• Today is: Thursday, February 29, 2024

မထုနော် အပစ်ရပ်မှုနဲ့ ကေအိုင်အို စမ္ပာနဂိုလ် နွားမပေါင်ကျိုးခြင်း

 

ဒုတိယ ကမ္ဘာစစ်အပြီး သူပုန်ထမှုတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က နိုင်ငံကြီးတွေရဲ့ ထောက်ပံ့မှုတွေ ရကြတယ်။ ရတဲ့ ပုံစံတွေမတူပေမယ့် ဒီရာခိုင်နှုန်းက သူပုန်ထမှုမှာ လိုအပ်တဲ့ ပြင်ပ ထောက်ပံ့မှု ထဲအရေးပါတယ်။ ပြင်ပ ထောက်ပံ့မှု Outside support တွေထဲမှာ အဓိကကျတာ ၅ မျိုး လောက်ရှိတယ်။

( States နိုင်ငံတွေ ၊ Great Power နိုင်ငံကြီးတွေ ၊ Diaspora ပြည်ပရောက်တွေကနေ ငွေကြေးအပါအဝင် အခြားထောက်ပံ့မှုမျိုး ၊ ဒုက္ခသည်အရေးကနေတဆင့် ကူညီမှုတွေ ၊ အကြမ်းဖက်အဖွဲ့ Terrorist, သူပုန်တွေ နဲ့ ရာဇဝတ်ဘေးမကင်းတဲ့ အဖွဲ့တွေက ကူညီမှု ) စသဖြင့်ပါ။

အသေးစိပ်တော့မရေးတော့ပါ။

 

 

အဲဒီ ရာခိုင်နှုန်းအရ သူပုန်ထမှုတွေမှာ အဓိကကျတ နိုင်ငံတွေရဲ့ အထောက်ပံ့ဆိုတာ သိသာတဲ့အချက်ဖြစ်တယ်။ တချို့သုတေသနတွေမှာ ပြည်ပရောက်တွေရဲ့ ထောက်ပံ့မှုက ၅၄ % လောက်တွေ့ရပြီး ၊ ၃၅ ရာခိုင်နှုန်းက ဒုက္ခသည်ခေါင်းစဉ်အောက်က ထောက်ပံ့တာ ၊ ၃၅% လောက်က အကြမ်းဖက်အဖွဲ့တွေ ၊ ရာဇဝတ်ဘေးမကင်းတဲ့ မှောင်ခိုလုပ်ငန်းတွေ ထောက်ပံ့တာ ၅ % လောက်က နိုင်ငံတကာအဖွဲ့အစည်းတွေဆီက လာတာတဲ့။

 

 

တခုရ တခြားဟာ ချန်ထားဆိုတာမျိုးလည်းမဟုတ်ပါဘူး။ တချို့သူပုန်အဖွဲ့တွေဆို အထက်ဖော်ပြပါ အမျိုးအစား ၅ မျိုးအနက် အနည်းဆုံး ၄ မျိုးလောက်နဲ့ ချိတ်ဆက်ပြီး အကူအညီရကြတာမျိုးတွေရှိတယ်။

 

 

သုတေသန တခုမှာတော့ ၁၈၀၀ ခုနစ်ကနေ ၂၀၀၅ ခုနစ်အကြား နိုင်ငံတွေရဲ့ ထောက်ပံ့မှုရတဲ့ သူပုန်ထမှုတွေ ရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ထိရောက်အောင်မြင်တာတွေ့ရတယ်။ ထိရောက်အောင်မြင်တယ်ဆိုတဲ့ နေရာမှာ အနိုင်ရအောင်ပွဲခံတဲ့ ကိစ္စတွေကနေ ၊ အုပ်ချုပ်သူနဲ့ ပါ၀ါဘဲလန့်စ်ခြင်းယှာဉ်နိုင်လို့ ဆွေးနွေးပွဲ စကားဝိုင်းကနေ အာဏာရယူသွားနိုင်တာအထိ ပါဝင်တယ်။ ဒီပမာဏက ပြင်ပ အထောက်အပံ့မရပဲ ထိရောက်အောင်မြင်မှုရအောင်စွမ်းဆောင်နိုင်တဲ့ ဖြစ်စဉ် ၂၈ % ထက် အများကြီးသာတာတွေ့ရတယ်။

 

 

ပြင်ပ ထောက်ပံ့မှုလို့ဆိုရာမှာ တပ်သားတွေကို လေ့ကျင့်သင်တန်းပေးမှု စစ်လက်နက်ခဲယမ်း ရောင်းဝယ် ၊ ပေးကမ်းမှု ၊ အသိအမှတ်ပြုဆက်ဆံပေးခြင်း ၊ ပြင်ပမှာ ခိုလှုံခွင့်ပေးခြင်း လိုကိစ္စတွေကနေ ခေါင်းစဉ်အမျိုးမျိုးနဲ့ ပါဝင်တယ်။

 

နိုင်ငံတွေရဲ့ အကူအညီတွေထက် ပိုထိရောက်တာက နိုင်ငံကြီးအကူညီပဲ။ စစ်အေးခေတ်က အဓိကကျတာ ဆိုဗီယက် ၊ အမေရိကန်ပေါ့။ မြန်မာတပ်အဖို့ကံကောင်းတာက အဲဒီခေတ်ကာလ တပ်နဲ့ ဆိုဗီယက် အမေရိကန်တို့က ဆက်ဆံရေးကောင်းတဲ့ ကာလဖြစ်ခဲ့တယ်။

 

 

ပြင်ပ ဂရိတ်ပါ၀ါ အကူအညီမရဘဲ သူပုန်တွေ အောင်ပွဲခံတဲ့ နိုင်ငံတွေလည်း ရှိဖူးတယ်။ ဒိုမီနီကန် ၊ ကွန်ဂို ကင်ညာ ပီရူးနိုင်ငံတွေမှာပါ။

 

 

အဲတော့ ဆောင်းပါးခေါင်းစဉ်နဲ့ ဘာဆိုင်လဲလို့ ဆိုစရာရှိတယ်။

ဆိုင်တာလာတော့မှာပါ။ တခါတလေ သူနဲ့ ကိုယ်ပေါင်းမှ တကျပ်ရမယ့် ကိစ္စမျိုး သူခွဲကိုယ်ခွဲရင်း တယောက် ပြား ၃၀ လောက်ပဲကျန်တော့ အတွေ့အကြုံမျိုး ခံစားဖူးသူတွေ ရှိကြပါလိမ့်မယ်။

 

တခါတလေ အသေးအဖွဲ့ အစိပ်အပိုင်းတပိုင်းထင်ရတဲ့ ကိတ်စကြောင့် တပ်ဖွဲ့အတွက်အကူအညီ အသိအမှတ်ပြုမှုရပ်သွားတာမျိုးနဲ့က ဒီဖြစ်စဉ်ပိုမိုနီးစပ်ပါတယ်။

 

 

အခု ကေအိုင်အေ တပ်မဟာ ၄ က ခွဲထွက်တဲ့မထုနော် ကိစ္စကလည်း နှစ်ဖွဲ့စလုံးအတွက် နိုင်ငံရေးရည်ရွယ်ချက်အရကြည့်ရင် ထိခိုက်စေတဲ့အပြင် ပြင်ပ အကူအညီပါ ထိခိုက်ကုန်တာတွေ့ရတဲ့အတွက်ပါ.။

 

 

ဒါကလည်း ဒီနေ့ ကချင်အမျိုးသား ကာကွယ်ရေးတ်ပမတော် ခေါင်းဆောင် မထုနော် အသုဘ ချတဲ့ သတင်း ဓါတ်ပုံတွေတွေ့ရင်း ပြန်သုံးသပ်ဆင်ခြင်မိတာပါ။

 

 

ကေအိုင်အေ က တရုတ်နယ်စပ်မှာ အခြေချရပေမယ့် အမြဲတမ်း တရုတ်စကား သိပ်နားထောင်တဲ့အဖွဲ့ထဲ မပါသလို ပေါင်းတဲ့အခါလည်းရှိ မပေါင်းတဲ့အခါလည်း ရှိ။ ဆက်ဆံရေး တက်တခါ ကျတလှည့်လို့ ဆိုနိုင်တဲ့အဖွဲ့ပါ။

 

 

၈လေးလုံးအရေးတော်ပုံ နောက်ပိုင်းကာလ မြောက်ပိုင်းတပ်ဖွဲ့ အပစ်ရပ်မှုတွေကို ကြည့်ရင် ဒီအချက်သိသာပါတယ်။ အန်ဒီအက်ဖ် တပ်ပေါင်းစုအကြောင်းပြောရင် ကေအိုင်အေ သစ္စာဖောက်တယ်ဘာညာ ၊ သူအပစ်ရပ်တယ်လို့ အလွယ်တကူစွပ်စွဲကြပေမယ့် သူမရပ်ရင် မရနိုင်တဲ့ အခြေအနေမျိုးဖြစ်သွားတာကို ဖော်ပြသူ သုံးသပ်သူ အလွန်နည်းတယ်။

ခုနစ် သက္ကရာဇ်တွေကို ကြည့်ရင် သိသာပါတယ်။

 

 

ဥပမာ ကေအိုင်အေရဲ့ မြောက်ပိုင်းနယ်မြေ မဟာမိတ်တွေဖြစ်တဲ့ ဗကပ ပြိုတော့ ပေါ်လာတဲ့ ၀ ၊ မုန်းလား ၊ ကိုးကန့် တို့ဟာ ၁၉၈၉ မှာ အပစ်ရပ်သလို ကေအိုင်အေ မဟာမိတ်တွေဖြစ်တဲ့ PSLA က ၁၉၉၁ မှာ စစ်အစိုးရနဲ့ အပစ်ရပ်ရပြီး ရှမ်းပြည်တပ်မတော် SSA (ယခု SSPP/SSA ) က ၁၉၈၉ မှာ အပစ်ရပ်ရတယ်။

 

 

အဲတုန်းက ဗကပပြိုပြီး တရုတ်ကလည်း ဆက်မကူ ကျည်ဆံကလည်းရှား ၊ကုန်သွယ်ရေးတွေကလည်း စ ဆိုတော့ အပစ်ရပ် အထူးဒေသ နယ်မြေတွေသတ်မှတ်ပေး ၊ ကိုယ့်သေနတ်ကို ကိုင်ထားမူအောက်မှာ အစဉ်အလိုက် အပစ်ရပ်ကြတာဖြစ်တယ်။

 

 

ကေအိုင်အေ က ၁၉၉၄ မှာမှ ရပ်တာပါ။ အဲတော့ သူ့မဟာမိတ်တွေ အပစ်ရပ်တဲ့ ၈၉ ကနေ ယှာဉ်ရင် အနည်းဆုံး ၅ နှစ်လောက် တောင့်ခံပေးနေခဲ့တာတွေ့ရတယ်။

 

 

ဘာတေးလ်လစ်တနာ မှတ်တမ်းတခုမှာတော့ တရုတ်ဘက်က ဖိအားရှိတဲ့ ကေအိုင်အေက အိန္ဒိယ နယ်စပ်အထိကို ခြေချ ဌာနချုပ်ရအောင်ကြိုးစားတယ်လို့ဆိုတယ်။ အိန္ဒိယကလည်း အစောပိုင်း မြန်မာ့ဒီမိုကရေစိအရေးတော်ပုံကို တက်တက်ကြွကြွ အားပေးခဲ့တယ် မဟုတ်ပေလော။ တကြိမ်မှာ အိန္ဒိယနယ်စပ် ပန်ဆောင်အထိကို သွားတိုက်ကြသတဲ့။

 

 

ရာဂျစ်ဂန္ဒီနောက်ပိုင်းမှာ အိန္ဒိယကလည်းမြန်မာစစ်အစိုးရနဲ့ ဆက်ဆံဖို့ မူပြောင်းသွားတယ်။ အိန္ဒိယက ကေအိုင်အေကို ဆက်ဆံရတဲ့အကြောင်းအရင်းတွေထဲမှာ တရုတ်နယ်စပ်မှာ သူခြေချထားနိုင်တဲ့အတွက် တရုတ်ကို Leverage လုပ်နိုင်တယ် ၊ သတင်းအချက်အလက်ကအစ အခြားကိစ္စတွေမှာပါ အသုံးတည့်တယ်လို့ ယူဆတဲ့အတွက်လည်းပါတယ်လို့ ဘာတေးလ်လစ်တနာက မှတ်ချက်ပြုခဲ့တယ်။

 

 

ဒါပေမယ့် ရှမ်းမြောက်ဒေသက ကေအိုင်အေ တပ်မဟာ ၄ တပ်မဟာမှူး မထုနော်ဦးဆောင်တဲ့ အဖွဲ့က ကေအိုင်အေကနေ ခွဲထွက်ပြီး ကချင်အမျိုးသား ကာကွယ်ရေးတပ်မတော် KDA အဖြစ် ရပ်တည်ကာ စစ်အစိုးရနဲ့ အပစ်ရပ်သွားချိန်မှာတော့ အိန္ဒိယအနေနဲ့ ကေအိုင်အေဟာ တရုတ်နယ်စပ်မှာ ဒီအတိုင်းဆို နယ်မြေဆက်ထိန်းနိုင်ပါတော့မလားဆိုတဲ့ သံသယ ရှိလာတယ်။

 

 

ကေအိုင်အေ နဲ့ တပ်မတော်အကြား အပစ်ရပ်ခါနီးကာလအထိ ကချင်ပြည်နယ်အနောက်ခြမ်းတွေမှာ တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ခဲ့တယ်။ အဓိကကတော့ နယ်မြေစိုးမိုးမှုအရ သတ်မှတ်မှုအရ စကားပြောရမှာ တခြား ထွက်ပေါက် နောက်တပေါက်အတွက် လျာထားဦးထားတဲ့ နေရာလို ကိစ္စတွေအပေါ် မူတည်နိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။

 

 

အိန္ဒိယဘက်ကိုသွားခိုရတဲ့ မြန်မာဘက်က သူပုန်တွေအနေနဲ့ ကြည့်ရင်တော့ ယျေဘူယျအားဖြင့် အိန္ဒိယနယ်စပ်ဟာ တရုတ်၊ ထိုင်းနယ်စပ်တွေမှာ သူပုန်သွားထ ၊ သူပုန်တပ်ထူထောင်သလို ရပ်တည်နိုင်စွမ်းအလွန်နည်းတဲ့ နေရာဖြစ်တယ်။ အိန္ဒိယရဲ့ မူဝါဒတွေကြောင့်အပြင် မြန်မာနဲ့ထိစပ်နေတဲ့ ဒေသတွေဟာ ဆင်းရဲတဲ့ ပြည်နယ်တွေဖြစ်လို့ တရုတ်ရဲ့ ဆင်းရဲတဲ့ပြည်နယ် ယူနန်နဲ့ယှာဉ်ရင်တောင် သူပုန်တွေ ရှင်သန်ဖို့ ခက်တဲ့နေရာမျိုး ဖြစ်နေတာကြောင့်လည်း တကြောင်းပါဝင်တယ်။ လူမျိုးစုချင်းနီးနွှယ်မှုအရကြည့်ရင် ကချင် ၊ ရှမး် တိုင်းရင်းသားတွေက တရုတ် ကော အိန္ဒိယမှာပါ ရှိနေပေမယ့် တရုတ်နယ်စပ်မှာသာ တော်လှန်ရေးတပ်ဖွဲ့တွေ ပိုရှင်နိုင်တာကို တွက်ပြရခြင်းဖြစ်တယ်။

 

 

ဒီကိစ္စမှာ နိုင်ငံတွေရဲ့ ရပ်တည်မှုကို ကြ်ည့ရင် သူအသုံးတည့်မယ် ၊ နောက်တချက်က အဲအဖွဲ့က ဆက်ရှင်သန် မရှင်သန် မသေချာရင် သိပ်မထောက်ပံ့ချင်တဲ့ ကိစ္စမျိုးကို သွားတွေ့ရတယ်။

 

 

တရုတ်လည်း ထိုနည်းလည်းကောင်းပဲလို့ ဗကပဟောင်း သီပေါ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ဖူးတယ်။

 

 

“ တရုတ်က သူ့နယ်စပ်အခြေချဖို့ ကြိုးစားတဲ့ သူပုန်တွေကို လက်ခံမလက်ခံ တိုင်းတာတဲ့ ကိစ္စမှာ အဲအဖွဲ့က မြန်မာပြည်မှာ ရေရှည် ရပ်နိုင်သလားဆိုတာနဲ့ သူ့အကျိုးစီးပွားလုပ်ငန်းတွေနဲ့ ဘယ်လောက် ထိစပ်နိုင်မလဲကို တိုင်းတာကြည့်လေ့ရှိတယ်။ “ လို့ ဆိုဖူးတယ်။

 

 

မထုနော်အနေနဲ့တော့ ခွန်ဆာ MTA ပြိုချိန် ရှမ်းမြောက်က နယ်မြေအချို့ကို ရလိုက်တယ်။ ဒါပေမယ့်လည်း သူ့အဖွဲက တိုင်းရင်းသားလက်နက်ကိုင်အဖြစ်ရေရှည်မရပ်နိုင်ခဲ့ပါဘူး။ ကောင်းခါးပြည်သူ့စစ်အဖြစ် အသွင်ပြောင်းသွားခဲ့ရတယ်။

 

 

ကေအိုင်အေအနေနဲ့လည်း အပစ်ရပ်ကာလ တည်ဆောက်ရေးလုပ်နိုင်တယ်ဆိုပေမယ့် တကျော့ပြန်တိုက်ပွဲပြန်စချိန် ၂၀၁၁ မှာ အင်အား ၃၀၀၀ ကျော်လောက်ပဲ ရှိတဲ့အထိ အားနည်းသွားတယ်။ တပ်မဟာ ၄ နယ်မြေကလည်း ပြန်စကတည်းက လှုပ်လီလှုပ်လဲ့နဲ့ပါပဲ။

 

 

သူပုန်အဖွဲ့တွေ ခြေချ‌ခြေကုပ်ယူဖို့ ကြိုးစားတဲ့ ရှမ်းမြောက်က တခါတခါ သူနဲ့ အံမ၀င်တဲ့အဖွဲ့ ဓါတ်မတည့်အဖွဲ့ ‌တွေကို အခက်တွေ့စေတဲ့နေရာလားဆိုတာလည်းစဉ်းစားစရာပဲ။ ဗကပ က စီစီ၀မ်တာပန် တိုက်ပွဲပြီးကတည်းက နလံမထူတော့သလို၊ ခွန်ဆာလည်း ရှမ်းမြောက်အခြေချဖို့ ကြိုးစားရင်း တပ်ပျက်သွားတယ်။ ကေအိုင်အေလည်း ရှမ်းမြောက်ကြောင့် လစ်တော့မလိုအထိ ဖြစ်ဖူးသလို၊ SSNA ၊ မုန်ဆာလ စသဖြင့် ပျက်သွားတဲ့အဖွဲ့တွေလည်း ရှိနေတယ်။

 

 

ဘာပဲပြောပြော တရုတ်ဖိအားကြောင့် အကူအညီမရှိ စစ်တပ်နဲ့ချက်ခြင်းလည်း မပူးကပ်လိုသေးတဲ့ ကေအိုင်အေဟာ အိန္ဒိယ ထောက်ခံမှုရဖို့ကြိုးပမ်းခဲ့တယ် သမိုင်းမှတ်တိုင်ကျန်ခဲ့တယ်။ တဘက်မှာလည်း မထုနော်စလိုက်တဲ့ ကိစ္စ အပါအဝင် အိန္ဒိယ ပေါ်လစီအပြောင်းအလဲကြောင့် စမ္ပာနဂိုလ် နွားမပေါင်ကျိုးကာ စစ်အစိုးရနဲ့ အပစ်ရပ်ရေးလမ်းကို ရွေးလိုက်ရသူကလည်း သူပဲဖြစ်နေတော့တယ်။

 

 

 

စိုင်းထွန်းအောင်လွင်

 

ဖက်ဒရယ်ဂျာနယ် ( ဇန်နဝါရီ – ၁ – ၂၀၂၂ )

 

Ref; Burma in Revolts

Seth. G. Jones, Waging insurgent warfare