် နွေဉီးတော်လှန်ရေးတွင် တရားဝင်ပူးပေါင်းပါဝင်ကြသည်။ အစဉ်အလာကြီးသော SNLD ပါတီနှင့် အပေါင်းပါ UNA အဖွဲ့ဝင်တစ်ချို့ သည်နွေဉီးတော်လှန်ရေးတွင် တရားဝင်ပူးပေါင်းမှုမရှိသော်လည်း ‘ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ ကိုယ်စားလှယ်များကော်မတီ(PRCF)’ဖွဲ့စည်း၍ တစ်နည်းတစ်ဖုံ ဆက်လက်လှုပ်ရှားနေကြသည်ကို တွေ့ရသည်။

 

အနိုင်ရတိုင်းရင်းသားပါတီများထဲက စစ်ကောင်စီနှင့် တရားဝင်ပူးပေါင်းသည့်ပါတီသည် မွန်ညီညွတ်ရေးပါတီ (MUP)ဖြစ်သည်။ ရခိုင်အမျိုးသားပါတီ(ANP)သည် ထိုကဲ့သို့ပူးပေါင်းသည်ဆိုသော်လည်း နောက်ပိုင်းတွင် ပါတီတွင်းပြန်လည်သုံးသပ်ခြင်းနှင့် စစ်ကောင်စီအစည်းအဝေး မတက်ရောက်ခြင်း စသည့်များဖြင့် ပြန်လည်တည့်မတ်သည်ကို တွေ့ရှိရသည်။ ဤနှစ်ပါတီ၏ ယခုကဲ့သို့ ဆုံးဖြတ်ချက်သည် NLD အစိုးရ လက်ထက်က ခါးသီးသော ပြုမူဆက်ဆံခံရမှုနှင့် တစုံတရာ ဆက်စပ်နိုင်သည်။

 

အချို့ပါတီများဖြစ်သော ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်ပါတီ၊ လီဆူ(ဒူးလေး)ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ KNDP(ကရင်)၊ SNDP (ကျားဖြူပါတီ)နှင့် ရခိုင်ဉီးဆောင်ပါတီတို့သည်လည်း စစ်ကောင်စီအစည်းအဝေးများတက်ရောက်၍ စစ်ကောင်စီခေါ်ယူကျင်းပမည့် PR စနစ်အခြေပြု ရွေးကောက်ပွဲ စိတ်ဝင်စားကြသည်ကို တွေ့ရသည်။

 

အနိုင်ရတိုင်းရင်းသားပါတီထဲက KSDP (ကချင်)၊ ZCD(ဇိုမီးချင်း)၊ CNLD(ချင်း)နှင့် တစ်ချို့ တိုင်းရင်းသားပါတီများသည် လက်ရှိအချိန်အထိ ကြားနေခြင်းဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမရှိမှုကို ထိန်းသိမ်းကြသည်။

 

ခြုံငုံသုံးသပ်ချက်

နွေးဉီးတော်လှန်ရေးသည် ဗမာအချင်းချင်း၊ အစိမ်းနှင့်အနီကြား ပြသနာဟု တစ်ချို့ တိုင်းရင်းသားအဖွဲ့က ပြောသည်။ ‘မနိုင်မည့်စစ်ပွဲမတိုက်သင့်’ဟုလည်း ပြောကြသည်။ သို့သော် မတရားမှုကို ဆန့်ကျင်ခြင်းသည် လူသားများ၏ တာဝန်ဖြစ်သည်။ စစ်အာဏာရှင်သည် တိုင်းရင်းသားအားလုံးအတွက် ရန်သူဖြစ်သည်။ စစ်ကောင်စီကို တိုက်ခိုက်အောင်မြင်လျှင် အားလုံးအတွက် အကျိုးရှိမည်။ ယနေ့တွင် စစ်ကောင်စီက ကိုယ့်အိမ်တံခါးလာမ‌ခေါက်သေးသော်လည်း နွေဉီးတော်လှန်ရေး အရေးနိမ့်ပါက မနက်ဖြန်မှာ ကိုယ့်အလှည့် လာမှာ သေချာသည်။

 

ထို့ကြောင့် မည်သို့ပြင် ရည်မှန်းချက် ပန်းတိုင် ကွဲပြားနေစေကာမူ ဘုံရန်သူရှိနေသည့်အတွက် မနက်ဖြန်မှာ စစ်ကောင်စီနှင့် တစ်ဖွဲ့တည်း စီးချင်းထိုးမည့်အစား ယနေ့မှာ နွေဉီးတော်လှန်ရေး အဖွဲ့သားများနှင့်အတူ ပူးပေါင်း တော်လှန်တိုက်ခိုက်ခြင်းသည် များစွာ အဓိပ္ပယ်ရှိပါလိမ့်မည်။

 

ဇလပ်နီရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၂၇၊ ၂၀၂၁