• Today is: Friday, April 19, 2024

နှစ်သစ် ရှမ်းပြည်ညီညွတ်ရေးနဲ့ ပကတိ စိန်ခေါ်ချက်

ရှမ်းလက်နက်ကိုင်များ ပါတီများ ပါဝင်တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီကနေ ၂၀၂၂ ခုနစ် နှစ်သစ်ကူးသဝဏ်လွှာ ထုတ်ပြန်တာတွေ့ရတယ်။

 

ရှမ်းပြည်တွင်း တိုင်းရင်းသားချင်း ပဋိပက္ခတွေ ရပ်ဆိုင်းရေး ၊ ရှမ်းပြည်တွင်း ညီညွတ်ရေး ပြည်ထောင်စု ညီညွတ်ရေး ၊ အတူယှာဦ်တွဲနေထိုင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး အတွက်ကြိုးပမ်းမယ်ဆိုပြီး ထည့်တွင်း ဖော်ပြလာတာတွေ့ရတယ်။

 

ပြောခွင့်ရပေးထားသူတွေကိုကြည့်ရင် SSPP RCSS နှစ်တပ်စလုံး ပါနေတဲ့အတွက် ကြိုဆိုရမယ့် အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စပါ။

 

လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်ပြန်ကြည့်ရင် ရှမ်းပြည်အတွက်ရည်ရွယ်ရင်း ရှမ်းတွေ အဓိက ဖွဲ့တဲ့ အဖွဲ့နှစ်ဖွဲ့ရှိတယ်။

 

၁၉၉၆ ခုနစ်မှာ ဖွဲ့တဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ SSJAC နဲ့ ၂၀၁၃ ခုနစ်မှာ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်ဖွဲ့တဲ့ CSSU တို့ဖြစ်တယ်။

 

SSJAC ကတော့ ခွန်ထွန်းဦး ဦးဆောင်ပြီး SSPP/SSA ၊ ယခင် ရှမ်းပြည်အမျိုးသား လွတ်မြောက်ရေး တပ်မတော် SSNA တို့ပါဝင်တယ်။

 

ဦးဆောင်စဖွဲ့သူ နှစ်ဦး နဲ့ ၄င်းတို့နောက်ခံပါတီအဖွဲ့အစည်းတွေရဲ့ မူဝါဒတွေ စုဖွဲ့မှု ပုံစံတွေအပေါ်လိုက်ပြီး လုပ်ကိုင်ပုံတွေကလည်း ကွာခြားခဲ့တာတွေ့ရတယ်။

 

အမျိုးသား ညီလာခံကာလ နဲ့ စစ်အစိုးရလက်ထက်မှာ ဖွဲ့ရတဲ့ SSJAC ကတော့ ပြည်နယ်တွင်း ကိစ္စတွေမှာ တခြားလက်နက်ကိုင် ( အထူးသဖြင့် ထိုစဉ်ကာလ အပစ်ရပ် အဖွဲ့တွေနဲ့ ဆက်ဆံရေးကို SSPP ၊ SSNA ) တို့ကနေ တဆင့် တည်ဆောက်ခဲ့တာတွေ့ရတယ်။ ပြည်မ ( နိုင်ငံလုံးဆိုင်ရာ ) လှုပ်ရှားမှုတွေမှာတော့ UNA ၊ CRPP တို့က တဆင့်သွားနိုင်ခဲ့တယ်။

 

SSJAC မှာ ပါတဲ့အဖွဲ့တွေကလည်း လူမျိုးရေးသိပ်အစွန်းမထွက်တာ သတိထားမိတယ်။

 

၂၀၀၅ ခုနစ်မှာတော့ ယင်းအဖွဲ့ကနေ ဦးဆောင်ကျင်းပတဲ့ အခမ်းအနားတခုကို အကြောင်းပြပြီး အဲဒီအဖွဲ့က ခေါင်းဆောင်တွေကို စစ်အစိုးရက ဖမ်းဆီးခဲ့တယ်။

 

စဝ်ယွက်စစ် ဦးဆောင်တဲ့ SURA ၊ RCSS တို့ကတော့ အရင်က အန်ဒီအက်ဖ် ၊ ဒီအေဘီ လို တပ်ပေါင်းစုတွေမှာ မပါခဲ့သလို ခွန်ဆာပြိုပြီးနောက် သူတို့တပ်တွေ တိုက်ပွဲပြန်ဝင်ချိန် အစောပိုင်းမှာတော့ ရှမ်း လွတ်မြောက်ရေး ကြွေးကြော်သံနဲ့အတူ လှုပ်ရှားခဲ့တယ်။

 

စီအက်စ်အက်စ်ယူပေါ်လာချိန်က အာစီအက်စ်အက်စ် အပစ်ရပ်ပြီး ၂၀၁၃ ခုနစ်ကျမှဖြစ်တယ်။ ကြံ့ခိုင်ရေး ပါတီဝင်တချို့နဲ့ သူ့မဟာမိတ် တချို့လည်း စီအက်စ်အက်စ်ယူအစည်းအဝေး လာတက်ဖူးတာ သတိပြုမိတယ်။

 

ခွန်ထွန်းဦး နဲ့ ဗိုလ်ချုပ်ဆေထင် ထောင်ကထွက်ပြီးနောက် ၂၀၁၂ မှာ SSJAC ကလည်း ပြန်အသက်ဝင်လာတယ်။

 

ခွန်ထွန်းဦး ဦးဆောင်မှုနဲ့ SSJAC အဖွဲ့ဝင်တွေ ပံ့ပိုးမှုနဲ့ ရှမ်းပြည်တွင်း အင်အားစုပေါင်းစုံ ဘုံသဘောတူညီချက်တွေ ထွက်လာအောင်ကြိုးပမ်းတာလည်း သတိထားမိတယ်။ ၀ UWSA ၊ မိုင်းလား NDAA တို့အပါဝင် ကယန်း ၊ လားဟူ ၊ ကိုးကန့် စတဲ့ အင်အားစုတွေလည်း လာပူးပေါင်း ဆွေးနွေးကြသလို နောက်ပိုင်း ကေအန်ယူ ၊ ယူအန်အက်ဖ်စီ တပ်ပေါင်းစု ကိုယ်စားလှယ်တွေလည်း UNA ၊ SSJAC တို့ကလုပ်တဲ့ နှီးနှောဖလှယ်မှုတွေမှာ ဝင်ရောက်ပူးပေါင်းခဲ့ကြတယ်။

 

၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာတော့ CSSU မှာ ခွန်ထွန်းဦး ဥက္ကဌ ဖြစ်လာတယ်။ သို့သော် ရှမ်းလူမျိုးအတွင်းမှာပဲ ဆွေးနွေးနှီးနှောမှုတွေလုပ်နိုင်ခဲ့တယ်။

 

တပြည်လုံးစာ ဘာဆွေးနွေးညှိနှိုင်းမှုမှာ မရှိပါ.။ နောက်ပိုင်းခွန်ထွန်းဦးလည်း စိတ်ပျက်လက်ပျက်နဲ့ နိုင်ငံရေးကပါ အနားယူသွားတယ်။

 

အန်အယ်လ်ဒီ အာဏာရပြီး ကျားခေါင်း SNLD ကိုနေရာမပေးတော့မှု ၊ စစ်တပ်ကော ဒီချုပ်ပါ ရှမ်းပြည်နိုင်ငံရေး ကျားကစားဖို့ လုပ်ကြတာ ၊ ၂၀၁၅ နောက်ပိုင်း ရှမ်းလက်နက်ကိုင် နဲ့ တခြား လူမျိုးစု လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ပေါ်ထွန်းမှု ၊ ပန်ဆန်း ဗဟိုပြု တိုင်းရင်းသား မဟာမိတ်တွေ ပေါ်လာမှုနဲ့ ရှမ်းအချင်းချင်း ဆွဲချမှုတွေကြောင့် နဲ့ လက်နက်နိုင်ငံရေးက ပိုအားကောင်းလာတာကြောင့် လည်း စီအက်စ်အက်စ်ယူက အောင်မြင်သင့်သလောက်မအောင်မြင်တဲ့ ကော်မတီ ဖြစ်ခဲ့တယ်လို့ မှတ်ချက်ချရမှာဖြစ်တယ်။

 

ရှမ်းပြည်တည်ဆောက်ရေး စဉ်းစားရင် လယ်ဗယ် ၃ ခုကို အမြဲ ချိန်ဆ ညှိပြီး ကစားဖို့ လိုပါမယ်။

 

(၁) လူမျိုးအတွင်း ( Micro ) ၊ (၂) ဒေသ ဆိုင်ရာ ( Meso Level နဲ့ ရှမ်းပြည်တွင်း တိုင်းရင်းသားများ အကြား ဆက်ဆံရေး )(၃) နိုင်ငံလုံးဆိုင်ရာ (တနည်းအားဖြင့် ပြည်ထောင်စုအဆင့် Macro Level )

သုံးခုစလုံးက တပြိုင်နက် ရေပြင်ညီသွားရမယ့် အပိုင်း ဖြစ်တယ်။

 

၂၀၁၂ နောက်ပိုင်း ခွန်ထွန်းဦးထောင်က ပြန်လွတ်လာခါစ ရှမ်းက အတန်အသင့် ဦးဆောင်လုပ်နိုင်ခဲ့မှုကိုကြည့်ရင် နိုင်ငံရေးအခြေအနေအရ အခြေအနေပေးတာအပြင် ၊ ရှမ်းတပ်တွေနဲ့ ရှမ်းပြည်တွင်း အခြားရှမ်းမဟုတ်တဲ့ လူမျိုးစုလက်နက်ကိုင်တွေအကြား ပဋိပက္ခ ကြီးကြီးမားမား မရှိ ရပ်စဲနေနိုင်မှုကလည်း အရေးပါမယ်ထင်တယ်။ ဒါပေမယ့် ရလဒ် ကြီးကြီးမားမားထွက်ခဲ့သလားဆိုတော့ မထွက်ပေမယ့် အတန်အသင့် ယုံကြည်မှု ဆောက်နိုင်တဲ့ သဘောဆောင်တယ်။ အဲတုန်းက SNLDအနေနဲ့လည်းအခုလို Party Platformမူဝါဒ ကြေညာစာတမ်း ( ဥပမာ ပြည်နယ်အခြေပြုပါတီ အဖြစ်ပြောင်းတာ ) မျိုးကို အသင့်မဖြစ်သေးလို့ လုပ်နိုင်ခဲ့ဟန်တော့မတူပါ။

 

စီအက်စ်အက်စ်ယူထဲက အဖွဲ့အစည်းတချို့မေးကြည့်ရင် နေရှင်နယ် ကို အမျိုးသားလို့ဘာသာပြန်ပြီး အမျိုးသားအဓိကလို့ ကြွေးကြော်တာလည်း သတိထားမိတယ်။ ယင်းအဖွဲ့အစည်းတွေက ဒီမိုကရေစီ စကားတသွင်သွင်သုံးနေတာလည်း သတိထားမိတယ်။

 

တခါက ဦးနုအာဏာသိမ်းခံရတော့ ဒီမိုကရေစီ တသွင်သွင်သုံးပြီး ဒီမိုကရေစီကို နားမလည်တဲ့ ဦးနုကို ဒေါက်တာ ဘမော်က ခုလိုထောက်ပြဖူးတယ်။

 

ဦးနုက ဒီမိုကရေစီကို ပေါ့ပေါ့တန်တန် နဲ့ နင်းကန်သုံးတယ်။အဓိပ္ပာယ်လည်း မဖွင့်ပါတဲ့။ ဂျွန်စထရက်ချေရဲ့ ဒီမိုကရေစီ ပုလင်းစောက်မျဉ်းကြောင်းကို ကြည့်ပါ။ အခြေခံ အုတ်မြစ်ရှိတယ်။ ပထမဦးစွာ အမျိုးသား နိုင်ငံရေး ၊ စီးပွားရေး၊ ပညာရေးက စလို့ တိုးတက်သင့်သလောက်တိုးတက်မှုရှိရမယ်။ ဒါမရှိဘဲ ဒါကို သဘောမပေါက်ပဲ ဒီမိုကရေစီကိုထွင်တယ် ဦးနုက လူတိုင်းကိုလုပ်ချင်ရာလုပ်ခွင့်ပေးနေတယ်။ ဒါကြောင့် ဒီမိုကရေစီ တည်ဆောက်မှု အားမကောင်းပါ လို့ ဆိုခဲ့တယ်။

 

တကယ်တော့ စီအက်စ်အက်စ်ယူအဖွဲ့ဝင်တချိုံ သူတို့ပြောနေတာ အမြင်ကျဉ်းမျိုးချစ်ဝါဒ Insular Patriotism သာဖြစ်တယ်။

 

နေရှင်နယ်လစ်ဇင်ဆိုတဲ့ ကိစ္စကို အတိုချုံ့ပြောရရင် အားနက်စ် ဂဲလ်နာ ဆိုတဲ့ ပုဂ္ဂိုလ် အဓိပ္ပာယ်ဖွင့်ဆိုမှုအရ- နေရှင်နယ်လစ်ဇင်ဆိုတာ နိုင်ငံရေးအရ စွဲကိုင်ရမယ့် အခြေခံမူလို့ဆိုပြီး နိုင်ငံရေးနဲ့ နေရှင်နယ်လစ်ဇင်က ထပ်တူကျရမယ်လို့ဆိုတယ်။ နေရှင်နယ်လစ်ဇင်က ကျရောက်နေတဲ့ နယ်နိမိတ် တခုအတွင်း နိုင်ငံရေးအရ တရားဝင်နည်းလမ်းကျမှု ( Legitamacy ) လို့ ဆိုလိုတဲ့ Guibernau နဲ့ Rex 1997 လို ပုဂ္ဂိုလ်တွေလည်း ရှိနေတယ်။

 

တဘက်က ရှမ်းပြည်မှာ လူမျိုးစုအလိုက် လူမျိုးရေး ထောင်လာမှုမှာ ပြည်မ ခေါင်းဆောင်တွေ ၊ အုပ်စုတွေရဲ့ ပယောဂလိုလည်း နားလည်ထားဖို့လိုအပ်မယ်။

 

မင်းခင်မောင်ရင် (၂၀၁၇) ၊ ကွဲပြားခြားနားသော လူ့အဖွဲ့အစည်းတွင် နိုင်ငံတည်ထောင်ခြင်းနှင့် နိုင်ငံတော်တည်ဆောက်ခြင်း ဆောင်းပါးမှာဆိုရင်

 

လွန်ခဲ့သည့် နှစ်များအတွင်း လူများစုဗမာများကို အဓိကကိုယ်စားပြုကြသည့် မြန်မာနိုင်ငံရေး ခေါင်းဆောင်များ၏ နိုင်ငံတည်ထောင်ရေးဆိုင်ရာ အကောက်အယူမှာ လုံးလုံးပိတ် တစ်ပြည်ထောင် အမျိုးသားနိုင်ငံစနစ်မှ ဖက်ဒရယ်စနစ်သို့ ပြောင်းလဲလာသည်ဟု ဆိုနိုင်သော်လည်း ဆိုခဲ့သည့် ခေါင်းဆောင်များ တည်ဆောက်ရန် ကြိုးပမ်းနေသည့် ဖက်ဒရယ်စနစ်မှာ လူမျိုးစုဖက်ဒရယ်စနစ် မဟုတ်ဘဲ လူမှု-ယဉ်ကျေးမှုချင်း ကွဲပြားနေကြသည့် လူနည်းစုလူမျိုးစုများအား ဝါးမျို ဖျက်သိမ်းရေးသို့ ဦးတည်သည့် လူမျိုးစု ရောနှောကွယ်ပျောက်ရေး ဖက်ဒရယ်ပုံစံမျိုး ဖြစ်နေသည်ကို တွေ့ရပါသည်။ လို့ဖော်ပြထားတယ်။

 

အခုရှမ်းအချို့ကိုင်စွဲနေတာ လူမျိုးရေးကို လူမျိုးရေးနဲ့ ခုခံ ဆိုတဲ့အမြင်မျိုးဖြစ်တယ်။ ဒါပေမယ့် ရှမ်းလို ပြည်နယ်မှကျတော့ လူမျိုးစုံ ၊ ဘာသာစကားစုံပြီး လူမျိုးရေးအရ နိုင်ငံရေးသက်ဝင်နေတာကြောင့် လူမျိုးရေးမျိုးချစ်ဝါဒသက်သက်နဲ့ခုခံဖို့ ဆိုတဲ့ကိစ္စက အတော်မလွယ်လှတဲ့ကိစ္စ ဖြစ်လာတယ်။

 

တခါတုန်းက ရှမ်းတော်လှန်ရေးခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ စဝ်ဇန့်ယောင်ဟွေက စစ်အာဏာရှင် တွေဟာ ဗမာ့လူမျိုးကြီးဝါဒကို ကျင့်သုံးသူတွေဖြစ်လို့ အဲလို လူမျိုးကြီးဝါဒနဲ့ ပြန်တုံ့ပြန်တာမျိုး မလုပ်သင့်သလို တိုင်းရင်းသားတွေအနေနဲ့ မျိုးချစ်ဝါဒ သက်သက်နဲ့လည်း တုံ့ပြန်ဖြေရှင်းတာမျိုး မလုပ်သင့်ဘူးလို့ ထောက်ပြဖူးတယ်။

 

CSSU ကို ပြန်ကြည့်ရင် ကစဉ့်ကလျားနဲ့ပဲ ဖြတ်နေရပြီး အထက်က ဖော်ပြခဲ့တဲ့ နိုင်ငံရေးအရ တည်ဆောက်မှု လယ်ဗယ် ၃ ခုကို ချိန်သားကိုက် ချိတ်ဆက်နိုင်မှုလည်း မရှိခဲ့ပါ။ ဒါဟာ တချိန်က ပြည်ထောင်စုအမြင်နဲ့ တခြားတိုင်းရင်းသားလူမျိုးတွေကို ဦးဆောင် ဖက်ဒရယ်တောင်းဖူးတဲ့ ရှမ်းတွေရဲ့ နိုင်ငံရေးအရ ကျဆင်းသွားမှု ပြယုဂ်လည်းဖြစ်တယ်။

 

ဟာရာရီအဆိုအရတော့-

စစ်ရေးတိုးချဲ့ရေးလိုကိစ္စတွေကအစ နေရှင်နယ်လစ်ဇင်ကို သုံးလေ့သုံးထရှိတယ်။ မကြာခဏ ပဋိပက္ခတွေကို ဦးတည်တတ်တဲ့နေရှင်နယ်လစ်ဇင်မျိုး ၁၉ ရာစုနဲ့ ၂၀ ရာစုအစပိုင်းမှာ ကြုံခဲ့ရတယ်။ ဆိုဖူးတယ်။

 

အဲတော့ တအန်းတပ်ဖွဲ့ လူ ၄၀၀၀ ၊ အာစီအက်စ်အက်စ် လူ ၆၀၀၀ လောက်ရှိစဉ်က ပဋိပက္ခ မဖြစ်ဘဲ လူသောင်းချီနီးပါးရှိလာချိန် ဘာကြောင့် ပဋိပက္ခဖြစ်ကြသလဲဆိုတာရဲ့ အဖြေဖြစ်နိုင်တယ်။ တဘက်မှာလည်း တပ်ဖွဲ့တွေသာ တိုးလာ နယ်နိမိတ်က အမြဲ အသေ ဖြစ်နေတယ် မဟုတ်ပါလား။

ရှမ်းပြည်မှာ အမျိုးသားအလံထောင်ပေမယ့် လူမျိုးရေးအရ သိပ်မပြင်းထန်တဲ့ ၃ ဖွဲ့ရှိတယ်။

၁ / ကျားခေါင်း SNLD ၂ / NDAA မုန်းလား ၃/SSPP/SSA တို့ဖြစ်တယ်။

 

ရှမ်းပြည်လူမျိုးစု တပ်တွေအကြားတင်းမာမှုက အတန်ငယ်ကံကောင်းသေးတဲ့အချက်က လူမျိုးအလိုက် အကြမ်းဖက်မှု Communal violence အသွင်မပြောင်းသေးတာ တခုပါပဲ။ တနည်းအားဖြင့် မကျေမချမ်းမှု ရှိကောင်းရှိနိုင်ကြသော်လည်း ယင်းအဆင့်အထိ အရောက်မခံလိုတဲ့ အယူအဆမျိုး ရှမ်းပြည်နေ လူမျိုးစုံ ပြည်သူတွေမှာ ရှိနေသေးတာ၊ ဖြစ်နေတဲ့ Inter ethnics conflicts တွေကို တပ်တွေကြောင့် ဖြစ်တာ ဆိုတဲ့ အယူအဆမျိုးနဲ့ တဘက်ကလည်း လူမျိုးစု ၀ိသေသလက္ခဏာအရ သိပ် Aggressive မဖြစ်တဲ့ လူမျိုးစုတွေအများစုဖြစ်နေတာကလည်း သက်သာရာရစေသေးတဲ့အချက်တွေထဲ ပါကောင်းပါနိုင်ပါတယ်။

 

လူမျိုးစုတပ်တွေအကြား၊ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေအကြား ဆက်ဆံရေးကောင်းမွန်အောင် ထိုမှတဆင့် ညီညွတ်အောင် တည်ဆောက်မယ်ဆိုရင်တော့ လူ့အဖွဲ့အစည်းအလိုက် အလွှာလိုက် ဆက်ဆံရေး တည်ဆောက်မှုကသာ ရေရှည်အတွက် အဖြေဖြစ်ပါမယ်။

 

တနည်းအားဖြင့်တော့ ပဋိပက္ခ အသွင်ကူးပြောင်း တိုးတက်စေရေး Conflicts Transformation မူဘောင်အရ ချဉ်းကပ်မှုမျိုးပါ။ တချိန်တည်းမှာလည်း ရှမ်းလို လူမျိုးကြီးတွေက ရှမ်းပြည်နေရှမ်းမဟုတ်တဲ့ အခြားလူမျိုးစု တိုင်းရင်းသား အလတ် ၊ အငယ်တွေအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ကို သတ်သတ်မှတ်မှတ် ကြေညာပေးဖို့လိုနေပါတယ်။

 

လူမျိုးစုတပ်တွေအကြား ချိန်ညှိ အားပြိုင်နေမှုကို လွန်ခဲ့တဲ့ နှစ်တွေအတွင်း အခြေအနေကို မိုင်းလားတပ်ဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကြည်မြင့်က ခုလို ထောက်ပြခဲ့ဖူးတယ်။

 

‘ လူမျိုးကြီးက လူမျိုးကြီးဝါဒ ကျင့်သုံးတာ မကောင်းသလို ၊ လူမျိုးငယ်တွေကလည်း တဘက်က မပေးနိုင်တာကို အတင်းအုပ်စုဖွဲ့အကြပ်ကိုင် တောင်းဆိုနေတာမျိုးတွေက ရှမ်းပြည်အတွက် ယခုကော အနာဂတ်အတွက်ပါ မကောင်းဘူး။’

 

 

( ဦးကြည်မြင့် NDAA )

 

စိုင်းထွန်းအောင်လွင်

ဖက်ဒရယ်ဂျာနယ် (ဇန်နဝါရီ ၁၊ ၂၀၂၂ )