• Today is: Thursday, February 29, 2024

တော်လှန်ရေးဖြင့်သာ ပြည်ထောင်သစ်ကို ထူထောင်နိုင်မည်

တော်လှန်ရေးဖြင့်သာ ပြည်ထောင်သစ်ကို ထူထောင်နိုင်မည်

နိုင်ငံသည် (၁၉၄၈) ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ်ရေး ရခဲ့သည်ဟု ဆိုသော်လည်း ပြည်သူလူထုသည် နှစ်ပေါင်း (၇၀) ကျော်ကြာအောင် ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်စနစ် အောက်တွင် မလွတ်လပ်သော ဘဝများနှင့် အမျိုးမျိုးသော ဆင်းရဲဒုက္ခများကိုသာ ကြုံတွေ့ပိုင်ဆိုင်ခဲ့ရသည်မှာ ပကတိအရှိတရား ဖြစ်သည်။

လွတ်လပ်ရေး အတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့သော လူမျိုးပေါင်းစုံ ခေါင်းဆောင်များ၏ မျှော်ရည်ရာ ပြည်ထောင်စု ပန်းတိုင်သည်ကား ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်ခဲ့ရသည်။ မည်သည့်အတွက်ကြောင့် နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ဖို့ ဝေးစွ၊ ပဋိပက္ခများ၊ စစ်အာဏာသိမ်းမှုများကိုသာ သမိုင်းတလျှောက် ကြုံတွေ့ခဲ့ရပါသနည်း။

မည်သူမျှ ငြင်းဆန်၍ မရသည်ကား ဤမြေပေါ်တွင် ကြီးမားသော နိုင်ငံရေး ပြဿနာများ ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းရမည့်အစား လက်နက်အားကိုးဖြင့် စစ်အာဏာသိမ်းသည့် နည်းလမ်းကို ထပ်ခါတလဲလဲ ရွေးခဲ့ကြသည့် ကိုယ်ကျိုးရှာ စစ်အုပ်စုခေါင်းဆောင်များကြောင့်လည်း ပြည်တွင်းစစ်သည် တာရှည်လာခဲ့သလို ပဋိပက္ခများသည်လည်း တိုးပွား၍သာ လာခဲ့ပေသည်။

ပြည်သူလူထု၏ ဘဝသည်ကား စစ်အာဏာရှင်စနစ်ကြောင့် ဆင်းရဲတွင်းနွံထဲတွင် ရုန်းကန်နေခဲ့ရပြီး လွတ်လပ်ကာ ဂုဏ်သိက္ခာမြင့်မားသည့် နိုင်ငံသားများအဖြစ်သို့ မည်သည့်အခါကမျှ တက်လှမ်းလာနိုင်ခြင်း မရှိခဲ့ပေ။ နိုင်ငံသည်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် နယ်ပယ်အသီးသီးတွင် ခေတ်နောက်ကျ ကျန်နေခဲ့ရပြီး ချွတ်ခြုံကျ ပျက်ဆီးနေသည်မှာ အားလုံး အသိပင် ဖြစ်သည်။

ဆိုခဲ့ပါ ပဋိပက္ခများ၏ ဖြစ်တည်ရာ နိုင်ငံရေးပြဿနာသည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံ ပေးမည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ ပြဿနာနှင့် စစ်တပ်သည် အရပ်သားအုပ်ချုပ်မှုအောက်တွင် ရှိနေရမည့် ဒီမိုကရေစီစနစ် ထူထောင်ရေး ပြဿနာတို့ပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီ ဆိတ်သုဥ်းနေခြင်း ပြဿနာပင် ဖြစ်ပေသည်။

လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြသော ခေါင်းဆောင်များသည် လွတ်လပ်ရေး ရပြီးသည့်နောက် နိုင်ငံ ထူထောင်ရာတွင် ထိုကဲ့သို့သော ပြဿနာများ မဖြစ်ပေါ် စေရန်အတွက် ပင်လုံစာချုပ်ကို ချုပ်ဆိုကာ ပင်လုံ ကတိကဝတ်ကို တိုင်းသိ၊ ပြည်သိ ကမ္ဘာသိ ထုတ်ပြန်ခဲ့ပေသည်။

(၁၉၄၇) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကြောင့်လည်း တောင်တန်း ပြည်မ ပေါင်းစည်းနိုင်ခဲ့ကာ လွတ်လပ်ရေးကို အရယူရာတွင် ကြီးစွာသော အထောက်အကူ ဖြစ်ခဲ့ရသည်။ ပင်လုံစာချုပ်သည် လွတ်လပ်ရေး မတိုင်ခင်က ကိုယ်ပိုင် အချုပ်အခြာအာဏာ ပိုင်စိုးမှု ကိုယ်စီ ရှိခဲ့ကြသော ပြည်ထောင် အချင်းချင်း တန်းတူ ရည်တူ ပေါင်းစည်းပြီး လွတ်လပ်ရေးကို အရယူကာ အေးအတူ ပူအမျှ နေထိုင်နိုင်မည့် ပြည်ထောင်စုနိုင်ငံတော်အဖြစ် ထူထောင်ရန် မျှော်ရည်ခဲ့ကြသည်။

သို့သော်လည်း လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကျင့်သုံးခဲ့သည့် (၁၉၄၇) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပင်လုံစာချုပ်ပါ အချက်များကို မျက်ကွယ်ပြုကာ တပြည်ထောင်စနစ်ကိုသာ အ​ခြေခံခဲ့ပေသည်။ ထိုကြောင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် တောင်းဆိုတိုက်ပွဲဝင်သည့် လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ပြီး အယူအဆ ရေးရာအရ ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်မီးကို ပိုမို အရှိန်မြှင့် တောက်လောင်စေခဲ့သည်။

ပြည်တွင်းစစ်မီးကြောင့် စစ်ဘောင်ပိုမို ကျယ်ပြန့်လာကာ ပြည်သူလူထု၏ အခွန်၊ ဘဏ္ဍာနှင့် တိုင်းပြည်၏ သယံဇာတတို့ဖြင့် ထူထောင်ထားသော စစ်တပ်သည် နိုင်ငံရေး နယ်ပယ်တွင်ပါ ဝင်ရောက်စွက်ဖက်လာခဲ့ပြီး စစ်အာဏာရှင်စနစ်ကို စတင် ထူထောင်လာခဲ့တော့သည်။

စစ်အာဏာရှင်စနစ် တည်တံ့ရေးအတွက် လူအများစု သည်း​ခြေကြိုက် အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးနှင့်  လူမျိုးကြီးဝါဒ ထွန်းကားရေးတို့အတွက် ကျောင်းစာသင်ခန်းများမှ အစ၊ အစိုးရဌာနများ အလယ်၊ နယ်ပယ်ပေါင်းစုံတွင် ဝါဒဖြန့်ကာ ပြည်သူလူထုကို မှိုင်းတိုက်ခဲ့ကြသည်။ တဖက်တွင် ပြည်ထောင်စု မပြိုကွဲရေး အကြောင်းပြချက်ဖြင့် စစ်ခေါင်းဆောင်တို့၏ ခါးပိုက်ဆောင် ကြေးစား စစ်တပ်သည် ပြည်နယ်များတွင် ကျူးကျော်စစ်ကို အကြီးအကျယ် ဆင်နွှဲနေခဲ့သည်မှာ လွတ်လပ်ရေး ရပြီးကတည်းက ယနေ့အချိန်ထိပင် ဖြစ်သည်။

အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အကြီးမားဆုံးသော မဟာရန်သူတော်မှာ ဖက်ဆစ်ဝါဒနှင့် လူမျိုးကြီးဝါဒတို့ကို အခိုင်အမာ ထောက်တိုင် ပြုထားသည့် စစ်အာဏာရှင်စနစ်ကို ဆက်လက်ထူထောင်လိုသူ စစ်အုပ်စုပင် ဖြစ်ပါသည်။ ထိုစစ်အုပ်စုသည် စစ်အာဏာရှင်စနစ်ကို အရေခြုံကာကွယ်ပေးမည့် အရပ်သားအနည်းငယ် ဟန်ပြပါဝင်သည့် စစ်အစိုးရကို ထူထောင်နိုင်ရေးအတွက် အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို အသက်သွင်းရန် အပြင်းအထန် ကြိုးပမ်းနေကြပေသည်။

သို့သော် ပြည်သူလူထုသည် စစ်တပ်နှင့် စစ်အာဏာရှင်တို့၏ နိုင်ငံရေး လမ်းပြမြေပုံကို လက်သင့်ခံတော့မည် မဟုတ်သည်မှာ သေချာလှပေသည်။ ယခုဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးနှင့်အတူ စစ်တပ်၏ ခေတ်အဆက်ဆက် ဝါဒဖြန့် မှိုင်းတိုက်မှုများကို ကျော်လွှားနိုင်ခဲ့ကြပြီး လွတ်လပ်ရေး ရပြီးနောက်ပိုင်း ယနေ့အချိန်ကာလလောက် နိုင်ငံရေးအရ နိုးကြားသော အချိန် မရှိခဲ့ပေ။ ပြည်သူလူထု၏ ပြတ်သားသော လမ်းစဥ်သည်ကား စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး(ဝါ) စစ်သုံးစစ် တိုက်ဖျက်ရေး ဖြစ်နေပေသည်။ ထိုမှတဆင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးကို ဦးတည် ချီတက်လိုကြသည်။

နွေဦးတော်လှန်ရေးမှတဆင့် ပြည်သူလူထု လိုလားတောင်းဆိုနေမှုများသည် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည့် တန်းတူညီမျှရှိသည့် ပြည်ထောင်စုကို ထူထောင်လိုသူ လူမျိူးပေါင်းစုံ ခေါင်းဆောင်ကြီးများ၏ မျှော်ရည်ချက်ဖြင့် ထပ်တူကျနေပေသည်။ ဤနေရာတွင် လွတ်လပ်ရေးကြေညာစာတမ်းပါ အပိုဒ် ​ခြောက်ပိုဒ်မှ နောက်ဆုံး သုံးပိုဒ်ကို ကောက်နှုတ်ဖော်ပြလိုပါသည်။

“ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား ကျောသား ရင်သား သူကား ငါကား ခွဲခြားခြင်းကိုအလိုမရှိ မြစ်ချောင်း သီတာ သမုဒ္ဒရာ တောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော်တစ်ဝှမ်းကို တသွေးတသားတည်းဟူသော ကြိုးထူး၊ တစိတ်တဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျေက် သဘာဝအထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး ဤ ကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ် လက်ကိုင် ငါတို့အပိုင်ရလေပြီ။

ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတဦး တယောက်တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာလတံ့သော အနာဂတ်ကာလ၌၎င်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်း နေထိုင်ကြသော ကြီးငယ် ဝေးနီး ကျား/မ မခြား သစ္စာတော်ခံ နိုင်ငံသား ဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည် ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလလူတို့၏ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝှမ်း၏ အကျိုးကိုကောင်းစွာဆောင်ရွက်နိုင်အံ့သောပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိသန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့် လျော်စွာစည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား တူညီသောအခွင့်အရေး တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

သိကြကုန်လော့၊ ယနေ့ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝလွတ်လပ်ရေးကို ငါတို့ပြန်၍ယူပြီ။ တိုင်းရင်းသား အပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေးအဆင့်အတန်း တူညီသည့် ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်မည်၊ ငါတို့သည် လွတ်လပ်သောနိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သောနိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ် သော ကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်မည်၊ ငါတို့၏လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ် စောင့်ရှောက်မည်။

ဤငါတို့ကျေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။”

လွတ်လပ်ရေး ကြေညာစာတမ်းတွင် ဖော်ပြထားသကဲ့သို့ ပြည်ထောင်စုနိုင်ငံတော်မျိုးကို တကြိမ်တခါမျှ ထူထောင်နိုင်ခဲ့ခြင်း မရှိခဲ့သည့်အပြင် စစ်တပ် ဆိုသည့် တစုတဖွဲ့သည် နိုင်ငံကို မောင်ပိုင်စီးကာ လူမျိုးပေါင်းစုံ ပြည်သူလူထုကို ဖိနှိပ်ချုပ်ခြယ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။

ပြည်ထောင် အချင်းချင်း တန်းတူညီမျှစွာ ပေါင်းစုစည်းသည့် ပြည်ထောင်စုသည်သာ တန်းတူညီမျှမှု ရှိမည် ဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်လည်း အပြည့်အဝ ရရှိမည်  ဖြစ်ပါသည်။

ထိုကဲ့သို့သော ပြည်ထောင်သစ်ကို ထူထောင်နိုင်ဖို့ဆိုလျှင် လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်စွာဖြင့် မဟာဗျူဟာကျကျ ဟန်ချက်ညီညီဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် အဓိက အတားအဆီးဖြစ်သည့် စစ်အာဏာရှင်တို့ကို ပထမဦးစွာ ရင်ဆိုင်ကျော်ဖြတ်ရမည် ဖြစ်သည်။

လက်ရှိ နိုင်ငံ​ရေး အခင်းအကျင်း၊ ပြည်သူလူထု၏ နိုးကြားတက်ကြွမှု အနေအထား၊ ဖြတ်သန်းလာခဲ့ရသည့် သမိုင်းသင်ခန်းစာ စသည့် ရှုထောင့်မျိုးစုံမှ သုံးသပ်ကြည့်မည်ဆိုလျှင် လူမျိုးပေါင်းစုံ ပါဝင်သော တော်လှန်ရေး ဖြင့်သာ သစ်လွင် တောက်ပသော ပြည်ထောင်စုသစ်ကို ထူထောင်နိုင်မည် ဖြစ်ပါကြောင်း။

“တိုက်ပွဲရှိလျှင် အောင်ပွဲရှိ၏”

ခန့်ဝေဖြိုး ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၄၊ ၂၀၂၁