• Today is: Sunday, February 25, 2024

နှစ် ၁၀၀ ကျော်မှ ကရင့် ဝိသေသ ကို နားလည်လာတဲ့ လူအုပ်ကြီး

၂၀၂၁ အာဏာသိမ်းပွဲနောက်ပိုင်း ပြည်မလူထု အစာနာဆုံး အားအပေးဆုံး လက်နက်ကိုင်တပ်ဖွဲ့ များတွင် ကရင်တို့၏ ကရင်အမျိုးသားအစည်းအရုံး ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် လည်း ပါဝင်သည်။

 

 

၈၈၈၈ ကာလက ကျောင်းသားများ ဒီမိုကရေစီ လှုပ်ရှားသူများကို လက်ခံထားသည့်အတွက် တစုံတရာ ပြည်မနိုင်ငံရေးအသိုင်းအဝိုင်းနှင့် နားလည်မှုတည်ဆောက်နိုင်ခဲ့သည်ဟု ဆိုသည့်တိုင် ဗမာလူများစုနှင့် ကရင်တို့အကြား နားလည်မှုအရှိလာဆုံးကာလသည် လက်ရှိကာလဟု ဆိုရလျှင်မှားအံ့မည်မထင်ချေ။

ပြန်ကြည့်လျှင် ကရင်တို့၏ အမျိုးသားလက္ခဏာတည်ဆောက်မှုမှာ ဗမာအမျိုးသားရေးနိုးကြား လာသည့် ၂၀ ရာစု ဆန်းကာလထက်ပင် များစွာစောနေပါသည်။

 

 

ဗမာများအဖို့ ၄င်းတို့နှင့် သက်ဆိုင်သည့် ဘာသာရေး၊ နိုင်ငံရေးအသင်းအဖွဲ့များမှာ ၁၉ ရာစု အကုန် ၂၀ ရာစု ခေတ်ဦးတွင်မှ ပေါ်ပေါက်ခဲ့သော်လည်း ကရင်တို့ကမူ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်ကို ၁၈၄၁ ခုနှစ်တွင်၄င်း ၊ ကရင်အမျိုးသားအစည်းအရုံး ဒေါကလူကို ၁၈၈၁ ခုနှစ် သီပေါမင်း ပါတော်မမူခင် ၄နှစ်အလိုတွင် လည်းကောင်းထူထောင်ခဲ့ကြသည်။ အမေရိကန်နှင့် ဗြိတိန်တွင် အစောဆုံး ပညာတတ် မြောက်ခဲ့ကြသည့် ကရင်လူကြီးများသည် ကရင်အမျိုးသား ဝိသေသ လက္ခဏာကို တည်ဆောက်ရန်နှင့် ကရင်အမျိုးသား ညီညွတ်ရေး ၊ နိုင်ငံရေးအခွင့်အရေးများရရှိရန် ဒေါကလူကို တည်ထောင်ခဲ့ခြင်းဖြစ် သည်။

 

 

ဗမာဘုရင်လက်ထက်ကစ၍ အင်္ဂလိပ်လက်ထက်အထိ ကရင်တို့ ကြုံတွေ့ရသည့်ပြဿနာမှာ လူအများ ရှေ့ ၊ တရားရုံးအပါအဝင် ရုံးများတွင် ဗမာစကား ပြောရခြင်းဖြစ်ပြီး ဗမာစကားကို လည်လည်ဝယ်ဝယ် ပြောနိုင်သည့် ကရင်မှာ အနည်းငယ်သာဖြစ်သဖြင့် ကရင်စာမသင်မနေရ တောင်းဆိုမှုများမှာ ဗြိတိသျှလက်ထက် အစောပိုင်းကတည်းက ရှိခဲ့သည်။ ၁၉၂၃ ဒိုင်အာခီ အုပ်ချုပ်ရေးအစတွင် ကရင်အမတ် ၅ နေရာရခဲ့ပြီး ၁၉၃၀ ကတည်းက ကရင်ခေါင်းဆောင် စောစံစီဖိုးဟာ ကရင် သီးခြားနိုင်ငံအဖြစ် သတ်မှတ်ပေးရန် အင်္ဂလိပ်တို့ထံ စတင်တောင်းဆိုခဲ့သည်။

 

 

ဗြိတိသျှလက်အောက်တွင် ကိုယ်ပိုင်အုပ်ချုပ်မှု ဆက်ရှိခဲ့သည့် ရှမ်းများအနေဖြင့်မူ ဗမာ အခြေပြု နိုင်ငံရေးနှင့် ပြန်လည် ဆက်ဆံရမည့် အရေးမှာ စစ်အတွင်းကာလတွင် စတင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုရမည်။ ဗမာများ ထီးနန်းဆုံးရှုံးခဲ့ချိန်တွင် ရှမ်းစော်ဘွားများမှာ ဆက်အာဏာရှိနေသည့်အတွက် ဗမာနိုင်ငံရေးသမားများ အမြင်တွင် ရှမ်းပြည်အုပ်ချုပ်ရေးအပေါ် မကြည်လင်မှုများအစောပိုင်းကတည်း က ရှိခဲ့သည်။ ဝေလမင်းသား မြန်မာပြည်သို့ ရောက်လာချိန်တွင် အစည်းအဝေးတရပ်တွင် ဗမာကိုယ်စားလှယ်များမှ ရှမ်းကိုယ်စားလှယ်များ နေရာများများ ရခဲ့မှုအပေါ် မကျေမနပ်ဖြစ်ပြော ဆိုရာတွင်’ ကျွနု်ပ်တို့ မိတ်ဆွေ စော်ဘွားများမှာ ဗမာများပင်ဖြစ်ပြီး တိုင်းပြည်ဆုံးရှုံးခဲ့ရသည့် ကျွနု်ပ်တို့မှာ လူနည်းစု အုပ်ချုပ်ရေး၏ ခြိမ်းခြောက်မှုပင် ခံနေရသည်ဟု ဗမာကိုယ်စားလှယ်အဖွဲ့မှ ပြောဆိုခဲ့သည်။ ယင်းအချက်မှာ ဗမာအမျိုးသားတို့၏ ပူပန်မှုတွင် ၄င်းတို့အခန်းကဏ္ဍ သက်သက် သာမက လူနည်းစုကြောက် ရောဂါကိုပါ ထင်ဟပ်စေသည့် မှတ်ချက်လည်းဖြစ်နိုင်ပါသည်။ ဥပမာ ဘီအိုင်အေ ဖွဲ့ရန် ရဲဘော်သုံးကျိပ် ရွေးစဉ်က ရခိုင် အချို့မှာ ရဲဘော်သုံးကျိပ်ထဲ ရခိုင်အချို့ထည့်သွင်းရန် တောင်းဆိုသော်လည်း ခွင့်မပြုခဲ့ကြပါ။ မည်သို့ပင်ဆိုစေ စစ်အာဏာရှင်တာရှည်ခံရခြင်းမှာ ဗမာဗုဒ္ဓဘာသာ အမျိုးသားရေး ကြီးစိုးတိုင်းပြည် အယူအဆ လက်ကိုင်ထားမှုကို လူအများစုက မသိမသာသော်လည်းကောင်း ၊ သိသိသာသာသော်လည်းကောင်းနှစ်ပေါင်းများစွာ ကြိုက်နှစ်သက်ခြင်း သို့မဟုတ် အလေးမပြုခဲ့ခြင်း တို့ကြောင့်ဖြစ်ပါသည်။ စောဘဦးကြီးနှင့် အထူးရင်းနှီးခဲ့သည့် ဝန်ကြီးချုပ် ဦးနုသည်ပင်လျှင် လကျာ် ပေါ်ပြူလစ်ဇ် လူအုပ်ဝါဒ ကြောင့်ပင် ကရင်တို့နှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည့်အခွင့်အလမ်းကို လက်လွှတ်ခဲ့ရသူဖြစ်သည်။ နောက်ဆုံးတွင်တော့ ၄င်းကိုယ်တိုင်ပင် ကရင် နယ်ထဲ ခိုလှုံခဲ့ရသည့် အခြေအနေ ရောက်ခဲ့သည် မဟုတ်ပေလော။

 

 

မြန်မာပြည် ပြည်တွင်းစစ် အစ ပြဿနာ နှစ်ခုမှာ အိုင်ဒီယိုလိုဂျီ နှင့် လူမျိုးစု အမှတ်သရုပ်လက္ခဏာ ပြဿနာဟု ယျေဘူယျအားဖြင့်ဆိုကြသည်။ တခုမှာ ကွန်မြူနစ်တို့၏ ပုန်ကန်မှု ဖြစ်ပြီး၊ ကွန်မြူနစ်တို့ ပုန်ကန်မှုအပြီး ၈ လခန့်အကြာတွင် စတင်ဖြစ်ပွားခဲ့သည့် ကေအန်ဒီအို တို့၏ ပုန်ကန်မှုမှာ ပြည်တွင်းစစ် အစောပိုင်း အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်စေခဲ့ပြီး နိုင်ငံ၏ နယ်မြေအများစုနှင့် ဗဟိုအစိုးရအထိုင်ချရာ ရန်ကုန်မြို့အကြား ကူးသန်းသွားလာဆက်သွယ်ရေး လမ်းကြောင်းများ ကာလအတန်ကြာ ပြတ်တောက်ခဲ့ရသည်။ ပြန်ကြည့်လျှင် ၁၉၄၁ ခုနှစ်မှစ၍ မည်သည့် အစိုးရကမျှ ဗမာပြည်တပြည်လုံးကို အုပ်ချုပ်နိုင်သည်ဟူ၍လည်း မရှိခဲ့ပါချေ။

 

 

စတာလင်ဝါဒီ သခင်စိုး၏ အလံနီက စတင်ပုန်ကုန်သူဖြစ်ခဲ့သော်လည်း နောက်ထပ် ထကြွပုန်ကုန်သည့် သခင်သန်းထွန်း၏ ဗမာပြည်ကွန်မြူနစ်ပါတီမှာ အစိုးရကို အစောပိုင်း တိုက်ခိုက်နေသည့် ရန်သူများ အနက် အတောင့်တင်းဆုံးဖြစ်သည်။ ဖဆပလ သည် အင်္ဂလိပ်လက်ခုပ်ထဲမှ ရေသာ ဖြစ်ကြောင်းနှင့် လက်ရှိ အစိုးရကို ဖြုတ်ချပြီး စစ်မှန်သော ပြည်သူ့အစိုးရဖွဲ့ရန်လိုကြောင်း ၄င်းတို့က ထောက်ပြ စောဒက တက်ကြသည်။ ပြည်သူ့အရေးတော်ပုံစတင်ရန် ရန်ကုန်တွင် တိုက်တွန်းခဲ့ပြီးနောက် အဖမ်းခံရမည့် သတင်းကြိုရ၍ ပျဉ်းမနားသို့ တောခိုသွားကြသည်။ စစ်ဆင်ရေး စတင်ကြောင်း အမိန့်ပေးပြီးနောက် ဧရာဝတီမြစ်ဝှမ်း အထက်နှင့် အောက်ဘက်ရှိ တမြို့ပြီးတမြို့ ကွန်မြူနစ်သို့လက်အောက်သို့ ကျရောက် သွားသည်။ ယင်းကာလမှာ ၁၉၄၈ လွတ်လပ်ရေးရပြီး လပိုင်းအကြာတွင်ဖြစ်သည်။

 

 

ကွန်မြူနစ်များ သူပုန်ထမှုအပေါ် သိန်းဖေမြင့်က ကျော်ငြိမ်းသည် မမွေးချင်သည့် သားအား အချိန် မတိုင်မှီ ဖျက်ချရန် ကြိုးပမ်းခဲ့သည်ဟု ညွှန်းဆိုခဲ့မှုမှာ ကွန်မြူနစ်ခေါင်းဆောင်များအား ဖဆပလ အထွေထွေအတွင်းရေးမှူးနှင့် အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်နေသူ ဦးကျော်ငြိမ်းက ဖမ်းဆီးမှုအပေါ် ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။

 

 

၁၉၄၈ မိုးရာသီအရောက်တွင် တပ်မတော်ထဲမှ အချို့က တပ်မတော်ကို စွန့်ဖယ်ခွာလာကြပြီး ထိုစဉ်က တပ်မတော်အင်အားမှာ ရှေ့ထွက်များအပါအဝင် စုစုပေါင်း တပ်ရင်း ၁ဝရင်းဖြင့် အင်အား တသောင်းခွဲ သာ ရှိလေသည်။ ယင်း တပ်ဖွဲ့ဝင်များအနက် တဝက်ခန့်မှာ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်သည့် ဗမာတိုင်းရင်းသားများဖြစ်သည်။ ပြည်သူ့ရဲဘော်များ ၊ သရက် အမှတ် ၂ သနက တပ်ရင်းနှင့် မင်္ဂလာဒုံ အနီးမှ အမှတ် ၃ သနက တပ်ရင်းတို့လည်း တောခိုကြကာ အစိုးရ ဘဏ္ဍာတိုက်ထဲမှ ငွေအများအပြား ထုတ်ယူမှု ရဲစခန်းများ ၊ မြို့များအသိမ်းခံရမှုများ ဖြစ်ပြီး ထိုအချိန်တွင် တိုင်းပြည်၏ မြို့တဝက်ခန့် တွင်အစိုးရ အုပ်ချုပ်မှု မရှိတော့ပါ။ ယင်းကာလအထိ အစိုးရသည် ဗြိတိသျှ တပ်မတော်ထံမှ အမွေရလိုက်သည့် ကချင်နှင် ကရင် ရိုင်ဖယ် တပ်ရင်း (၆) ရင်း၏ အင်အားကိုသာ အားကိုးနေရသည်။

 

 

ဒီဇင်ဘာလတွင် ပျဉ်းမနားဌာနချုပ်မှ ကွန်မြူနစ်များအား မောင်းထုတ်နိုင်ခဲ့ပြီး ၊ တောင်ငူတွင် ကွန်မြူနစ် ၃၀၀၀ ခန့် လက်နက်ချပြီး ယင်းရလဒ်မှာ သစ္စာရှိ ကရင်နှင့် ကချင် စစ်သည်များ၏ ကြိုးပမ်းမှုကြောင့်ဖြစ်သည်။ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ကရင်တိုင်းရင်းသား ဗိုလ်ချုပ်စမစ်ဒွန်းဖြစ်ကာ ကချင်တပ်မှူးတဦးမှာ ဂျပန်ဆန့်ကျင်ရေးတွင် ပါဝင်သဖြင့် ဆုတံဆိပ်များစွာ ချီးမြှင့်ခြင်းခံထားရသည့် ဗိုလ်နော်ဆိုင်းဖြစ်သည်။

 

 

သဘာဝကျစွာပင် ကရင်တပ်သားများမှာ အစိုးရဘက်မှ ဝင်ကူနေခြင်းမှာ သဘာဝကျ၏လော ( သို့တည်းမဟုတ် ) လက်ရှိအချိန်ကို အသုံးချ၍ မိမိတို့လိုလားသည်ကို တောင်းဆိုခြင်းက သင့်မသင့်ဆို သည့်အချက်ကို တွေးလာကြပါသည်။

 

 

တဘက်တွင်လည်း ကရင်-ဗမာ အဓိကရုဏ်းမှာ ဘီအိုင်အေ ဝင်လာစ ခေတ်ကပင်စတင် ဖြစ်ပွားခဲ့ သည်ဆိုသော်ငြားလည်း သင့်တင့်လျောက်ပတ်သည့် ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေး အတွက် ညှိနှိုင်းမှုများအဖြေမထွက်ခဲ့သည့် အလျောက် တအုံနွေးနွေးနှင့် စစ်အေးလို ဖြစ်နေခဲ့သည်။

 

 

ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှများ ချန်ထားခဲ့သည့် လက်နက်များနှင့် ကရင်တပ်များသည် ဂျပန်တပ်များနှင့် အတူဝင်လာသည့် ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်များနှင့် ပဋိပက္ခများဖြစ်ခဲ့ သည်။ ကရင်ဗမာ အထိကရုန်းဖြစ်ခဲ့သည်။ ရဲဘော်သုံးကျိပ်ထဲက ဗိုလ်ဉာဏနဲ့ ဗိုလ်စောအောင်တို့ ကရင်များနှင့် တိုက်ပွဲမှာ ကျဆုံးခဲ့သလို ကရင်ဘက်ကလည်း ဝန်ကြီးချုပ်ဟောင်း စောဖေသာနဲ့ အင်္ဂလိပ်ဇနီး၊ သားသမီးတွေ မြောင်းမြမှာ မြန်မာ ဘက်က သတ်ဖြတ်မှုကိုခံခဲ့ရသည်။

 

 

အခြေအနေကို အမြန်ဆုံးထိန်းဖို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွကရင်လူကြီးများ စီစဉ်ရသည်။

 

 

စောကြာဒိုးနှင့် ကရင်အရာရှိများအား ဘီအိုင်အေမှာ ခန့်ထားမှုများ လုပ်ရသည်။ သို့သော် လူမျိုးရေး မုန်းတီးမှု ကတော့ နဂိုရှိရင်း အထင်အမြင်မှားမှုတွေပေါ်မှာ ထပ်ဆင့်တိုးသွားခဲ့သည်။

 

 

ယင်းကာလတွင် ကာလတွင် ကေအန်ယူက ကေအန်ဒီအို ခေါ် ကရင်အမျိူးသား ကာကွယ်ရေး တပ်မတော်ကို ဗြိတိသျှ လဲဗီး စစ်သည်ဟောင်းများ ၊ စစ်ပြန်များဖြင့် စတင်ထူထောင်လာသည်။ အဆိုပါ ကရင်တပ်ဖွဲ့များမှာ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်ဆန့်ကျင်ရေး ပျောက်ကျား တပ်ဖွဲ့ဝင်ဟောင်းများ လည်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိသျှတို့၏ စီးပွားရေးအရ စစ်ဆင်မှု ဝန်ကြီးဌာန လက်အောက်ရှိ အထူးစစ်ဆင်ရေး အကောင်ထည်ဖော်ရေးအဖွဲ့မှ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည့် ပျောက်ကျားအဖွဲ့ဖြစ်သည်။ထို့ကြောင့် ကရင်လက်နက်ကိုင် ပုန်ကန်သူများမှာ ကောင်းစွာစုဖွဲ့ပြီးသား ဖြစ်နေသည့်အပြင် လက်နက်များ ကိုင်တွယ် အသုံးပြုပုံနှင့် ပြောက်ကျားနည်းဗျူဟာများတွင်လည်း လေ့ကျင့်သားပြည့်ဝနေသူများ ဖြစ်ကြသည်။ ထို့ပြင် ဂျပန်နှင့် ဖြစ်ပွားသည့် စစ်ကြီးပြီးဆုံးသွားချိန်တွင် ကရင်တို့ထံပေးအပ်ထားသည့် လက်နက်ခဲယမ်းများ ပြန်လည်စုဆည်း သိမ်းဆည်းထားမှုမရှိပါ။ ကရင်တို့ဘက်မှလည်း ဗြိတိသျှ ဘုရင်ခံထံသို့ တရားဝင်စာရေးသားပေးပို့ပြီး မြန်မာလူမျိုးတို့၏ ရန်မှ ၄င်းတို့ ကိုယ့်ကို ကာကွယ်နိုင်ရန်ဟူသော အကြောင်းပြချက်ဖြင့် လက်နက်များကို မသိမ်းဆည်း နိုင်ကြောင်း ထပ်လောင်းအတည်ပြုထားခဲ့ကြသည်။ ထို့ပြင် စစ်ဗာရီများ ၊ဘားမားရိုင်ဖယ်တပ်မှ ထွက်လာသည့် ကရင်စစ်သားဟောင်းများ ၊ ၁၉၄၂-၁၉၄၄ အတွင်း ဗြိတိသျှနှင့် အမေရိကန်တပ်များ မြန်မာမြောက်ပိုင်း ခံစစ်စည်းအတွက် ယာယီစစ်သားစုဆောင်းခန့်ထားခဲ့သည့် ကရင်လူမျိုးများမှာ လည်း လက်နက်စွဲကိုင်ထားကြဆဲဖြစ်သည်။

 

 

အစောပိုင်းကာလတွင် ကရင်စစ်ရဲများသည် မော်လမြိုင်မြို့ကို သိမ်းပိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ကရင်ခေါင်းဆောင်များ၏ ကြားဝင် ညှိနှိုင်းပေးမှုဖြင့် မော်လမြိုင်ကို ပြန်လည်စွန့်လွှတ်ခဲ့ကြသည်။

 

 

ကေအန်ယူထဲတွင်လည်း စောဘဦးကြီးကဲ့သို့ အစိုးရနှင့် ဆက်ဆွေးနွေးလိုသည့် ပုဂ္ဂိုလ်များ ရှိနေသကဲ့ သို့ မန်းဘဇံ ၊ သရာသာထိုတို့ကဲ့သို့သော ကရင်ခေါင်းဆောင်အချို့မှာ ပေါ်ပေါက်နေသည့် အခွင့်အရေး ကို လက်လွှတ်မခံသင့်ဘဲ တိုက်ယူဖိအားပေးရန် ရပ်ခံမှုရှိသည်ဟု မှတ်တမး်အချို့က ဆိုသည်။

 

 

ကရင်တို့ကို မုန်းသော မြန်မာများ ရှိသလို သီးခြားပြည်ထောင် ထူရန် လက်တစ်ကမ်းသာ လိုတော့ သည်ဟု မှတ်ယူထားသော ကရင်များလည်း ပါသည်။ “လာအိုနည်းတူ”ဟု ဆိုသူများလည်း ရှိသည်။ ကရင်တို့ကို မြှောက်ပင့်ပေးသည့် ဗြိတိသျှ အမှောင့်ပယောဂကလည်း ရှိနေသည်။ တရားမဝင် လက်နက်ခိုးသွင်းမှုဖြင့် စစ်ကြီးအတွင်းက ဗြိတိသျှအထူးတပ်ဖွဲ့ အမှတ် ၁၃၆ တပ်ဖွဲ့ဝင်ဟောင်း အနည်းဆုံး နှစ်ဦး ဖမ်းဆီးခံရပြီး ပြည်နှင်ဒဏ် ပေးခံရသည်။ (ယင်း ၁၃၆ မှာ အထက်တွင် ဖော်ပြခဲ့သည့် ဗြိတိသျှတို့၏ စီးပွားရေးအရ အထူးစစ်ဆင်မှုဌာန လက်အောက်ခံဖြစ်သည်။ )

 

 

ကရင်ပြည်နယ်သတ်မှတ်ပေးရေးမှာ အစောပိုင်းကတည်းက သဘောတူခဲ့သည့် အကြောင်းအရာ ဖြစ်သော်လည်း ပြည်နယ် အရွယ်အစား ၊ လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ၊ အုပ်ချုပ်ရေးနှင့် ဗျူရိုကရေစီယန္တရားတို့တွင် လူဦးရေအချိုးအစားအလိုက် ကရင်တို့အား ခန့်ထားခွင့်တို့မှာ ဗိုလ်ချုပ်အောင်ဆန်း ရှိကတည်းက သဘောမတူနိုင်ဖြစ်ကြရသည်။

 

 

ထိုအချိန်တွင် ကေအန်ဒီအိုတို့၏ အင်အားမှာ ၁ သောင်းလောက်ရှိနေပြီး ဆက်လက်လည်း တိုးချဲ့နေရာ၊ အင်အားကြီးနိုင်ငံများ လက်တွင်း ရှိနေသော အနုမြူစွမ်းအင်ကဲ့သို့ စစ်ပွဲတွင် သုံးလျှင်လည်းရ ၊ ငြိမ်းချမ်းရေးအတွက် သုံးလျှင်လည်းရသည့် အခြေအနေမျိုးဖြစ်သည်ဟု ထိုစဉ်က တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်စမစ်ဒွန်းက မှတ်ချက်ပြုသည်။

 

 

တချိန်တည်းတွင်လည်း ဦးနုမှာ စောဘဦးကြီးတို့နှင့် ဆွေးနွေးလျက်ပင်ရှိနေသည်။ ငြိမ်းချမ်းရေးအတွက် ကေအန်ဒီအို ခေါင်းဆောင်များနှင့် တွေ့ဆုံ မေတ္တာရပ်ခံချင်သည်ဟု ဦးနုက ပြောသည့်အတွက် စောဘဦးကြီး၏ တာဝန်ယူမှုဖြင့် အင်းစိန် ကေအန်ဒီအို ဌာနချုပ်ဆီသို့ ဦးနုကိုယ်တိုင် သွားတွေ့ခဲ့သည်။ စောဘဦးကြီးယောက္ခမကြီး ဦးဇံနေအိမ်တွင် ဝန်ကြီးချုပ် သခင်နုကို ကြာဇံခေါက်ဆွဲဖြင့် ဧည့်ခံပြီး ကေအန်ဒီအို ခေါင်းဆောင်များဟာ ဦးနုကို လေးလေးစားစား ဆက်ဆံကြသည်။ ကရင်-ဗမာ ပြဿနာအား မိသားစုများကဲ့သို့ အတူတူထိုင်၍ ဖြေရှင်းကြရအောင်ဆိုပြီး နောက်ရက်တွင်ပင် ပုသိမ်တွင် ကရင်နှင့် ဗမာ ရန်စောင်နေကြပြန်ပြီဟူသည့် သတင်းရသဖြင့် ရေတပ်ဗိုလ်စောဂျက်နှင့်အတူ ဦးနုမှာ ပုသိမ်သို့ ဆင်းသွားရသည်။

 

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရေးရာများကို လေ့လာစစ်ဆေးမည့် ကော်မရှင်တရပ်ကို ဖွဲ့စည်းခဲ့ပြီး ထိုကော်မရှင်မှာ မျှတသော ကိုယ်စားပြုအဖွဲ့တဖွဲ့ဖြစ်သော်လည်း နှစ်ဘက်စလုံးတွင် နည်းနည်းမှပင် လျှော့မပေးချင်သူက များနေပါသည်။

 

 

ဦးနုမှတ်တမ်းတွင်မူ ကေအန်ယူ တောင်းဆိုချက် ၃ ချက်ဖြစ်သည့် (က) ကရင်ပြည်နယ် သတ်မှတ် ပေးရေး ၊ (ခ) ရရှိလာသော ကရင်ပြည်နယ်မှာ ပြည်ထောင်စုအတွင်း ခွဲထွက်လိုက ခွဲထွက်ခွင့် (ဂ) ကရင်ပြည်နယ်ထဲတွင် ပဲခူးတိုင်း ၊ တနသာင်္ရီတိုင်း ၊ ဧရာဝတီတိုင်း ဒေသများပါ ပါဝင်ဟု ဖော်ပြထားပြီး ( က) လို လိုက်လျောနိုင်ပြီး ၊ (ခ) ကို မလိုက်လျောနိုင်သလို ၊ (ဂ) အချက်ကိုတော့ ကော်သူလေး နယ်နိမိတ် ကော်မရှင်အဖွဲ့က ထောက်ခံမည့် ဒေသကိုသာ ကရင်ပြည်နယ်ထဲ ထည့်ပေးရန် အစိုးရ အဖွဲ့က ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

 

 

ယင်းကာလတွင် ကရင်အရေးညှိနှိုင်းနေသည့် ဦးနုအား ကရင်နုအဖြစ် ဗမာ့နိုင်ငံရေး အသိုင်းအဝိုင်းက သမုတ်ခေါ်ဝေါ်သည်များလည်းရှိသည်။

 

 

ဗိုလ်ချုပ်စမစ်ဒွန်းမှာ ကွန်မြူနစ် ရန်ကာကွယ်ရန်အတွက် ကေအန်ဒီအို အသုံးတည့်ကြောင်း သက်သေ ထူနိုင်ရန် ကေအန်ဒီအိုတို့ကို ပြန်လည်သိမ်းပိုက်ရေးနှင့် အမြဲတမ်းတပ်များ လုပ်၍ မရနိုင်သော ဒေသများတွင် တပ်များအဖြစ် တာဝန်ပေးနိုင်ရန် ဝန်ကြီးချုပ် ဦးနုအား တင်ပြခဲ့သည်။ ဦးနုက သဘောတူသဖြင့် တွံတေးကို ကေအန်ဒီအိုတို့က ပြန်တိုက်ယူကြသည်။ သို့သော် မသမာသည့် နိုင်ငံရေး သမားများက မြှောက်ပင့်သလော မသိ၊ သတင်းစာများတွင် ကရင်များက ပြည်သူလူထုကို နှိပ်စက် ညှင်းပန်းကြပုံကို ဖော်ပြရာ ကော်မရှင်ဖွဲ့စစ်ဆေးရသည်။ ကော်မရှင်ဖွဲ့စစ်ရာတွင် ကေအန်ဒီအို များ အပြစ်မရှိဆိုသည့် အစီအရင်ခံစာရရှိသည်။

 

 

ထိုအစီအရင်ခံစာကို ဆိုရှယ်လစ် အုပ်စုမှ ဦးကျော်ငြိမ်း တာဝန်ယူနေသည့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့သော်လည်း ပြည်ထဲရေးအနေဖြင့် သတင်းစာများအား အရေးယူခြင်းမရှိ။ ဦးကျော်ငြိမ်းမှာ လူမျိုးစု အရေးနှင့် ပတ်သက်၍ သဘောထားတင်းမာသူလည်းဖြစ်သလို တပြည်ထောင် ဗမာအမျိုးသားရေးဝါဒ အစဉ်ကိန်းအောင်းနေသူလည်း ဖြစ်သည်။

 

 

ကရင်နှင့် ဗမာအကြား တင်းမာမှုများ မြင့်မြဲမြင့်နေသည်။ ဗမာဘက်ကရော ကရင်ဘက်ကပါ နှစ်ဘက် အမျိုးသားရေး ပြင်းထန်သူများမှာ စစ်ပွဲကို တိုက်ရန် အသင့်ဖြစ်နေကြသည်။ ထိုအချိန်က ကွန်မြူနစ်တို့ မြူဆွယ်မှု မပါစေရန် ဦးနုက ရာထူးတိုးထားပေးသူ ဗိုလ်မှူးချုပ်နေဝင်းမှာ ဗိုလ်ချုပ်စမစ်ဒွန်း၏ လက်ထောက်အဖြစ် ရာထူးတိုးပေးခံထားရချိန်လည်းဖြစ်သည်။

 

 

၁၉၄၈ ခရစ်စမတ် အကြိုညတွင် မြိတ်မြို့နယ်မှ ဘုရားကျောင်းတခုတွင် ကရင် အရပ်သား ၈ ဦး ကို ဗမာစစ်သားများက အစုလိုက် အပြုံလိုက်သတ်ဖြတ်လိုက်ကြသည်။ ယင်းနောက်တွင် ရန်ကုန်မြို့ မြောက်ဘက်ရှိ ကရင်ရွာအား နိုင်ငံရေးခေါင်းဆောင်တဦး၏ အမိန့်ဖြင့် သွားရောက်ရှာဖွေပြီး ရဲများက ဝင်ရောက်တိုက်ခိုက်ရာ ကရင်လူမျိုး ၁၅၀ ကျော် အသတ်ခံရပြီး ၃၀ ခန့်မှာ သွေးအေးအေးနှင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

 

 

ယင်းနောက် အလုံ ကရင်ခြံ မီးရှို့မှု ပေါ်ပေါက်လာပြီး ဇန်နဝါရီ အကုန်တွင်မူ သမိုင်းဝင် အင်းစိန် တိုက်ပွဲစတင်ခဲ့သည်။

 

 

ကရင်တို့နှင့် တိုက်ပွဲများတွင် ပါဝင်ခဲ့သူ ဦးကျော်သိန်းလွင် တပ်မတော် (ရေ) စစ်သည်ဟောင်း၏ ပြောပြချက်အရမူ-“တကယ်တော့ ကရင်က တိုင်းပြည်ပုန်ကန်ချင် လို့ မဟုတ်ဘူး၊ သူတို့ကို သွားဆွလို့ဖြစ်တာ၊ အလုံ ကရင်ခြံကို ဗမာတွေက သွားမီးရှို့တယ်၊ ဒါတွေက ဦးနေဝင်း ပယောဂ နည်းနည်းပါတယ်။ မီးရှို့တော့ သူတို့ ခံလိုက်ရတာပေါ့။ အဲဒီတော့ အင်းစိန်က လူတွေအနေနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်ရတော့ မယ်၊ KNDO ကို ခေါ်တယ်၊ KNDO အင်းစိန်ထဲ ဝင်လာတယ်။ ဗမာက ပုလိပ်တွေဘာတွေနဲ့ ဝိုင်း တယ်။ ဒါပေမယ့် အပြင်ကလူကလည်း ဘာမှမလုပ် သလို အထဲက ကရင်ကလည်း ချဲလင့်မလုပ်ရဲဘူး” ဟု ပြောဆိုထားသည်။

 

 

ယင်းအပြင် ဗိုလ်မှူးချုပ်အောင်ကြီး၏ အာဏာရ ဆိုရှယ်လစ်ပါတီ ခါးပိုက်ဆောင်တပ် UMP စစ်ရဲများ၏ စည်းကမ်းမဲ့ ရန်စမှုကြောင့် အခြေအနေများ ပိုဆိုးကုန်သည်ဟု ဦးကျော်သိန်းလွင်ကပင်ပြောသည်။ ၄င်းမှာ အင်းစိန်တိုက်ပွဲ၏ နာမည်ကျော် အမြှောက်သေနတ်ဖြစ်သည့် တံမြက်စည်း ဆိုသည့် လက်နက်ကို အသုံးပြုရန် စီမံကွပ်ကဲခဲ့သူဖြစ်ပြီး ဝက်ကောဒေသတွင်လည်း ယင်းတမြက်စည်း အမြှောက်ကို အသုံးပြုကာ ပြည်-ရန်ကုန် လမ်းအတိုင်း ရန်ကုန်သို့ ဆင်းလာသည့် ကေအန်ဒီအို တပ်များကို ဟန့်တားနိုင်ခဲ့မှုတွင် ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်သည်။

 

 

ကေအန်ဒီအိုတို့နှင့် ပဋိပက္ခဖြစ်ပွားစေသည့် အကြောင်းအရင်းနှင့် ပဋိပက္ခ စီမံခန့်ခွဲမှုအရ အရေးပါသည့် ခေါင်းဆောင်များ သဘောထားတို့ကို ပြန်ကြည့်လျှင် လူမျိုးစုအရေး သဘောထားတင်းမာသူများဖြစ် သော ဆိုရှယ်လစ်ပါတီမှ သွေးသောက်များဖြစ်သည့် ဦးကျော်ငြိမ်း ( ပြည်ထဲရေး ) ၊ ဗိုလ်မှူးချုပ်နေဝင်း ၊ ဗိုလ်အောင်ကြီးတို့၏ သဘောထားမှာ ကွာဟမှု မရှိခဲ့သည်ကိုလည်း တွေ့ရသည်။

 

 

ဗိုလ်မောင်မောင်မှတ်တမ်းတွင်လည်း ဇန်နဝါရီလဆန်းတွင် ကေအန်ဒီအိုများသည် ကရင်မဟုတ်သည့် ရဲ ၊ အရံရဲတပ်ဖွဲ့ ၊ စေတနာ့ဝန်ထမ်း ကာကွယ်ရေးတပ်ဖွဲ့များကို လက်နက်ပြခြိမ်းခြောက်မှုများ ပြုလုပ်လာ သည်ဟု ဖော်ပြထားပြီး ကေအန်ဒီအိုများအပေါ် လက်နက်ဖြုတ်သိမ်းရန် တောင်းဆိုမှုများ ရှိလာ ကြောင်း ရေးသားထားသည်။ သို့သော် ယင်းဖြစ်ရပ်များ မဖြစ်ခင်ကတည်းက ဧရာဝတီဘက်တွင် ကရင်နှင့် ဗမာ ရွာအချင်းချင်း တိုက်ခိုက်မှုများ ၊ မအူပင်ရှိ အမေရိကန် နှစ်ခြင်း သာသနာပြုကျောင်းကို အမှတ် (၄) ဗမာ့သေနတ်ကိုင် တပ်ရင်းက မီးရှိူ့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယင်းအမှတ် ၄ တပ်ရင်းဆိုသည်မှာ ယခင်ဗိုလ်နေဝင်းဦးဆောင်ခဲ့သည့် တပ်ဖြစ်သလို ဆိုရှယ်လစ်တပ်မှူးများ သြဇာခံသည့် တပ်လည်း ဖြစ်သည်။

 

 

စမစ်ဒွန်းကလည်း အလုံရှိ ကရင်ခြံ မီးရှို့မှုမှာ သူ့လက်ထောက်ဗိုလ်မှူးချုပ်နေဝင်း၏ အမိန့်ဖြစ်ပြီး ၄င်းပင် မသိလိုက်ရကြောင်း ၄င်း၏ အထုပတ္တိတွင် ဖော်ပြထားသည်။သူကိုယ်တိုင်လည်းယင်းသို့ ပဋိပက္ခ စတင်သည့်အတွက် ကိုယ့်ကိုကိုယ်နယ်နှင်ဒဏ်ပေးခဲ့သလို တပ်မှ ထွက်ခွာသည်အထိ ဖြစ်စေခဲ့သည်။ သူတပ်မှ ထွက်သည်နှင့် စစ်ရုံးကို ကွပ်ကဲနေသည့် ဗိုလ်နေဝင်းတို့မှ တပ်မတော်တွင်းမှ ကရင်အရာရှိ ၊ စစ်သည်များ အားလုံးကို လက်နက်ဖြုတ်သိမ်းလိုက်လေသည်။

 

 

ဗိုလ်ချုပ်စမစ်ဒွန်းအပေါ် အမြင်တွင် လက်ဝဲ အုပ်စုများအမြင် ၊ လကျာ် အုပ်စုများ အမြင် သူ့ဘက် ကိုယ့်ဘက် ကွဲပြားနိုင်သော်လည်း ဦးနေဝင်း၏ လူတဦး ဖြစ်လာသည့်အမြင် မဆလ အိုင်ဒီယိုလိုဂျီ ဖန်တီးရှင် ဖြစ်လာသည့် ဦးချစ်လှိုင် ( ကိုကိုမောင်ကြီး ) မှတ်တမ်းတွင်မူ ယခုကဲ့သို့ ဖော်ပြထားသည်။

 

 

” ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီအချိန်က ကရင်ခေါင်းဆောင်များနှင့် ပတ်သက်၍ စမစ်ဒွန်း ၊ စောကြာဒိုး ၊ စောစံဖိုးသင် ၊ မန်းဘခိုင် တို့သည် ရိုးသား ဖြောင့်မတ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း သခင်နု ၊ ဦးဗဆွေ ၊ ဦးကျော်ငြိမ်း ၊ တို့အား ပြောဖူးခဲ့သည်ကို ကျွန်တော် ကြားသိခဲ့ရပါသည်။ ဗိုလ်ချုပ်စမစ်ဒွန်း ၊ ဗိုလ်မှူးချုပ် စောကြာဒိုးတို့သည် တောခိုပုန်ကန်သော ကရင်သူပုန်များကို ထောက်ခံ အားပေးခြင်း လုံးဝ မပြုခဲ့ကြပါ။ ” ဟု ဖော်ပြထားခြင်းကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်စမစ်ဒွန်းမှာ ပရော်ဖက်ရှင်နယ် စစ်သားပီသသူဟု ကောက်ချက်ချရမည်ဖြစ်ပါသည်။

တပ်စထောင်ကတည်းက ပရော်ဖက်ရှင်နယ်တပ်မဖြစ်ခဲ့မှုနှင့်အတူ ပရော်ဖက်နယ်အဖြစ် ရပ်တည်လို သည့် စစ်သည်များမှာလည်း ဗိုလ်ချုပ်စမစ်ဒွန်းလက်ထက်တွင်သာ ရာထူးအတက်မြန်ခဲ့သည် ကိုတွေ့ရပါသည်။

 

 

ဥပမာအားဖြင့် အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဟောင်းဖြစ်သည့် ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်မှာ ဗိုလ်ချုပ်စမစ်ဒွန်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ယူသည့် ကာလတွင်သာ ရာထူးအတက်မြန်ခဲ့သည်ကိုတွေ့ရသည်။ တပ်မတော် အာဏာနိုင်ငံရေး တွင် စပါဝင်သည့် ပထမအကြိမ် အိမ်စောင့်အစိုးရအဖြစ် အာဏာသိမ်းမှုကို မကျေနပ်သည့် ဗိုလ်မှူးချုပ် ဘလိတ် ၁၉၅၉ ခုနှစ်တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်မှ နုတ်ထွက်ခဲ့သည်။ ဗိုလ်မှူးကြီး ကြည်မောင်ကော ဗိုလ်မှူးချုပ် ဘလိတ် တို့နှစ်ဦးစလုံးမှာ ပရော်ဖက်ရှင်နယ် စစ်သား အယူအဆနှင့် ကျင့်ဝတ်ကို လက်ကိုင်ပြုသူများဖြစ်သည်။

 

 

နောက်ပိုင်းတွင် သစ္စာရှိနေဆဲ ကရင် ၊ ကချင် တပ်ရင်းများအား လက်နက်ဖြုတ်သိမ်းမှုများ ပေါ်လာသ လို တိုင်းရင်းသားတပ်ရင်းများမှာလည်း တောခိုမှုများ ဖြစ်ခဲ့သည်။

 

 

လွှတ်တော်နိုင်ငံရေးတွင်နေပြီး အခြေခံ ဥပဒေအရ ဖြည်းဖြည်းချင်းဘောင်ချဲ့ကာ ဝန်ကြီးချုပ် ဦးနုသတ်မှတ်ပေးသည့် ကရင်ပြည်နယ်ကို လက်ခံမည်ဆိုသည့် ဝန်ကြီးဟောင်း စောစံဖိုးသင်သည်ပင ်လျှင် နောက်ပိုင်းတွင် တောခိုသည့် အခြေအနေသို့ ရောက်ခဲ့သည်။

 

 

မည်သို့ပင်ဆိုစေ လွတ်လပ်ရေး ခေတ်ဦး ကေအန်ဒီအိုနှင့် အစိုးရတို့၏ ပဋိပက္ခမှာ ရှိရင်းစွဲ ပြည်တွင်း စစ်အား ပိုမိုဆိုးရွားစေသည့် အခြေအနေသို့ တွန်းပို့ခဲ့သည်။ ပြင်ပ ပယောဂလော ၊ ကျောင်းတော်က ရန်စကြောင့်လော ၊ ရန်သွားစ၍ ဖြစ်သည်လော ဟူသည့် မေးခွန်းများမှာ နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ရှိခဲ့လေသည်။

 

 

ယင်းကာလက အစိုးရကို ဆန့်ကျင်သည့် အင်အားစုမှာ ခန့်မှန်းခြေ တပ်ဖွဲ့ သုံးသောင်းခန့် ရှိပြီး တိုက်ရေးခိုက်ရေး ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ဗြိတိသျှလက်ကျန်တပ်ရင်းများလည်း ပါဝင်သည်။ ၄င်းတို့ကို ရင်ဆိုင်မည့် ဗိုလ်ချုပ်နေဝင်းတွင် သာမန်စစ်သား ၃၀၀၀ ပါဝင်သည့် မဖြစ်စလောက် အင်အားသာ ရှိသည်။ သစ္စာခံ တပ်ရင်းအချို့မှ စစ်သားများ ပါဝင်ပြီး အများစုမှာ သူ၏ အမှတ် ၄ ဗမာ့သေနတ်ကိုင်တပ်ရင်းမှ ဖြစ်ကြသည်။ စစ်အတွင်းက ဗိုလ်ချုပ်နေဝင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့၏ လက်အောက်၌ အမှုထမ်းခဲ့သူများဖြစ်ပြီး အများစုမှာ ဂျပန်လက်ထွက်များ ဖြစ်ကြသည်။ ဗိုလ်ချုပ် နေဝင်းက ဗိုလ်ချုပ်စလင်း၏ အမှတ် ၁၄ တပ်မတော်က ချန်ထားရစ်ခဲ့သော သံတိုသံစ အမှိုက်ပုံကြီးထဲမှ ရရာ ကောက်ကာ တင့်ကားနှစ်စီးကို တပ်ဆင်နိုင်ခဲ့သည်။ ဤသို့ မင်းမဲ့အခြေအနေ သို့မဟုတ် ကွန်မြူနစ်တို့ တိုင်းပြည်ကို သိမ်းပိုက်နိုင်ခါနီး အချိန်တွင် ဗြိတိသျှတို့က အဖိုးတန်လှသော အကူ အညီများ ပေးလာသည်။ လက်နက်နှင့် ခဲယမ်းမီးကျောက် အပြင် ဒါကိုတာ (Dakota) စစ်လေယာဉ် ၆ စင်း ပံ့ပိုးသည်။ အစိုးရက ထိုလေယာဉ်များကို သုံးကာ အခြား ပြည်နယ်ဒေသများ အဆက်အသွယ် မပြတ်အောင် ထိန်းထားနိုင်ပြီး တပ်များကိုလည်း လိုအပ်သလို အပြောင်းအရွှေ့ လုပ်နိုင်ခဲ့သည်။ ဒါကိုတာ လေယာဉ်များကို ဗြိတိသျှ လေယာဉ်မှုးများက အရပ်သား ကန်ထရိုက်စာချုပ်နှင့် ပျံသန်းပေး သည်။ ဗိုလ်ချုပ်နေဝင်း၏ တပ်များကို ကက်တာလီနာ(Catalina) ရေယာဉ်ပျံများကလည်း ကူညီသည်။ အမေရိကန် စစ်ပြန်များနှင့် မြန်မာ လေသူရဲများ မောင်းနှင်ပြီး အလွယ်တကူ ဆင်းသက်နိုင်သဖြင့် ရန်သူ့တပ်များ စုဝေးရာ နေရာများကို ရေယာဉ်ပျံ ဘေးဘက်တွင် တပ်ဆင်ထားသော ခေတ်မီ စက်သေနတ်များနှင့် ပစ်ခတ်ပြီး ကဉ့်ကရဲ လူစုကွဲအောင် ဖြိုခွဲနိုင်ခဲ့သည်။ ဝန်ကြီးချုပ် ကိုယ်တိုင်ပင် လျှင် (အမေရိကန် ကပ္ပတိန် ချက်ဘရောင်း မောင်းနှင်သော) ကက်တလီနာ စီးနင်းကာ ဟိုဟိုဒီဒီ စည်းရုံးရေး ဆင်းလိုက်သေးသည်။ ဗြိတိန်အစိုးရက ဒုက္ခပင်လယ် ဝေနေသော မြန်မာအစိုးရကို ပေါင် ၆ သန်း ချေးပေးသေးသည်။ ထိုမျှမက ဗြိတိန်၊ သြစတြေးလျ၊ အိန္ဒိယ၊ သီဟိုဠ်၊ အမေရိကန်ပြည်ထောင်စုတို့ အားလုံးထည့်ဝင်ပြီး အရေးပေါ် ထောက်ပံ့ငွေအဖြစ် ဒေါ်လာ ၈ သန်း ပေးပြန်သည်။ ဗြိတိသျှ၊ အိန္ဒိယနှင့် အခြား သံတမန်များက ကြားဝင်ဖြန်ဖြေရေးများ အတွက် ဝိုင်းကူကြသည်နှင့် အမျှ အသံထွက်လာသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှဓနသဟာယ အဖွဲ့ဝင် နိုင်ငံအဖြစ်မှ နှုတ်ထွက်ထားသည်မှာ တစ်နှစ်ကျော် ကျော်သာ ရှိသေး၊ သည်အတိုင်းဆိုလျှင် အဖွဲ့ထဲ ပြန်ဝင်တော့မည်ဟု ထင်ကြေးပေး ခန့်မှန်းနေကြသည့် အခြေအနေသို့ ရောက်ခဲ့သည်။ ဟု ရေးသား ဖော်ပြမှုလည်းရှိသည်။

 

 

တဖန်ဒုတိယ ကမ္ဘာစစ် အဆုံးသတ်ခါနီးတွင် ကရင်ပြောက်ကျားတပ်ဖွဲ့များကို ဦးဆောင်ခဲ့သည့် ဖိုဒ့် ၁၃၆ မှ ဗြိတိန်နိုင်ငံသား အရာရှိဟောင်းများသည် ၁၉၄၈ သြဂုတ်လနှင့် စက်တင်ဘာလများအတွင်း KNDO နှင့် အဆက်အသွယ်များပြုလုပ်ခဲ့မှုအတွက် ဗြိတိသျှ ပါလီမန်လွှတ်တော်ဆိုင်ရာ နိုင်ငံခြားရေး လက်ထောက်အတွင်းဝန်က ” ဗြိတိန်နိုင်ငံသားများ၏ အဆိုပါပြုမူဆောင်ရွက်ချက်များအတွက် ဘုရင်မင်းမြတ်၏ အစိုးရအဖွဲ့မှ ပြစ်တင်ရှုတ်ချပါကြောင်း” ကြေညာချက်တစောင်ကို ဗြိတိန်ပါလီမန် လွှတ်တော်သို့ တင်သွင်း၍ ဖြေရှင်းချက်ပေးခဲ့ရပါသည်။

 

 

ဆိုခဲ့ပါ အခြေအနေကိုကြည့်လျှင် အင်္ဂလိပ်တို့မှာ ကိုလိုနီဘဝက အုပ်ချုပ်ရလွယ်ကူစေရန် ကရင်နှင့် ဗမာတို့အကြား သွေးခွဲထားခဲ့မည် ဖြစ်သော်လည်း သူ့လက်အောက်က လွတ်လပ်ရေးရသည့်နိုင်ငံ ပျက်စီးသွားသည်ဆိုသည်ကို အဖြစ်မခံသည့် သဘောဆောင်ပါသည်။ ထို့ကြောင့်ပင် ရန်ကုန်အစိုးရဟု ခေါ်တွင်သည့် ဖဆပလ အစိုးရအား အကူအညီများ အမြောက်အမြား ပေးခဲ့ခြင်းဖြစ်သည်။ တချိန်တည်း မှာလည်း ဗမာတို့ထက်ပင် နှစ်ပေါင်းများစွာ စော၍ အမျိုးသားရေး လက္ခဏာ တည်ထောင်နိုင်ခဲ့သည့် ကရင်တို့အပေါ် နားလည်နိုင်စွမ်း နည်းပြီး နှင့် ဗဟုဝါဒ မနီးစပ်ခဲ့မှုမှာ ပဋိပက္ခ လူမျိုးရေး တင်းမာမှုဆီ တွန်းပို့ခဲ့ရသည်။

 

 

ဗိုလ်နေဝင်းမှာ ယင်း ကေအန်ဒီအို ပဋိပက္ခအရေးနှင့်အတူ တပ်မတော်၏ အမြင့်ဆုံးရာထူးများကို ရယူနိုင်ခဲ့သူလည်း ဖြစ်လာခဲ့၏။

 

 

လူမျိုးရေး ပဋိပက္ခကို မည်သူတွေ ဖန်တီးသည် ဆိုဦးတော့ ၊ ယင်းပဋိပက္ခကြောင့် ၄င်းတို့၏ ရည်မှန်းချက်ကို ရရှိသည် ဆိုလင့်ကစား လူထောင်သောင်း၏ အသက်ပေါင်းများစွာကို ကုန်ကျခံပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ခရိုင်နယ်ပယ်အသီးသီးနှင့် ကျေးရွာများတွင် နေထိုင်ကြသူများ၏ အသက်ပေါင်းများစွာ စတေးပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။ ဟု ဗိုလ်ချုပ်စမစ်ဒွန်းက မှတ်ချက်ပြုခဲ့သည်။

 

 

ယင်းကဲ့သို့ သမိုင်းကို ပြန်ဖော်ပြနေရခြင်းမှာ သမိုင်းကို ဖက်တွယ်နေရန်တော့မဟုတ်။ အတိတ်သမိုင်း၏ သင်ခန်းစာကို ရယူရန်သာ ဖြစ်သည်။ ပြန်ကြည့်လျှင် ဗမာ့ဟီးရိုး ဗိုလ်ချုပ်အောင်ဆန်းလည်း ကရင် ဗမာ ချစ်ကြည်ရေးကို မစွမ်းဆောင်နိုင်ခဲ့ပါ။ ဒီချုပ်အစိုးရလက်ထက်တွင်ပင်လျှင် စောဘဦးကြီးရုပ်တုများ ဖယ်ရှားခံရမှုများဖြစ်ခဲ့သည်။

 

 

ကရင် သက္ကရာဇ် ၂၇၆၁ ခုနစ်မှစ၍ ကရင် ဗမာချစ်ကြည်ရေး ပိုမိုအားကောင်းလာပြီး ၊ ကရင် နှင့် ကျန်တိုင်းရင်းသားများအကြား နားလည်မှုများလည်း ပိုမိုတည်ဆောက်နိုင်ကာ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံသစ် တည်ဆောက်နိုင်ပါစေကြောင်း။

 

 

ကိုးကား- ဘိုဘို ၊ ဘာကြောင့် ကရင်တွေ နိုင်ငံလိုချင်ခဲ့ရသလဲ၊ ဘီဘီစီမြန်မာပိုင်း၊ ၂၀၁၉ ၊ ဖေဖော်ဝါရီ ၉

Gen. Smith Dun, Memoirs of Four-foot Colonel, Cornell Univertsity Press,1980

Thant Myint Oo

https://www.lostfootsteps.org/…/longest-on-going-civil-war

ဦးနု ၊ တာတေစနေ

San C. Po

 

 

စိုင်းထွန်းအောင်လွင်

ဖက်ဒရယ်ဂျာနယ် ( ၂၀၂၂ ခုနှစ် – ဇန်နဝါရီ – ၂ ရက်)