• Today is: Saturday, April 20, 2024

ဗမာ့လူမှုနိုင်ငံရေးဇာတ်ကြောင်း

ဗမာ့လူမှုနိုင်ငံရေးဇာတ်ကြောင်း

လူ့အဖွဲ့အစည်းရဲ့အထွေထွေသော အခြေခံအကြောင်းရင်းတွေဟာ၊ လူမှုနိုင်ငံရေးဓလေ့အပေါ်မှာ အခြေပြု နေပါတယ်။ လူ့အဖွဲ့အစည်းအတွင်းက လူမှုရေးဓလေ့နဲ့ နိုင်ငံရေးဓလေ့တို့ဟာ တချို့နေရာတွေမှာ ဒွေးရောယှက် တင် ဖြစ်နေတယ်။ တချို့နေရာတွေမှာတော့ သီးခြားစီဖြစ်နေတယ်။ တချို့နေရာတွေမှာ ပူးနေ၊ ပေါင်းနေတတ်ပြီး အချင်းချင်း အပြန်အလှန် အမှီသဟဲပြုနေတာကိုလည်း တွေ့ရပါတယ်။ ဓလေ့ရဲ့သဘော၊ ထုံးစံရဲ့သဘော၊ ရိုးရာရဲ့ သဘောဆိုတာတွေဟာ သူ့ချည်းသီးသန့် နေခဲပါတယ်။ ပေါင်းစပ်တတ်တဲ့သဘော ရှိတယ်။ တွန်းကန်တတ်တဲ့ သဘောရှိတယ်။ အခြေခံဓာတ်သဘောတူမျှရင် ပေါင်းစပ်ပျော်ဝင်နေတတ်ပြီး၊ အခြေခံဓာတ်သဘော ကွဲလွဲရင် ဝိရောဓိသဘောကို ဆောင်နေတတ်တယ်။ ဒါဟာ ဓလေ့ရဲ့သဘောပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ၊ ယဉ်ကျေးမှုလို့ မသုံးနှုန်းချင်ပါ။ ဓလေ့ဆိုတဲ့ အသုံးက ပိုပြီး သင့်တော်ပါတယ်။

လာရာ

မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လူမှုနိုင်ငံရေးဓလေ့ဟာ ဘယ်ရေသောက်မြစ်တွေကနေ ဆင်းသက်လာပါသလဲ။ မတူမျှ တဲ့ လူမျိုးစုတွေ ပေါင်းစည်းနေထိုင်နေကြတဲ့ မြန်မာပြည်မှာ၊ လူမှုနိုင်ငံရေးဓလေ့ ကွဲပြားမှုတွေ ရှိမှာပါ။ သို့သော် လည်း လူ့အဖွဲ့အစည်းတွင်းက လူအများစု၊ လူအုပ်စုကြီးကြီးမားမား ရှိတဲ့ ဗမာလူမျိုးတွေရဲ့ လူမှုနိုင်ငံရေးဓလေ့ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ၊ ကြီးမာကျယ်ပြန့်နေပါတယ်။ လက်ခံနိုင်ဖွယ်ရာတွေ ရှိသလို၊ ရန်ဘက်သဘော၊ အဖျက် သဘော၊ အပျက်သဘောဆောင်တွေတာတွေလည်း အနည်းငယ်ရှိပါလိမ့်မယ်။ သို့သော်လည်း ပညာနဲ့ ဆင်ခြင်တုံ တရားကို ယှဉ်ထားရင်၊ ဗမာ့လူမှုနိုင်ငံရေးဓလေ့ဟာ ရန်ဘက်သဘောကို မဆောင်နိုင်ပါ။ မိတ်ဖက်သဘောကို ဆောင်နိုင်ပါလိမ့်မယ်။

အခြေခံရေသောက်မြစ်

ဗမာ့လူမှုနိုင်ငံရေးဓလေ့ကို ပြဋ္ဌာန်းတဲ့ အဓိက ရေသောက်မြစ်တွေ ရှိပါတယ်။ ဗမာ (+) ဗုဒ္ဓဘာသာ အပေါင်းအစပ် ဟာ ပူးတွဲတည်ရှိနေပါတယ်။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးကာလမှာ၊ တို့ဗမာအစည်းအရုံးဟာ “တို့ဗမာဝါဒ” ကို ကြေညာပါတယ်။ သခင်ဘသောင်းရေးသားတဲ့ နိုင်ငံပြုစာစဉ် အမှတ် (၁) ဟာ တို့ဗမာဝါဒရဲ့ ကြေညာစာတမ်းလို့ လည်း ပြောနိုင်ပါတယ်။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးကို အကြောင်းပြုပြီး “ဗမာမျိုးချစ်ဝါဒ” ရယ်လို့ ပေါ်လာပါတယ်။ ဗမာမျိုးချစ်ဝါဒ (တနည်း) ဗမာအမျိုးသားရေးဝါဒကို ပထမဆုံး စတင်သူတွေဟာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ ဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးရဲ့ ကနဦးအစတွေဖြစ်တဲ့ ဝံသာနုလှုပ်ရှားမှုတွေကိုကြည့်ရင် လည်း ဘာသာရေးကနေ စတင်တယ်လို့ ပြောနိုင်ပါတယ်။ ၂၀ ရာစု နိဒါန်းကာလမှာ ဖြစ်ပျက်ခဲ့တဲ့ ဖိနပ်ပြဿနာ ကို ကြည့်ပါ။ ဘုရားရင်ပြင်တော်ပေါ်မှာ၊ ကိုလိုနီအင်္ဂလိပ်တွေ ဖိနပ်စီးနင်းခွင့်နဲ့ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်တဲ့ ဝံသာနုလှုပ်ရှားမှုဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးဟာ လူမျိုးရေးအရ မကျေနပ်မှုကို ဘာသာရေးအရ လှုပ်ရှားတဲ့ လှုပ်ရှားမှုအဖြစ် မြင်တွေ့နိုင်ပါတယ်။ မြန်မာပြည်နိုင်ငံရေးသမိုင်းကို လေ့လာကြည့်ရင်၊ လူမျိုးရေး အရ မကျေနပ်ချက်ဟာ ဘာသာရေးအရ ဆန့်ကျင်မှုနဲ့ စတင်ခဲ့တာကို တွေ့နိုင်ပါတယ်။

ဘုန်းကြီးရဟန်းတွေ ပါဝင်လာ

၁၉၀၆ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဝိုင်အမ်ဘီအေအသင်းဟာ ဘာသာရေးနဲ့ လူမှုရေးကို အခြေခံတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ နိုင်ငံရေးအရ မဆန့်ကျင် နိုင်ခင်မှာ လူမှုရေးနဲ့ ဘာသာရေးမှာ စတင်ဆန့်ကျင်ခဲ့တဲ့ ခြေလှမ်းလို့ နားလည်နိုင်ပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီး တွေဖြစ်တဲ့ ဆရာတော် ဦးဥတ္တမနဲ့ ဦးဝိစာရတို့ဟာ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားစိတ်ကို လှုံ့ဆော်တဲ့နေရာမှာ ရှေ့တန်းက ပါဝင်ခဲ့သူတွေ ဖြစ်တယ်။ ရှေ့တန်းက ဦးဆောင်ခဲ့သူတွေ ဖြစ်တယ်။ အရပ်သူ အရပ်သား သာမန် ပြည်သူလူထုထဲမှာ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးစကားကို နှုတ်ထွက် ရဲရဲ မပြောရဲကြသေးခင်၊ ဘုန်းကြီးတွေက စတင် ပြောခဲ့ကြတာဖြစ်ပါတယ်။ ဘုန်းကြီးတွေရဲ့ လှုံ့ဆော်မှုနဲ့ ရပ်ထဲ ရွာထဲမှာ နယ်ချဲ့ဆန့်ကျင်ရေးစကားကို ရဲရဲ ပြောရဲလာကြပါတယ်။ ဘုန်းကြီးတွေက ရဲဆေးတင်ပေးလိုက်တယ်လို့ ပြောနိုင်ပါတယ်။

ဗမာဗုဒ္ဓဘာသာလူအများစု

မြန်မာပြည်ရဲ့ လူမှုနိုင်ငံရေးဓလေ့ဟာ “ဗမာဗုဒ္ဓဘာသာလူအုပ်ကြီး” ကနေ အခြေခံပြီး ပေါ်ထွက်ခဲ့ပါတယ်။ ဗမာဗုဒ္ဓ ဘာသာ လူမျိုးစုကြီးက “ဗမာ့အမျိုးသားရေးဝါဒ” ဆိုတဲ့ ဗမာမျိုးချစ်ဝါဒကို တွန်းတင်ခဲ့ပါတယ်။ ဒါဟာ ကိုလိုနီနယ် ချဲ့ဆန့်ကျင်ရေးနဲ့ အတူ ပေါက်ဖွားလာတာဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ကြည့်ရင် လည်း၊ စနစ်ကို တော်လှန်ဖို့အတွက် လူမျိုးရေးအမုန်းတရားမျိုးစေ့ကိုချပြီး စတင်ခဲ့တယ်လို့ ဆိုနိုင်တယ်။ ဗြိတိသျှ အင်္ဂလိပ်ကို “ကုလားဖြူ” လို့ သုံးနှုန်းတာကို တွေ့နိုင်တယ်။ မြန်မာပြည်ကို ကိုလိုနီပြုဖို့ အင်္ဂလိပ်အရာရှိနဲ့အတူ ပါလာတဲ့သူက ဗြိတိသျှအင်္ဂလိပ်သစ္စာတော်ခံ အိန္ဒိယတွေဖြစ်ပါတယ်။ အိန္ဒိယတွေကို “ကုလား” လို့ သုံးနှုန်းတယ်။ ဒီတော့ ဗမာမျိုးချစ်ဝါဒအမြင်အရ ကြည့်ရင်၊ ကုလားဖြူနဲ့ ကုလားမည်းပဲ ကွာတယ်။ ကုလားက ကုလားပဲ ဆိုတဲ့ အမြင်က ကိန်းအောင်းနေပါတယ်။ ဒါ့ကြောင့်လည်း ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးကို လုပ်ရင်၊ ကိုလိုနီနဲ့အတူပါလာ တဲ့ ကုလားကိုပါ ဗမာက မုန်းပါတယ်။ လူမျိုးရေးအမုန်းတရားဟာ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးနဲ့ အတူ တစ်ပါတည်း ကြီးထွားလာပါတယ်။

ဗမာမျိုးချစ်ဝါဒ၏ လောင်စာ

ဗမာ့လူမှုနိုင်ငံရေးဓလေ့ဟာ သမိုင်းဖြတ်သန်းမှုနဲ့ အတူ ရေခံမြေခံတစ်ခုလို ဖြစ်လာပါတယ်။

  • (၁) ဗမာမျိုးချစ်ဝါဒ၊
  • (၂) ဗမာဗုဒ္ဓဘာသာဓလေ့နဲ့
  • (၃) လူမျိုးရေးအမုန်းတရားဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လူမှုနိုင်ငံရေးဓလေ့အဖြစ် တည်ရှိနေခဲ့ပါတယ်။

သို့သော် ဒီဓလေ့ဟာ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ထုလိုက်ထည်လိုက် ပျံ့နှံ့နေသလားဆိုတော့ မဟုတ်တော့ပါ။ ယိုယွင်းအားနည်းမှုတွေ ရှိလာပါတယ်။ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းအယူအဆကို ကိုင်စွဲတဲ့ အတွေး အခေါ်တွေဟာ ခေတ်သစ်မြန်မာပြည်မှာ ပျံ့နှံ့လာပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဗမာဗုဒ္ဓဘာသာအမျိုးသား ရေးဝါဒဓာတ်ခံဟာ သဘောလောက်သာ ရှိနေပြီး၊ မြန်မာစစ်တပ်အသိုင်းအဝိုင်းမှာတော့ စွဲစွဲမြဲမြဲ တည်ရှိနေပါသေး တယ်။ ဘာလို့ စွဲစွဲမြဲမြဲ တည်ရှိနေသေးသလဲဆိုတော့ … ဒီဓလေ့ကို အားကောင်းအောင် မီးထိုးပေးတဲ့ mechanism ဟာ ခေတ်အဆက်ဆက် မြန်မာ့တပ်မတော်ထဲမှာ ရှိနေခဲ့လို့ဖြစ်ပါတယ်။

ဓမ္မစက် နဲ့ အာဏာစက် ပူးတွဲ

မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ မင်္ဂလာဒုံတပ်ထဲမှာ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက စစ်တပ်တရားတော်ကို ဟောကြားခဲ့ပါတယ်။ အဲသည့်အထဲမှာ – “သာသနာ့ဝန်ထမ်းရဟန်း ဆိုတာ နိုင်ငံနဲ့ စစ်တပ်ကို အားထားရတယ်၊ သာသနာကောင်းကျိုးကို လုပ်ဆောင်ရာမှာ ဓမ္မစက်နဲ့ အာဏာစက် ပူးတွဲအသုံးပြုရမယ်” လို့ ဟောပါတယ်။ လွတ်လပ်ပြီးနိုင်ငံဖြစ်လာသော်လည်းပဲ၊ တိုင်းပြည်တည်ထောင်ဖို့ လက်နက်ကိုင်ထားတဲ့ စစ်တပ်မှာသာ အာဏာရှိတယ်ဆိုတဲ့ အယူအဆကိုလည်း တွေ့ရပါတယ်။ မြန်မာစကားမှာ “ဘုန်းလက်ရုံး” လို့ တွဲဖက်ပြီး သုံးနှုန်းပါတယ်။ “လက်ရုံး” အားကောင်းမှ “ဘုန်း” ရှိတယ်၊ “ဘုန်း” ကြီးတယ်လို့ အနက်ထွက်ပါတယ်။ တိုင်းပြည်ထူထောင်ရေးအတွက် သာသနာဝန်ထမ်းရဟန်းတွေကလည်း လုပ်ကြရမယ်လို့ ဗုဒ္ဓဘာသာရဟန်းတော်တွေက ခံယူပါတယ်။ ကိုလိုနီခေတ်ကာလမှာ ဘာသာရေးအရ မဖိနှိပ်ပေမယ့် ဘုန်းကြီး သံဃာရဲ့ အခန်းကဏ္ဍ ကြီးကြီးမားမား လျော့ကျသွားတာတော့ ထင်ရှားပါတယ်။

ဥပမာ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပညာရေးကဏ္ဍကို ကြည့်ပါ။

ရပ်ရွာအုပ်ချုပ်ရေးဩဇာ

ပထမ အင်္ဂလိပ် – မြန်မာစစ်ပွဲ (၁၈၂၄ – ၂၆) အပြီးမှာ၊ မြန်မာနယ်တွေဖြစ်တဲ့ ရခိုင်နဲ့ တနင်္သာရီနယ်တွေကို ကိုလိုနီ လက်အောက် ထိုးပေးလိုက်ရပါတယ်။ ကိုလိုနီအင်္ဂလိပ်တွေဟာ သူ့နယ်ပိုင်ဖြစ်လာတဲ့ မြန်မာနယ်တွေမှာ ကိုလိုနီ ယန္တရားအုတ်မြစ်ချဖို့ စတင်ပါတယ်။ ပဒေသရာဇ်ခေတ်တွေမှာ ရပ်ထဲရွာထဲမှာ ရွာသူကြီးရှိပေမယ့် ဘုန်းကြီးက လည်း အုပ်ချုပ်ရေးအာဏာရှိနေပါတယ်။ ရွာတစ်ရွာမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိနေတတ်ပြီး၊ ရွာဦးဘုန်း ကြီးက ရွာသူကြီးတစ်ယောက်လို ရပ်ထဲရွာထဲမှာ ဩဇာညောင်းပါတယ်။ ကိုလိုနီဝင်လာတော့ ဒေသန္တရအုပ်ချုပ်ရေး စနစ်ကို ပဒေသရာဇ်လက်အောက်ခံအခြေအနေလို မဖြစ်အောင် စပြင်ပါတယ်။ မြို့အုပ်၊ ဝန်ထောက်တွေကနေ တစ်ဆင့် ဒေသန္တရအုပ်ချုပ်ရေးကို စတင်ခဲ့ပါတယ်။ အောက်ခြေ ရပ်ထဲရွာထဲမှာ မြို့အုပ်နဲ့ ဝန်ထောက်က အပ်နှင်း တဲ့ အာဏာကို ရွာသူကြီးရပါတယ်။ ဒီတော့ ကိုလိုနီဩဇာခံ ရွာသူကြီးဖြစ်လာလို့၊ ဘုန်းကြီးရဲ့ ဩဇာညောင်းမှုဟာ ပဲ့ပါသွားပါတယ်။ ထိုနည်းလည်းကောင်း အင်္ဂလိပ်က သူ့ကိုလိုနီနယ်တွေမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အစား၊ ဗြိတိသျှအစိုးရရဲ့ ပညာရေးဌာနနဲ့ အစားထိုးဖို့ ကြိုးစားပါတယ်။

ဘုန်းတော်ကြီးသင် ပညာရေးကဏ္ဍ

၁၉ ရာစုအလယ်ပိုင်းလောက်မှာ စတင်ခဲ့တဲ့ ကိုလိုနီပညာရေးသွတ်သွင်းမှုဟာ ၂၀ရာစု အစပိုင်းကာလလောက်မှာ အတော်အတန် အုတ်မြစ်ကျနေပါပြီ။ ကောလိပ်ပညာရေးအပြင်၊ အိုင်စီအက်စ် ၊ ဘီစီအက်စ် မွေးထုတ်နိုင်မှု ကလည်း အရာရောက်လို့ အင်္ဂလိပ်သစ္စာတော်ခံ ဗြူရိုကရက်ဆိုတာလည်း မြန်မာပြည်မှာ လူတန်းစားတစ်ရပ်လို ခိုင်ခိုင်မာမာ ရှိလာပါတယ်။ ဘုန်းတော်ကြီးသင် အစဉ်အလာကျောင်းပညာရေးကနေ ပြောင်းလဲရွေးချယ်နိုင်မယ့် ခေတ်ပညာရေးပလက်ဖောင်းက တိတိကျကျ ပေါ်လာပါတယ်။ အစဉ်အလာဘုန်းတော်ကြီးသင်ပညာရေးကျောင်း နေရာမှာ ကိုလိုနီပညာရေးက အစားထိုးဝင် ရောက်လာပါတယ်။ ပညာရေးမှာ ကြီးမှူးတဲ့ ဘုန်းကြီးတွေဟာ ကိုလိုနီပညာရေးရောက်လာလို့ လက်တွေ့ခေတ်ပညာမှာလည်း မယှဉ်နိုင်ခဲ့ပါ။ ဒီတော့ ပညာရေးမှာ နေရာဖယ် ပေးလိုက်ရပါတယ်။ ပညာရေးကဏ္ဍမှာ ဘုန်းကြီး တွေရဲ့ အခန်းကဏ္ဍ လျော့ကျသွားတာဟာ ကိုလိုနီခေတ်ကျမှ ဖြစ်ပါတယ်။ ဒါကို ဘုန်းကြီးတွေက မကျေနပ်ပါ။ သို့သော်လည်း သူတို့ ဘာမှ မလုပ်နိုင်ပါ။

အနာဂတ်သာသနာရေး ကျမ်းစာ

လွတ်လပ်ပြီးခေတ် မြန်မာပြည်ထူထောင်ရေးကာလမှာ အနာဂတ်သာသနာကို ပြုပြင်ဖို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက စာပေနဲ့ လှုံ့ဆော်ပါတယ်။ ဆရာတော်ရေးတဲ့ အနာဂတ်သာသနာရေးကျမ်းစာမှာ၊ ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကို ပြုပြင်ဖို့ အကြံပြုပါတယ်။ ခေတ်ပညာနဲ့ လောကဓာတ်ပညာမှာ ဘုန်းတော် ကြီးသင်ပညာရေးစနစ်က မယှဉ်နိုင်ပါ။ ဘုန်းကြီးသံဃာတွေဟာ အစဉ်အလာလောကုတ္တရာနယ်အတွက်ပဲ သင်ကြားပေးနိုင်ပြီး၊ လောကဓာတ်ပညာတွေကို မသင်ကြားပေးနိုင်လို့ ကိုလိုနီပညာရေးအတွက် နေရာဖယ်ပေး လိုက်ရတယ်လို့ အရှင်ဇနကာဘိဝံသက ယူဆပါတယ်။ ဒါ့ကြောင့် ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကို ပြုပြင်မှ၊ ပညာရေးနယ်ပယ်မှာ ဘုန်းကြီးရဟန်းတွေရဲ့ အခန်းကဏ္ဍ ပြန်ကျယ်ပြန့်လာမယ်လို့ တွက်ဆဟန်တူပါတယ်။ ကိုလိုနီပညာရေးကို အစားထိုးအံတုတဲ့ လှုပ်ရှားမှုဟာ ပထမကျောင်းသားသပိတ် ပေါ်လာပြီးမှ အကောင်အထည် ပေါ်လာပါတယ်။ အမျိုးသားကျောင်းတွေ ပေါ်ထွက်လာခြင်းဟာ ထင်ရှားတဲ့သာဓကဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ ဘဏ္ဍာအင်အား မထောက်ပံ့နိုင်လို့၊ ကိုလိုနီခေတ်နှောင်းပိုင်းမှာ အားလျော့သွားပါတယ်။

ကျွန်သာသနာ ဖြစ်ခဲ့ခြင်း

ကိုလိုနီဝင်လာလို့ လူမျိုးရေးအရ အဖိနှိပ်ခံဖြစ်လာသလို ဗုဒ္ဓဘာသာမကိုးကွယ်တဲ့ “ကုလား” နဲ့ “ကုလားဖြူ” ဝင်လာခြင်းဟာ သာသနာညှိုးနွမ်းတယ်လို့ ဘုန်းကြီးတွေက မြင်ပါတယ်။ ဗုဒ္ဓဘာသာဗမာလူမျိုးတွေက ကျွန်ပြုခံ ရလို့ ဗမာတွေကိုးကွယ်တဲ့ ဘာသာကလည်း ကျွန်သာသနာလိုဖြစ်တာကို ဘုန်းကြီးတွေက မကျေနပ်ပါ။ ဗမာ့ဓလေ့ ထုံးစံအရ ဘယ်သို့သော အခမ်းအနားမျိုးမဆို ဘုန်းကြီးတွေက ရှေ့တန်းက ပါဝင်ရတာဖြစ်လို့၊ ကိုလိုနီလက် အောက်ခံဘဝမှာ ဘုန်းကြီးရှေ့တန်းက မပါနိုင်တဲ့ အခမ်းအနားတွေ အမြောက်အမြား ပေါ်လာပါတယ်။ ဒါကလည်း ဘုန်းကြီးတွေရဲ့ အခန်းကဏ္ဍလျော့လာခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။

ရန်ငါ စည်း ပြတ်သားရန်

ကိုလိုနီနယ်ချဲ့ကို ဆန့်ကျင်ဖို့ ဗမာမျိုးချစ်ဝါဒမှာ ဘာသာရေးပူးကပ်ပါလာတာ မဆန်းပါ။ ဗမာမျိုးချစ်ဝါဒမှာလည်း လူမျိုးရေးအမုန်းတရားနဲ့ စတင်ခဲ့တာဟာ ရန်-ငါ စည်းပြတ်ဖို့၊ ပထမဆုံးကြိုးပမ်းတဲ့ စမှတ်ဖြစ်ခဲ့ပါတယ်။ ဘာသာ ရေးအရ မကျေနပ်ချက်ကို အရင်းခံပြုပြီး နိုင်ငံရေးအရ တော်လှန်အာခံဖို့ ရေစီးကို ဖန်တီးခဲ့တာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက လူမှုနိုင်ငံရေးဓလေ့ဟာ လူမျိုးရေးနဲ့ ဘာသာရေးကို အခြေပြုပြီး ထွက်ပေါ်လာလို့၊ အကြွင်းအကျန်လူမှုဓလေ့ဟောင်းအဖြစ် ရှေးရိုးစွဲဗုဒ္ဓဘာသာဗမာလူမျိုးစုတွေထဲမှာ ယခုထိ ကျန်ရှိနေပါသေးတယ်။ ဒါဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ကို လွှမ်းမိုးနေတဲ့အကြောင်းရင်းတွေထဲက အကြောင်းအချက် တစ်ခု ဖြစ်ပါတယ်။ အုပ်ချုပ်ရေးစနစ်က ပြုပြင်စီရင်တဲ့ လူမှု – စီးပွားရေးအခြေအနေနဲ့ လူမှုစီးပွားအခြေအနေက ထောက်ပံ့တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စာပေ – အနုပညာမှာပါ ရိုက်ခတ်တဲ့အရာတွေကို လောလောဆယ်မှာ တွေ့မြင်နေရပါသေးတယ်။

မင်းသေ့ ရေးတယ်။ 

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၃၀၊ ၂၀၂၁