• Today is: Sunday, May 26, 2024

ဖွံ့ဖြိုးမှုသို့ သွားရာလမ်း – တရုတ်

▣ ဖွံ့ဖြိုးမှုသို့ သွားရာလမ်း – တရုတ်

အနောက်နိုင်ငံအများစုဟာ တရုတ်ရဲ့ တရုတ်နည်းတရုတ်ဟန်ဒီမိုကရေစီဆိုတာကို ဝေဖန်စောကြောကြတယ်။ အထူးသဖြင့် နိုင်ငံသားလွတ်လပ်ခွင့်မှာ နိုင်ငံရေးလွတ်လပ်ခွင့်ကို စောဒကတက်ကြတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်စောကြောနေပါစေ၊ တရုတ်ပြည်ဆိုတဲ့ ရထားကြီးကတော့ သူ့လမ်းကြောင်းပေါ်မှာ မှန်မှန် ခုတ်မောင်း လျက်…။

▄ သမိုင်းသင်ခန်းစာ

တရုတ်ဟာ သူလျှောက်မယ့်နိုင်ငံရေးပလက်ဖောင်းကို သူ့ဘာသာ ခင်းတယ်။ တော်လှန်ရေးအစိုးရဟာ အုပ်ချုပ်တဲ့ အစိုးရဖြစ်လာခဲ့တယ်။ အလွဲလွဲအမှားမှားတွေလည်း ကြုံခဲ့၊ ချွတ်ယွင်းချက်တွေလည်း ဒုနဲ့ ဒေး ဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်သစ် မော်စီတုန်းခေတ် လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးတိုးတက်နိုင်ရေး လုပ်ရပ်တွေဟာ အမှားတွေ သောင်းနဲ့ချီ၊ သိန်းနဲ့ချီ။ မော်စီတုန်းလုပ်ခဲ့တဲ့ မဟာခုန်ပျံကျော်လွှားရေးစီမံကိန်း ဟာ နာမည် သိပ်ကြီးတယ်။ လေးငါးဆယ်နှစ်အတွင်း ဆိုဗီယက်ယူနီယံကို ကျော်တက်နိုင်ရမယ်ဆိုတဲ့ စိတ်ဇောသာ ပြင်းထန်ခဲ့တယ်။ လက်တွေ့မကျ။ ပညာမပါ။ ကွန်မြူနစ်အိုင်ဒီယော်လိုဂျီသာ ပါခဲ့တယ်။ ဒီတော့ ကျရှုံးခန်းကို ရောက်ခဲ့တယ်။

မော်စီတုန်းက သူလုပ်ခဲ့တဲ့ အမှားတွေကြောင့် နိုင်ငံရေးဩဇာ ကျလာခဲ့တယ်။ သို့သော်လည်း အမှားကို အမှန်ဖြစ်ဖို့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဩဇာကို ထူထောင်ခဲ့တယ်။ ဥက္ကဌကြီး အမြဲမှန်တယ်ဆိုတဲ့ လေထုကို ဖန်တီးဖို့ တပ်နီလူငယ်တွေ ကို အသုံးချခဲ့တယ်။ နောက်ပိုင်းမှာ ယဉ်ကျေးမှုတော်လှန်ရေးဟာ မော်စီတုန်းရဲ့ ကျဆင်းသွားတဲ့ ဩဇာကို ပြန်လည်အရောင်တင်တဲ့ ပွဲပေါ့။ ဒီပွဲမှာလည်း လူအများအပြား သေဆုံးခဲ့ကြရတယ်။ တော်လှန်ရေးကို တော်လှန်ရေးနဲ့ အသက်ဆက်ရမယ်ဆိုတဲ့ အယူအဆကို မော်စီတုန်းက ကိုင်ဆွဲခဲ့တယ်။

မော်စီတုန်းဟာ တရုတ်ပြည်ကြီးကို စုစည်းသွားနိုင်ခဲ့ပေမယ့်၊ တရုတ်ပြည်သူတွေကို ဝမ်းဝအောင် မကျွေးမွေးနိုင် ခဲ့ပါဘူး။ လက်တွေ့မကျတဲ့ စိတ်ကူးယဉ် ဘုံစီမံကိန်းတွေအောက်မှာ ပြည်သူလူထုသန်းနဲ့ချီ သေဆုံးခဲ့ကြရတယ်။ မော်စီတုန်းရဲ့ ပေါ်လစီအမှား၊ လမ်းစဉ်အမှားတွေကြောင့် သွယ်ဝိုက်သောနည်းအားဖြင့် လည်းကောင်း၊ တိုက်ရိုက် အားဖြင့်သော်လည်းကောင်း အသက်ပေးခဲ့ရတဲ့ ပြည်သူတွေဟာ သန်းနဲ့ချီ။ ဒါပေမယ့် တရုတ်ပြည်ကြီးကို စုစည်း ပေးခဲ့တဲ့ မော်စီတုန်းကို သူ့အမှားတွေအတွက် ဖော့တွေးပေးခဲ့ကြတယ်။

▄ တိန့်ရှောင်ဖိန်ခေတ်

မော်စီတုန်းနဲ့ ချိုအင်လိုင်းတို့ ကွယ်လွန်ပြီးနောက်ပိုင်း တိန့်ရှောင်ဖိန်လက်ထဲကို အာဏာရောက်လာတယ်။ တိန့်ရှောင်ဖိန်ဟာ တရုတ်ပြည်သူတွေကို ဗိုက်ဝအောင် ကျွေးမွေးဖို့၊ သမိုင်းသင်ခန်းစာ အမြောက်အမြားယူပြီး ရှေ့ဆက်ခဲ့တယ်။ တိန့်ရှောင်ဖိန် စတင်ခဲ့တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးကိစ္စတွေဟာ အလွယ်တကူတော့ မဖြစ် ခဲ့ပါဘူး။ နိုင်ငံရေးအတွန်းအတိုက်တွေကြားထဲမှာ၊ အရင်းရှင်စီးပွားရေးရဲ့ ဝိသေသတွေကို စတင်သွတ်သွင်းတည် ဆောက်တာဖြစ်ပါတယ်။ ဒီနေရာမှာ အရင်းရှင်စီးပွားရေးစနစ်က ကျင့်သုံးတဲ့ စျေးကွက်အခြေပြုစီးပွားရေးစနစ်ကို စတင်ဖို့ ကြိုးစားခဲ့ပါတယ်။ အခု တိန့်ရှောင်ဖိန်နောက်ပိုင်း တရုတ်ခေါင်းဆောင်မှု (၃) ဆက်အထိ ရောက်လာ အပြီးမှာ၊ တရုတ်နည်းတရုတ်ဟန်စျေးကွက်စီးပွားရေးစနစ်ဟာ အတော်ပီပြင်နေပြီ။ အတော်လည်း အောင်မြင်နေ ပြီ။ မူလအရင်းရှင်နိုင်ငံတွေနဲ့ တရုတ်ထက် နှစ်ပေါင်းများစွာ ရှေ့စောရောက်ခဲ့တဲ့ စက်မှုနိုင်ငံတွေကိုတောင် ကျော်ဖြတ်နိုင်ခဲ့ပြီ။ နောက်ဆုံး ကမ္ဘာ့ထိန်တန်းစီးပွားရေးအင်အားကြီးနိုင်ငံကြီးအထိ ဖြစ်လာခဲ့ပြီ။

တရုတ်တွေ ဒီနေရာကို အလကားရခဲ့တာ မဟုတ်ပါဘူး။ အမှားတွေအများကြီး လုပ်ခဲ့ပြီးမှ၊ အမှားတွေကို ပြင်ဆင်ဖို့ ကြိုးစားရင်း ထိုက်ထိုက်တန်တန် ရောက်လာခဲ့တယ်လို့ ဆိုနိုင်တယ်။ တရုတ်ရဲ့ ဖွံ့ဖြိုးမှုသို့ သွားရာလမ်းဟာ ဘယ်လိုလဲ။ တရုတ်နိုင်ငံရေးခေါင်းဆောင်တွေဟာ ဖွံ့ဖြိုးမှုဆီကို ဘယ်လို လျှောက်ခဲ့ကြသလဲ။ သဘောအနက် အကျဉ်းကို ဖော်ပြလိုက်ပါတယ်။

▄ မြင်းနှစ်ကောင် ကတဲ့ ရထား

မြင်းနှစ်ကောင် ကတဲ့ ရထားနဲ့ တရုတ်ဟာ ဖွံ့ဖြိုးမှုကို သွားဖို့ ကြိုးစားခဲ့ပါတယ်။ (၁) အစိုးရဆိုတဲ့ မြင်း။ (၂) စျေးကွက်ဆိုတဲ့ မြင်း။ ဒီမြင်းနှစ်ကောင်ကို ဘက်ညီညီ ထိန်းကျောင်းရင်း တရုတ်တွေဟာ ချမ်းသာလာခဲ့တယ်။ ဓနဥစ္စာဖန်တီးနိုင်ရေးအတွက် မြင်းနှစ်ကောင် ဘက်ညီညီ ရုန်းဖို့ လိုတယ်လို့ တရုတ်ခေါင်းဆောင်တွေက ယူဆခဲ့ တယ်။ အထူးသဖြင့် ခရီးရောက်ဖို့၊ ခရီးတွင်ဖို့အတွက် အဓိက ထိန်းကျောင်းသူဟာ တရုတ်ကွန်မြူနစ်ပါတီ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ ဖွဲ့စည်းပုံအရ တရုတ်လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ တရုတ် နိုင်ငံသမ္မတ (တနည်း) တရုတ်အစိုးရအဖွဲ့ခေါင်းဆောင် နဲ့ တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးဟာ တစ်ယောက်တည်းဖြစ်လေတော့ ပါတီနဲ့ အစိုးရအဖွဲ့ တစ်ခုတည်း၊ တစ်သားတည်းလို့ ထင်ချင်စရာ ရှိပါတယ်။ လက်တွေ့မှာ မဟုတ်ပါ။ အစိုးရအဖွဲ့ဟာ အုပ်ချုပ်ရေး အခန်းကဏ္ဍမှာ ရှိနေပြီး၊ ပါတီဟာ နိုင်ငံရေးအခန်းကဏ္ဍမှာ ရှိနေပါတယ်။ ထားတော့။ ဒီနေရာမှာ ဒီကိစ္စကို မဆွေးနွေးလို။

အဓိက ပြောချင်တာက၊ တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်နိုင်ငံဖွံ့ဖြိုးမှုသွားရာ လျှောက်လမ်းမှာ၊ ကောင်းကောင်း လျှောက်လှမ်းနိုင်ဖို့အတွက် နှင်တံကိုကိုင်ပြီး မောင်းနှင်ရတဲ့ နေရာမှာ ရှိပါတယ်။ အစိုးရဆိုတဲ့ မြင်းနဲ့ စျေးကွက်ဆို တဲ့ မြင်းနှစ်ကောင်အကြားမှာ ဝိဝါဒမကွဲအောင် မျှခြေထိန်းပြီး စီမံကွပ်ကဲရတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ မြင်းနှစ်ကောင်ကို ထိန်းကျောင်းဖို့အတွက် အချက် (၅) ချက်ကို အဓိက ထားကြည့်ပါ တယ်။

▄ (၁) ကြီးမားတဲ့ ထိန်းချုပ်ရေးယန္တရား စနစ်တကျ လည်ပတ်ဖို့ (Control Mechanism)

▄ (၂) လူမှုတန်းတူညီမျှမှုကို ထိန်းသိမ်းထားဖို့ (Social Equality)

▄ (၃) တရားမျှတမှု အသက်ဝင်ဖို့ (Justice)

▄ (၄) တည်ငြိမ်မှုကို ထိန်းသိမ်းထားဖို့ (Stability)

▄ (၅) ဘုံချမ်းသာကြွယ်ဝရေးကို တိုးတက်စေဖို့ (Common Wealthy)

စတဲ့ အချက် ငါးချက်ကို အခြေခံပြီး ကြည့်ပါတယ်။

တရုတ်လူ့အဖွဲ့အစည်းအတွင်းမှာ၊ ကွဲပြဲနေတာကို တရုတ်ကွန်မြူနစ်ပါတီက အလိုမရှိပါ။ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ဆိုတာကို နိုင်ငံတော်စီမံခန့်ခွဲရေးအပိုင်း မှာ အနက်အဓိပ္ပာယ်တစ်မျိုးနဲ့ ရှုမြင်ပါတယ်။ တရုတ်ခေါင်းဆောင်တွေ နားလည်လက်ခံထားတဲ့ ဒီမိုကရေစီဆိုတာ အနောက်နိုင်ငံတွေက တင်ပို့တဲ့ ဒီမိုကရေစီသဘောတရားနဲ့တော့ ကွဲလွဲချက်တွေ ခပ်များများရှိပါတယ်။ တရုတ်ပြည်ကြီးကို စုစည်းထားဖို့နဲ့ သန်းပေါင်း (၁၄၀၀) နီးပါးရှိတဲ့ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေ တည်တည်ငြိမ် ငြိမ်နဲ့ နေထိုင်စားသောက်လုပ်ကိုင်နိုင်ဖို့ဟာ တရုတ်ခေါင်းဆောင်တွေ ရှေ့ရှုတဲ့အချက်ဖြစ်ပါတယ်။ ဒီ့အတွက် တည်ငြိမ်မှုကို ထိန်းထားဖို့အတွက် ကြီးမားတဲ့ထိန်းချုပ်ရေးယန္တရားလိုတယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် တရုတ် ဟာ စီးပွားရေးအရ စျေးကွက်စီးပွားရေးကို ကျင့်သုံးတယ်ဆိုပေမယ့်၊ အစိုးရရဲ့ အခန်းကဏ္ဍလည်း ကြီးကြီးမားမား ရှိနေပါတယ်။

▄ စျေးကွက်အလိုကျ အယူအဆ

အရင်းရှင်နိုင်ငံတွေရဲ့ ရှုမြင်ချက်အရ…၊ စျေးကွက်ရဲ့ အခန်းကဏ္ဍကို ချဲ့မယ်ဆိုရင် အစိုးရရဲ့ အခန်းကဏ္ဍဟာ သေးမှ၊ ကျုံ့မှ ရမယ်။ အစိုးရရဲ့ အခန်းကဏ္ဍကို ချုံ့ပစ်မှ စျေးကွက်ဟာ ဖွံ့ဖြိုးနိုင်တယ်လို့ အယူ ရှိတယ်။ ဒီနေရာမှာ အစိုးရရဲ့ အခန်းကဏ္ဍဆိုတာကို (Scope of the State) လို့ နားလည်ဖို့ ဖြစ်ပါတယ်။ အစိုးရဆိုတာ နိုင်ငံတော်ကို ကြီးမှူး၊ ကြီးကြပ်ရသူဖြစ်လို့ အစိုးရရဲ့ အခန်းကဏ္ဍဆိုတာကို နိုင်ငံတော်ရဲ့ အခန်း ကဏ္ဍလို့ ပူးတွဲနားလည် နိုင်ပါတယ်။ ပြန်ချုံ့ရရင် စျေးကွက်ကို မထိန်းနဲ့၊ လွှတ်ပေးထား။ မမြင်ရတဲ့လက်က စျေးကွက်ကို သူ့ဘာသာသူ ထိန်းချုပ်သွားလိမ့်မယ်။ စျေးကွက်မှာ အစိုးရ မလို၊ နိုင်ငံတော် ဝင်ရောက်စွက်ဖက်ဖို့ မလို…ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ဒါကို “လေးဆယ်ဖဲယား” လို့ခေါ်တဲ့ လွတ်လပ်သောစီးပွားရေးစနစ်ရဲ့ ရပ်ခံ တင်ပြချက်လို့ နားလည်နိုင်ပါတယ်။

▄ ဘုံဝါဒ အခြေခံ အမိန့်ပေးစနစ်

အမိန့်ပေးစီးပွားရေးစနစ်၊ စီမံကိန်းစီးပွားရေးစနစ်နဲ့ ဘုံဝါဒ အခြေခံစီးပွားရေးစနစ်ကနေ ဖြတ်သန်းလာတဲ့ တရုတ် ပြည်အတွက် ခါးသီးတဲ့ အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။ ဆောင်းပါးအစပိုင်းမှာ ရေးသားတင်ပြခဲ့တဲ့ မော်စီတုန်းရဲ့ စီးပွားရေးစီမံကိန်းအမှားတွေဖြစ်ပါတယ်။ ဘုံလယ်ယာတွေ တည်ဆောက်တယ်။ ဘုံအလုပ်သမားတွေနဲ့ ဘုံရိပ်သာ မှာ၊ ကုန်ထုတ်လုပ်မှုတွေကို အားလုံးစုပေါင်းထုတ်လုပ်တယ်။ အမိန့်ပေးစီးပွားရေးစနစ်နဲ့ လျာထားချက်ပြည့်မှီ အောင် ထုတ်လုပ်ကြရတယ်။ ဥက္ကဌကြီး မော်စီတုန်းက ဆော်ဩလို့၊ အိမ်တိုင်းအိမ်တိုင်းရဲ့ အိမ်နောက်ဖေးမှာ သံမဏိမီးဖိုလေးတွေနဲ့ သံတိုသံစတွေ ကြိုပြီး နိုင်ငံရဲ့ သံမဏိ ထုတ်လုပ်အားကို မြှင့်ဖို့ ကြိုးစားခဲ့တယ်။

အမိန့်ပေး စီးပွားရေးစနစ်ကြောင့်၊ ဘုံလယ်ယာစနစ်ကြောင့်၊ သီးနှံတွေ ပျက်စီးဆုံးရှုံး၊ ပြည်သူသန်း ၅၀ လောက် အငတ်ပေး ဆိုက်။ စားနပ်ရိက္ခာ မဖူလုံ၊ မိုးခေါင်ရေရှားမှုတွေ ဖြစ်။ ဒီလိုနဲ့ တရုတ်ပြည်ဟာ အထိနာခဲ့တယ်။ ဒါတွေကို လက်ရှိ တရုတ်ခေါင်းဆောင်တွေက သင်ခန်းစာကောင်းကောင်းယူတယ်။ ဒီတော့ စျေးကွက်စီးပွားရေးစနစ်ရဲ့ မမြင်ရသော လက်ရဲ့ တန်ဖိုးကို မငြင်းပယ်ဘူး။ တစ်စုံတစ်ရာအားဖြင့် တန်ဖိုးထားတယ်။ သို့သော်လည်း တန်ဖိုးကို သူ့နေရာနဲ့ သူသာ ထားဖို့ ကြိုးစားတယ်။ နေရာတကာကို ဒီပေတံနဲ့ လိုက် မတိုင်းဘူး။ မော်စီတုန်း ပို့ချခဲ့ဖူးတဲ့ အကြောင်း အကျိုးရှိရမယ်၊ အကျိုးအမြတ် ရှိရမယ်၊ အကန့်အသတ်ရှိရမယ် ဆိုတာကို နားလည်လက်ခံထားဟန်တူတယ်။

▄ အကန့်အသတ်ကို နားလည်ကြတယ်

ဒီနေရာမှာ စျေးကွက်ရဲ့ ရောင်းလိုအားနဲ့ ဝယ်လိုအားပေါ်မှာ တောင်းဆိုတဲ့ သဘောတွေကို တရုတ်ခေါင်းဆောင် တွေက နားလည်တယ်။ စီးပွားရေးဖွံ့ဖြိုးဖို့အတွက်ဆိုရင် စျေးကွက်အခြေပြု (market oriented) စဉ်းစားမှရမယ် လို့ ယူဆတယ်။ သို့သော်လည်း တရုတ်လူ့အဖွဲ့အစည်းဟာ မမြင်ရသောလက်ကို ယုံမှတ်ပြီး ပုံအပ်လိုက်လို့ ကသောင်းကနင်းဖြစ်တာမျိုး၊ ထိန်းချုပ်မှုကင်းမဲ့ပြီး တည်ငြိမ်မှု မရှိတာမျိုးကို မလိုလားဘူး။ ဖြည်းဖြည်း မှန်မှန်နဲ့ သွားသင့်တယ်။ ဒီတော့ စျေးကွက်ရဲ့ အခန်းကဏ္ဍကို အကန့်အသတ်နဲ့ ကျင့်သုံးတယ်။ ဘယ်လောက်ပဲ စျေးကွက် လိုအပ်ချက်ရှိနေပါစေ၊ တရုတ်လူ့အဖွဲ့အစည်းအတွက် ဖြစ်ရမယ့် စံတန်ဖိုးတွေကို ကျော်လွန်လို့ မရဘူး။ ဒီဘောင် ကိုတော့ အကျော်မခံဘူး။ ဒီစည်းကိုတော့ အကျော်မခံဘူး။ အကန့်အသတ်ကို နားလည်တဲ့သဘောဖြစ်တယ်။

▄ ရှီကျင့်ဖျင် နှုတ်ထွက်စကား

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ဟာ ၂၀၁၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှာ ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ (၁၈) ကြိမ်မြောက် နိုင်ငံရေးဦးဆောင်အဖွဲ့ရဲ့ (၁၅) ကြိမ်မြောက်အစည်းအဝေးမှာ ဒီအချက်ကို ထည့်ပြောတယ်။ ဖွံ့ဖြိုးမှု ကို သွားရာလမ်းမှာ၊ မမြင်ရတဲ့လက်ရဲ့ အခန်းကဏ္ဍကိုလည်း အသုံးချရမှာ ဖြစ်သလို၊ မြင်ရတဲ့လက်ရဲ့ အခန်းကဏ္ဍ ကိုလည်း ပစ်ပယ်လို့ မရဘူး… ဆိုတဲ့ အနက်သဘောကို ပြောခဲ့တယ်။

ဆိုလိုရင်း အနက်ကတော့ – စျေးကွက်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်။ ဒါ့အပြင် စျေးကွက်ကို စီမံထိန်းကျောင်းတဲ့ အစိုးရရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်။ သို့သော်လည်း စျေးကွက်နဲ့ အစိုးရဟာ မိတ်ဖက်တွေ ဖြစ်ရမယ်၊ အပြန်အလှန် ကျေးဇူးပြု ထောက်ပံ့နေရမယ်၊ ရန်မဖြစ်ရဘူး၊ ဝိဝါဒကွဲပြားတာမျိုး မဖြစ်ရဘူး။ သူ့တန်ဖိုးနဲ့ သူ ရှိတယ်။ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ လုပ်သင့်လုပ်ထိုက်တာတွေကို ပျက်ကွက်တာမျိုး မရှိရဘူး၊ ထိုနည်းလည်းကောင်း ဘောင်ကျော်ပြီး လုပ်တာမျိုးတွေလည်း မဖြစ်ရဘူး၊ လုပ်ထုံးလုပ်နည်းနဲ့ စနစ်တကျ လုပ်ကြရမယ်၊ (တရုတ်နည်း တရုတ်ဟန်) ဆိုရှယ်လစ်စျေးကွက်စီးပွားရေး အင်ပြည့်အားပြည့် လှုပ်ရှားဖို့အတွက်ဆိုရင်  အုပ်ချုပ်ရေးစနစ်ပြုပြင် ပြောင်းလဲရေးတွေကိုလည်း လုပ်သင့်တယ်။

▄ မက်လုံးကို မသတ်ဘူး

လက်ရှိ တရုတ်ခေါင်းဆောင်တွေဟာ အရင်းအမြစ်ခွဲဝေရေး (allocation of resources) ကိစ္စရပ်တွေကိုတော့ အစိုးရရဲ့အခန်းကဏ္ဍအောက်မှာ ပီပီပြင်ပြင် စနစ်တကျ ရှိစေတယ်။ အရင်းအမြစ်ခွဲဝေရေးကို အစိုးရက တိုက်ရိုက် လုပ်ပြီး၊ မိုက်ခရိုစီးပွားရေးလုပ် ငန်းတွေမှာ အစိုးရရဲ့ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုကို လျော့ချဖို့ ကြိုးစားတယ်။ တရုတ်ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးဖို့အတွက် စီးပွားရေးသမားတွေနဲ့ ပြည်သူလူထုရဲ့ မက်လုံးကိုတော့ မချိုးဖျက်ဘူး။ မက်လုံးရှိမှ၊ စျေးကွက် မောင်းနှင်နိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည် တယ်။ ဒါ့ကြောင့် တရုတ်စီးပွားရေးသမားတွေ စိတ်ပျက်စေမယ့်လုပ်ရပ်မျိုးကို ရှောင်တယ်။

အစိုးရဘက်က အခြေခံရင်းမြစ်ခွဲဝေချထားမှုကို စနစ်တကျ လုပ်ပြီးပြီဆိုရင်၊ ကျန်တဲ့ စီးပွားရေးလုပ်နည်းလုပ်ဟန်တွေမှာ ဝင်မပါဘူး၊ ဝင်မစွက်ဘူး။ လွတ်လပ်စွာ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချတာမျိုးကို လွှတ်ပေးထားတယ်။ တရုတ် လူထုမှာ လုပ်ချင်ကိုင်ချင်စိတ်ရှိမှ၊ စီးပွားရေး လုပ်ငန်းတွေ အသက်ဝင် ဖွံ့ဖြိုးမယ်လို့ နားလည်ထားတယ်။

အချုပ်ကတော့ – လူထုရဲ့ မက်လုံးကို မသတ်ဘူး။ (ဒီနေရာမှာ မြန်မာပြည်အကြောင်း ပြောချင်တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ပါလီမန်ဒီမိုကရေစီခေတ်က တည်ဆဲ စျေးကွက်စီးပွားရေးကို နိုင်ငံပိုင်တွေသိမ်းပြီး ဖျက်ဆီးပစ်တယ်၊ နိုင်ငံပိုင်သိမ်းတာဟာ လူထုရဲ့ မက်လုံးကို ဖျက်ဆီး ပစ်တဲ့ အဓိက တရားခံပဲ။ ဤကား စကားချပ်)

▄ တိန့်ရှောင်ဖိန်၏ ညည်းချင်း

လက်ရှိ တရုတ်ပြည်ရဲ့ စီးပွားရေးစနစ်ဟာ State Capitalism လို့ ပြောနိုင်တယ်။ စီးပွားရေးမှာ အရင်းရှင်စနစ်၊ စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးတာတော့ မှန်တယ်။ သို့သော် နိုင်ငံတော်ရဲ့ ကြီးမှူးကွပ်ကဲမှုအောက်မှာ ရှိနေတဲ့ အရင်းရှင်စနစ်ဖြစ်တယ်။ အာရှကျားလေးကောင်ထဲမှာ ပါတဲ့ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးစနစ်ဟာလည်း အလားတူပဲဖြစ်ပါတယ်။ တကယ်တော့ ဒီပုံစံကို တရုတ်ထက် စင်္ကာပူက အရင်စတင်ခဲ့တာ။ စင်္ကာပူကျွန်းဟာ၊ မလေးရှားနိုင်ငံကနေ ခွဲထွက်ပြီးနောက်ပိုင်း စင်္ကာပူမှာ လီကွမ်ယုက ဝန်ကြီးချုပ် ဖြစ်လာတယ်။ ဝန်ကြီးချုပ် လီကွမ်ယု ဦးဆောင်တဲ့ စင်္ကာပူဟာ စက်မှုစီးပွားအရ ထိပ်တန်းရောက်လာတယ်။ အာရှနိုင်ငံတွေထဲမှာ နိုင်ငံငယ် လေးက ထိပ်တန်းရောက်လာတယ်။ စင်္ကာပူဟာ စီးပွားရေးအရ အတော်တိုးတက်အောင်မြင်နေတဲ့အချိန်လောက် ကျမှ၊ တရုတ်ပြည်ကြီးဟာ စီးပွားရေးပြုပြင်ပြောင်းလဲဖို့ တာဆူနေတုန်းရှိသေးတယ်။ အဲသည့်အချိန်မှာ၊ တိန့်ရှောင် ဖိန်က လေးဦးဂိုဏ်းကို အံတုပြီး တရုတ်ပြည်မှာ ခေါင်းဆောင်ဖြစ်နေပြီ။

တိန့်ရှောင်ဖိန်က ဖွံ့ဖြိုးပြီးနိုင်ငံတွေကို လှည့်ပတ်လေ့လာတယ်။ ဒီလိုနဲ့ စင်္ကာပူကို တိန့်ရှောင်ဖိန် ရောက်လာတယ်။ တိန့်ရှောင်ဖိန်က လီကွမ်ယုနဲ့ တွေ့တယ်။ စင်္ကာပူရဲ့ ဖွံ့ဖြိုးရေးနှလုံးမူပုံကို သူ ကောင်းကောင်း လေ့လာခဲ့တယ်။ နောက်…. လီကွမ်ယုကို စကားတစ်ခွန်း ပြောခဲ့တယ်။ “ခင်ဗျားမှာက စင်္ကာပူတစ်ခုပဲ ရှိတာ၊ ကျုပ်မှာတော့ စင်္ကာပူလို မြို့တွေ အများကြီး၊ ဒါတွေ အားလုံးကို တွန်းတင်ရမှာ”။ ဒီလိုနဲ့ တိန့်ရှောင်ဖိန် တရုတ်ပြည် ပြန်ရောက်တော့၊ လွတ်လပ်သော ကုန်သွယ် မှုဇုံတွေကို တည်ဆောက်တယ်။ တချို့က ကုန်သွယ်ရေးဇုံ၊ တချို့က စက်မှုဇုံ၊ တချို့က အထူးစီးပွားရေးဇုံ။ ဒီလိုနဲ့ စျေးကွက်စီးပွားရေးကို ဘောင်ခတ်ထားတဲ့ အဝန်းအဝိုင်းလေးအတွင်းမှာ လွှတ်ထားပေးလိုက်တာ၊ တရုတ်ပြည် ကြီး တဖြည်းဖြည်းနဲ့ စီးပွားရေးတိုးတက်မှုမျဉ်းတွေ မိုးပေါ်ထောင်လာတယ်။ (တရုတ်ပြည်မှာ တိန့်ရှောင်ဖိန် လုပ်ခဲ့တဲ့ ဒီဇိုင်းကို ၁၉၉၀ အလွန် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာပြည်မှာ တရုတ်ပုံစံအတုခိုးပြီး လုပ်ခဲ့တယ် – ဤကား စကားချပ်)

▄ ကြိုးနီစနစ်ကို ဖျက်

တရုတ်ပြည်ဟာ လွတ်လပ်သော စျေးကွက်စီးပွားရေးစနစ်ကို သီးခြားဝန်းကျင်သတ်မှတ်ပေးပြီး စတင်ထူထောင် ခဲ့တာ ဖြစ်တယ်။ စျေးကွက်ရဲ့ အခန်းကဏ္ဍဟာ စီးပွားရေးမှာ အရေးပါတယ်ဆိုတာ လက်ရှိတရုတ်ခေါင်းဆောင် တွေက အတွေ့အကြုံအားဖြင့် သိနားလည်ထားတယ်။ ဖွံ့ဖြိုးရေးအတွက် စျေးကွက်လိုတယ်။ စီမံကိန်း စီးပွားရေး စနစ်နဲ့ ပျော့ကွက်နဲ့ အမိန့်ပေးစီးပွားရေးစနစ်ရဲ့ အားနည်းချက်တွေကို ဖြည်ထုတ်ဖို့ အုပ်ချုပ်ရေးစနစ် အပြောင်း အလဲတွေ လုပ်ခဲ့ရတယ်။ တိန့်ရှောင်ဖိန် လက်ထက်၊ ထို့နောက် ကျန်ဇီမင်းလက်ထက်။ တရုတ်သမ္မတ ကျန်ဇီမင်း လက်ထက်မှာ ဗြူရိုကရေစီပြုပြင်ပြောင်းလဲရေးကို ဝန်ကြီးချုပ် ကျူရုံကျီက အဓိက လုပ်ခဲ့တယ်။

အစိုးရဌာနတွင်း အပြောင်းအလဲတွေနဲ့ ဗြူရိုကရေစီပြုပြင်ပြောင်းလဲရေးတွေဆိုတာ တကယ်တော့ ကြိုးနီစနစ်ကို ဖျက်ပစ်တဲ့အလုပ် ပဲ ဖြစ်တယ်။ စျေးကွက်စီးပွားရေးအတွက် ကြန့်ကြာ နှောင်းနှေးစေမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းမျဉ်းတွေကို ဖျက်ပစ်တာ၊ ပြင်ပစ်တာ။ အလုပ်ဖြစ်အောင် ဌာနတွေကို ပြုပြင်ပြောင်းလဲတာ။ တစ်ဖက်မှာလည်း Regulator role လို့ခေါ်တဲ့ အရာကို စနစ်တကျ စီမံတယ်။ လုပ်ထုံးလုပ်နည်းတွေကို ကျစ်လစ်အောင် လုပ်တယ်။ ဖောင်းပွနေလို့ မဖြစ်ဘူး။ စနစ်တကျ အထိုင်ချပြီး အသက်သွင်းတယ်။ ဒီလိုနဲ့ တရုတ်ရဲ့ ဗြူရိုကရေစီယန္တရားဟာ မြန်ဆန်သွက် လက်လာတယ်။ ဒီနေရာမှာ ဌာနအလျောက်၊ အဆင့်အလိုက်၊ ကဏ္ဍအလိုက် လုပ်ပိုင်ခွင့်တွေ ပေးတယ်။ လုပ်ထုံး လုပ်နည်း စည်းမျဉ်းနဲ့ ညီတယ်ဆိုရင်၊ လွတ်လပ်စွာလုပ်ပိုင်ခွင့် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးတယ်။ သို့သော် ဗဟိုက မူကိုတော့ ကိုင်ထားတယ်။ ဒီလိုနဲ့ တရုတ်ဗြူရိုကရေစီယန္တရားဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် တွေကို အထောက်အပံ့ပေးနိုင်လာတယ်။ ပိုပြီး ထိထိရောက်ရောက်ကူညီပေးနိုင်လာတယ်။

တရုတ်ရဲ့ စီးပွားရေး စနစ်ဟာ အစိုးရဲ့ အခန်းကဏ္ဍနဲ့ စျေးကွက်ရဲ့ အခန်းကဏ္ဍကို မျှခြေညှိပြီး ထိန်းကျောင်းထားနိုင်တာ ဖြစ်တယ်။ စီးပွားရေးဖွံ့ဖြိုးဖို့ အစိုးရရဲ့ အခန်းကဏ္ဍဟာ ကန့်လန့်တိုက်နေ၊ ခုခံတားဆီးနေတာမျိုးထက် မိတ်ဖက်အနေအထား မှာ တည်ဆောက်ထားခြင်းဖြစ်တယ်။ ဒါ့ကြောင့် ယနေ့ နိုင်ငံတကာကပညာရှင်တွေဟာ တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှု စနစ်ဟာ ကောင်းမွန်တဲ့ ယန္တရားကို ပိုင်ဆိုင်တယ်လို့ မှတ်ချက်ပြုကြတယ်။

▄ လက်နှစ်ဖက်ရဲ့ တန်ဖိုး

စျေးကွက်နဲ့ အစိုးရဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က ဝင်ဖြည့်ပေးတာမျိုးကို ရှေ့ရှုစေတယ်။ တစ်ယောက်ရဲ့ ဟာကွက်ကို တစ်ယောက်က အားဖြည့်ပေးတာမျိုးပဲ ဖြစ်စေတယ်။ တရုတ်ခေါင်းဆောင်တွေဟာ အစိုးရရဲ့ အခန်းကဏ္ဍကို မြင်ရတဲ့လက်ဖြစ်တယ်လို့ ယူဆတယ်။ စျေးကွက်မှာတော့ မမြင်ရတဲ့လက်ပေါ့။ ဒီလက် နှစ်ဖက်စလုံးမှာ တန်ဖိုး ကိုယ်စီ ရှိတယ်လို့ ယူတယ်။ လူတစ်ယောက်ရဲ့ ဘယ်လက်နဲ့ ညာလက်ကဲ့သို့ဖြစ်တယ်။ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ရင် တန်ဖိုးကြီးတယ်လို့ နားလည်ကြတယ်။ ဒါ့ကြောင့် မြင်ရတဲ့လက်ရဲ့ တန်ဖိုးရော၊ မမြင်ရတဲ့ လက်ရဲ့တန်ဖိုးကိုရော တရုတ်ခေါင်းဆောင်တွေက မငြင်းပယ်ဘူး။ လိုသလို အသုံးချဖို့ပဲ စဉ်းစားတယ်။ အနောက်နိုင်ငံက ဒဿနသမားတွေ ပို့ချတဲ့ သဘောတရားတွေကို တရုတ်တွေဟာ အတောင့်လိုက် မသုံးဘူးဆိုတဲ့ သဘော။ ပြုပြင်စီရင်ပြီး တရုတ်မှုပြုပြီး ပြင်ဆင်သုံးစွဲတယ်ဆိုတဲ့သဘောလို့ နားလည်ရတယ်။

▄ တရုတ်ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍ

ဒီနေရာမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အခန်းကဏ္ဍက သိပ်အရေးကြီးတယ်။ အစိုးရမှာလည်း အစိုးရအလျောက် သူ့ တာဝန်နဲ့ အခန်းကဏ္ဍ ရှိတယ်။ စျေးကွက်မှာလည်း ထိုနည်းလည်းကောင်း။ တရုတ်လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးမှုမျဉ်း ပေါ်မှာ တင်ထားနိုင်ဖို့အတွက် အစိုးရနဲ့ စျေးကွက်ကို မျှခြေညှိထားနိုင်ဖို့ လိုတယ်။ ဒီတာဝန်ကို တရုတ်ကွန်မြူနစ် ပါတီက ယူတယ်။ အစိုးရအဖွဲ့က လုပ်ဆောင်မယ့် မူဝါဒအားလုံးရဲ့ ခေါင်ချုပ်ကို ပါတီက ကိုင်ထားတယ်။ တရုတ် လူ့အဖွဲ့အစည်းကြီး စနစ်တကျ တည့်မတ်စွာ လျှောက်လှမ်းနိုင်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီက ထိန်းကျောင်း ကိုင်တွယ်တယ်။

တရုတ်လူ့အဖွဲ့အစည်းအတွင်းမှာ ဆင်းရဲ – ချမ်းသာ မညီမျှမှုတွေ ရှိနေသေးတယ်။ အထူးသဖြင့် မြို့ပြနဲ့ ကျေးလက်အကြား ဖွံ့ဖြိုးမှုအကွာအဟက ကြီးမားနေသေးတယ်။ ဒါကို ထိန်းကျောင်းဖို့ ကြိုးစားတဲ့နေရာမှာ လူ့အဖွဲ့အစည်းအတွင်းမှာ ဓနဥစ္စာခွဲဝေမှု မျှတဖို့ လိုတယ်။ တရုတ်လူ့အဖွဲ့အစည်းရဲ့ အခြေခံအရင်းအမြစ်အကျဆုံး အခြေခံမူတွေ၊ တန်ဖိုးတွေ၊ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်တဲ့ အာဏာဗဟိုချက်ဟာ တရုတ်ကွန်မြူနစ်ပါတီမှာ ရှိတယ်။

▄ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး ဒွေးရောယှက်တင်

ဒီနေရာမှာ အကျိုးစီးပွားပဋိပက္ခတွေ တွေ့ကြုံရတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်အစိုးရယန္တရားထဲမှာ လည်း ပါဝင်ပတ်သက်နေတာမျိုးတွေ ရှိတယ်။ ဒီတော့ တခါတရံမှာ ပါတီနဲ့ အစိုးရဟာ အတူတူ။ တခါတရံမှာ ပါတီနဲ့ အစိုးရဟာ သီးခြား။ ပူးတုံ ခွာတုံလို့ ပြောနိုင်တယ်။ ခေတ်အဆက်ဆက်မှာ တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံတစ်ခုလုံးရဲ့ ရေးရာအားလုံးကို ထိန်းချုပ်ထားခဲ့တော့၊ ပါတီရဲ့ အပျံ့ကျယ်မှုနဲ့ လွှမ်းမိုးမှုက ကြီးမားနေ သေးတယ်။ အထူးသဖြင့် အစိုးရရဲ့ အခန်းကဏ္ဍအဝန်းအဝိုင်းမှာ ပါဝင်သွားတဲ့သူတွေဟာ တခါတရံ ဖွံ့ဖြိုးရေးရဲ့ အတားအဆီးဖြစ်လာနိုင်သေးတယ်။ အလားတူပဲ ပါတီတွင်း လုပ်ပိုင်ခွင့်ရထားတဲ့သူတွေဟာလည်း ဖွံ့ဖြိုးရေးရဲ့ အခုအခံဖြစ်လာနိုင်သေးတယ်။ ဒါကို ဖြေရှင်းဖို့အတွက် နည်းနာ နှစ်ခုကို ကိုင်ဆွဲတာတွေ့ရတယ်။ (၁) အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းနဲ့ (၂) အုပ်ချုပ်မှုစနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဖြစ်တယ်။

တရုတ်ကွန်မြူနစ် ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ဖွံ့ဖြိုးရေးမှာ အစိုးရနဲ့ စျေးကွက်ကို မျှခြေမှာ ထိန်းထားဖို့ အမြဲမပြတ် ကြိုးစား တယ်။ တရုတ်သမ္မတရှီကျင့်ဖျင် ကိုယ်တိုင်က ဒီအချက်ကို ဇောင်းပေးပြောတယ်။ ပါတီတွင်း ပြုပြင်ပြောင်းလဲရေး တွေနဲ့ အုပ်ချုပ်မှုစနစ်ပြုပြင်ပြောင်းလဲတာတွေကို ကိုင်တွယ်ဖို့၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကိစ္စတွေကို အထူးလုပ်ပိုင်ခွင့်ပေးပြီးတော့ လုပ်ဆောင်တာတွေ ရှိတယ်။ ဒါကို နိုင်ငံရေးအာဏာထူထောင်ဖို့၊ သုံးကြတာတွေ ရှိကောင်းရှိနိုင်တယ်။ ဒါက တစ်ပိုင်း။

ဆိုလိုချင်တာက – တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဟာ တရုတ် နိုင်ငံဖွံ့ဖြိုးရေးကို ထိန်းကျောင်းရာမှာ၊ မမြင်ရတဲ့လက်နဲ့ မြင်ရတဲ့လက်တို့ရဲ့ အခန်းကဏ္ဍကို ကောင်းကောင်း အသုံးချနိုင်ဖို့ အားထုတ်ရမယ်… လို့ ဆိုလိုတာဖြစ်တယ်။

ဒီနေရာမှာ၊ တရုတ်သမ္မတရှီကျင့်ဖျင်က – အခြေအနေ သစ်မှာ အဆင့်အားလုံးရဲ့ ထိပ်တန်းအရာရှိတွေဟာ လေ့လာသင်ယူမှုကို စဉ်ဆက်မပြတ် လုပ်ဆောင်ကြဖို့နဲ့ လေ့လာ သင်ယူထားတာတွေကို လက်တွေ့အသုံးချဖို့၊ ပြဿနာအသစ်တွေကို လေ့လာပြီး အတွေ့အကြုံသစ်တွေ ကို ယူဖို့၊ မမြင်ရတဲ့လက်နဲ့ မြင်ရတဲ့လက် နှစ်ဖက်စလံးကို မှန်မှန်ကန်ကန် အသုံးချဖို့၊ အစိုးရနဲ့ စျေးကွက်အကြားမှာ ဆက်ဆံမှုမျှတအောင်လုပ်ရာမှာ ကျွမ်းကျင်သူတွေ ဖြစ်ကြဖို့ …. တိုက်တွန်းနှိုးဆော်တာတွေ့ရတယ်။

▄ လက်ဝဲစွန်းနှင့် လက်ယာစွန်းကို ရှောင်

တရုတ်ခေါင်းဆောင်တွေဟာ – အစွန်းမရောက်တဲ့ မဇ္ဈိမလမ်းကြောင်းကို မြင်ကွင်းကျယ်ကျယ်ထားပြီး ကျင့်သုံးနေ တာလို့တောင် ပြောနိုင်ပါတယ်။ အထက်မှာ တင်ပြခဲ့ပြီးတဲ့ အကြောင်းအခြင်းအရာတွေကို ကြည့်ရင်၊ လက်ရှိ တရုတ်ခေါင်းဆောင်တွေဟာ – ကွန်မြူနစ်ဝါဒရဲ့ လက်ဝဲစွန်းနဲ့ အရင်းရှင်စနစ်ရဲ့ လက်ယာစွန်းတွေကို ပညာအသိနဲ့ သတိထားကိုင်တွယ် လျှောက်လှမ်းပြီး၊ တရုတ်နိုင်ငံကြီးရဲ့ ဖွံ့ဖြိုးရေးစီယာတိုင်ကို ကိုင်လှည့်နေတယ်လို့ နားလည်နိုင်ပါတယ်။

မင်းသေ့ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၂၊ ၂၀၂၁