• Today is: Thursday, September 21, 2023

သတင်းထောက် စိုင်းဝင်းအောင် လေးကေ့ကော်မှာ သေဆုံးရမှု UNESCO ရှုတ်ချ

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၈၊ ၂၀၂၂

ကရင်ပြည်နယ်၊ လေးကော့ကော်မြို့မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့က သတင်းထောက် စိုင်းဝင်းအောင် ခေါ် အေစိုင်းကေ သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ UNESCO ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီးရဲ့ ညွန်ကြားရေးမှူးချုပ် Audrey Azoulay က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

စိုင်းဝင်းအောင်ဟာ လေးကေ့ကော်မြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ အကြောင်း သတင်းယူရင်း မြန်မာစစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီးတော့ သေဆုံးသွားခဲ့ တာလို့ UNESCO က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကိုးကား ဖော်ပြထားပါတယ်။

“စိုင်းဝင်းအောင် အသတ်ခံလိုက်ရတဲ့ကိစ္စကို ပြစ်တင် ရှုတ်ချပါတယ်။ စိုင်းဝင်းအောင်လို သတင်းထောက်တွေဟာ ပြည်သူလူထု သတင်းတွေ သိရှိနိုင်အောင် အသက်စွန့်ပြီး လုပ်ကိုင်နေကြတာပါ။ သူတို့လုပ်နေတာတွေကို အသိအမှတ်ပြုဖို့ လိုအပ်သလို သူတို့ရဲ့ ဘေးကင်း လုံခြုံမှုအတွက်လည်း အရပ်သားတွေကို တိုက်ခိုက်ခြင်းမပြုရဆိုတဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေအရ အကာကွယ်ပေးဖို့ လိုအပ်ပါတယ်” လို့ Audrey Azoulay က ပြောပါတယ်။

စိုင်းဝင်းအောင်ဟာ ဒီဇင်ဘာလအတွင်း ဒုတိယမြောက် သေဆုံးတဲ့ သတင်းထောက်ဖြစ်တယ်လို့ သတင်း လွတ်လပ်ခွင့်အပါအဝင် သတင်းထောက်တွေ ဘေးကင်းလုံခြုံမှုနဲ့ သူတို့ကို တိုက်ခိုက်သူတွေကို အပြစ်ပေး အရေးယူနိုင်ရေး လုပ်ဆောင်နေတဲ့ UNESCO အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ တနှစ်နီးပါးလောက်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ကုလသမဂ္ဂအနေနဲ့ ဆက်လက် စောင့်ကြည့်နေကြောင်းလည်း UNESCO ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။