• Today is: Sunday, February 25, 2024

အေစိုင်းကေ သို့မဟုတ် နောက်ဆုံးညစာ

အေစိုင်းကေ သို့မဟုတ် နောက်ဆုံးညစာ

စစ်တပ်ကအာဏာသိမ်းပြီးသိပ်မကြာ အာဏာရှင်ဆန့်ကျင်ရေးအလံတော်ကို မြဲမြဲဆုပ်ကိုင်ထားတဲ့ သတင်းဌာနတွေ ပိတ်သိမ်းခံလိုက်ရတယ်။လုပ်ငန်းစဉ်အဆင့်ဆင့်ဖြတ်သန်းရတဲ့သတင်းစာကျတော့ ကိုယ့် ဘာသာထွက်ချင်သလိုထွက်ဖို့ရာမလွယ်တာမို့ လုံးဝရပ်နားလိုက်ရ၊အွန်လိုင်းမီဒီယာတွေကျတော့ ကိုယ့် နည်း ကိုယ့်ဟန်နဲ့ ရှေ့ဆက်လှမ်းကြတယ်ဆိုပေမဲ့ လုံခြုံရေးအခြေအနေအရရန်ကုန်အခြေစိုက်အဖြစ်ကိုစွန့်ရ၊ဟို ဘက် နယ်စပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတချို့ဆီ ဆုတ်ရ၊အလုပ်ဖြစ်တယ်ဆိုရုံလူအင်အား လောက် နဲ့ မြန် မြန်အထိုင်ကျနိုင်ရေးအတွက် ဇောချွေးပြန်ကြရ။

ကိုဗစ်ကြောင့် လစာဖြတ်တောက်ခံထားရတဲ့ မီဒီယာလောကသားအများစုဟာ အာဏာသိမ်းပြီး သိပ်မ ကြာ ဝင်ငွေတစ်ပြားမှမရှိတဲ့နေ့တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ပိုဆိုးတာက မီဒီယာဆိုရင်ကို အငြိုးကြီးလွန်း လှတဲ့ ဟိုငနဲမင်းအောင်လှိုင်ရဲ့ စိတ္တဇကြီးမှုကြောင့်လည်း ဘယ်နေ့အဖမ်းခံရမလဲဆိုတဲ့ညတွေနဲ့ နပန်း လုံး ရပြန် တယ်။

ကျနော်ဟာလည်း ဝင်ငွေသုညဘဝကို ကျစ်ကျစ်ပါဆုပ်လို့၊တစ်ကိုယ်တော်တတ်နိုင်စွမ်းပြီး ကိုယ်လုပ် ရမယ့်တာဝန်ကိုလေးနက်မိတဲ့ အာဏာရှင်ဆန့်ကျင်ရေးဆောင်းပါးတွေကို တွင်တွင်ရေးခဲ့တယ်။ ရံဖန်ရံခါ ဆန္ဒရှိတဲ့နေ့တွေမှာ လမ်းမပေါ်တက်ဆန္ဒပြဖြစ်တာကလွဲလို့ အခန်းထဲတကုပ်ကုပ်နဲ့ ကိုယ့်အလုပ် ကိုယ်လုပ် နေတာပါပဲ။

ကျနော့်မိတ်ဆွေတစ်ဦးက သူ့သူငယ်ချင်းကျနော့်ကိုငုတ်တုတ်ထိုင်သောက်သုံးမကျနေတဲ့ ဂျန်လီးအ ဖြစ်သတ်မှတ်ကာ  ဖုန်းဆက်လှမ်းဆဲတာခံရတယ်။ကျနော်ရေးနေတာရိပ်ဖမ်းသံဖမ်းသိသူတချို့က စာမူခရ ဖို့ရေးနေတာလို့ ငေါ့တာခံရတယ်။ တ ကယ် တော့ အဲဒီ တုန်းကရေးတဲ့ နိုင်ငံရေးဆောင်းပါးမှန်သမျှဟာ အခမဲ့ တွေချည်းပါပဲ။ကိုယ်ရေးနေတဲ့ သတင်းဌာနတွေက ဘတ်ဂျက်မရှိလို့ စာမူခမပေးနိုင်ဘူးလို့ ဆိုတယ်။ကိုယ့်တစ် ဝမ်း တခါးအတွက် စာမူခရဖို့လိုပေမဲ့ စာမူခမ ရတော့လည်း ဟောဒီနွေဦး တော်လှန်ရေးထဲ ငါ့တာဝန်ငါယူရ မယ် ဆိုတဲ့ အသိအရ ကိုယ်ရေးချင်တာရေးပြီး ကျေနပ်ခဲ့တယ်။

ဒါပေမဲ့၊ကိုယ့်ရေးဖော်ချင်း စပ်မိစပ်ရာ စာမူခပေးတဲ့နေရာရှိရင် ပြောဖို့ အပြန်အလှန်လက်တို့ကြ တယ်။ တစ်ရက်၊အစ်ကိုစာရေးဖော်တစ်ဦးက ဖုန်းဆက်တယ်။’ ညီလေး၊ဖက်ဒရယ်ဂျာနယ်မှာရေးမလား၊စာ မူခပေးတယ်’ဆိုလို့ ပျော်ပျော်ကြီးခေါင်းညိတ်လိုက်မိတယ်။

ဒါနဲ့ ဖုန်းနံပါတ်တစ်ခုရောက်လာ၊ကြည့်လိုက်တော့ အေစိုင်းကေ တဲ့။အေစိုင်းကေဆိုတော့ ကဗျာဆ ရာမှန်းသိတယ်။သူ့ကဗျာ ခပ်နည်းနည်းကျနော်ဖတ်ခဲ့ဖူးတယ်။ပြီးတော့သူက ဖက်ဒရယ်ဂျာနယ်ရဲ့ အယ်ဒီတာ တဲ့။ အသံနည်းနည်းခပ်ဝဲဝဲမို့ တိုင်းရင်းသားမှန်းလည်း မမေးဘဲ သိရတယ်။

စာမူပို့ပြီးရင် ပို့ပြီးတဲ့အကြောင်း သူ့ဆီလှမ်းပြောလိုက်တယ်။စကားကို မလိုအပ်ဘဲ ချွေချွေတာတာ သုံးတတ်ကြတာချင်းတူလို့လားမသိ။ကျနော်တို့ကြားဆက်ဆံရေးမှာ စာမူပို့လိုက်ပြီနဲ့ဟုတ်ကဲ့ကလွဲ အပိုမရှိ။

===============  

လမ်းမပေါ် ကစော်နံ့တထောင်းထောင်း၊သေနတ်ကြီးတကားကားနဲ့ မူးယစ်ရမ်းကားနေတဲ့ ငနဲတွေ ဂျိုတကြွကြွနဲ့ခေတ်မှာ ဘယ်သူမဆို အဖမ်းခံရနိုင်ပြီး ဘယ်သူမဆို ရိုက်သတ်ခံရနိုင်တော့ ရန်ကုန်မြို့တိုက် ခန်းကျဉ်းကျဉ်းလေးထဲ ရေးချင်ရာရေးပြီးအာဏာရှင်ဆန့်ကျင်နေပေမဲ့ စိတ်လွတ်ကိုယ်လွတ်မရှိတာအမှန်ပဲ။

ညနက်ရင် ပြည်သူကိုလူမထင်တဲ့ ခြေသံပြင်းပြင်းတွေကို နားစွင့်ရတယ်။အိမ်တံခါးဆွဲအဖွင့် အလွယ် တကူမြင်ရတဲ့ စာအုပ်စင်ကိုမြင်ရင်ပဲ ခဏလိုက်ခဲ့ပါနဲ့ တွေ့နိုင်တယ်။ပြီးတော့ ရပ်ကွက်ရုံးစာရေးဆိုသူက နှစ် ခါ၊သုံးခါ ဘယ်မီဒီယာမှာလုပ်နေသလဲလို့ ခပ်ရိရိ အမေးကြောင့်လည်း ကိုယ့်အနာဂတ်ကိုယ် ဆဝါးကြည့်မိ တယ်။ကိုယ်အိမ်ထဲက ကိုယ့်လက်တော့ပ်မှာက ကိုယ့်နေ့စဉ်ဘဝ အာဏာရှင်ဆန့်ကျင်ရေးဆောင်းပါးတွေက အထုပ်နဲ့အထည်နဲ့မို့ ဖြုံရ။ဒါနဲ့ မိတ်ဆွေတချို့ရဲ့ အကူအညီကြောင့် စိတ်လွတ်ကိုယ်လွတ်ရေးချင်ရာရေးဆိုတဲ့ ကရင်ပြည်နယ်အစွန်အဖျားက လေးကေ့ကော်ကို ထွက်ခဲ့ရ။ပျော်သလားဆိုတော့လည်း ဘယ်ပျော်ပါ့မလဲ၊ဒါ ပေမဲ့ စိတ်လွတ်ကိုယ်လွတ် ရေးချင်ရာရေးနေရတော့ စိတ်ချမ်းသာတာသေချာတယ်။

အခု ဘယ်ပြည်သူရဲ့အိမ်ကိုမှန်မှန် ငါ့အိမ်မဟုတ်ဘူးဆိုတဲ့စိတ်နဲ့ ပစ်ချင်တိုင်းပစ်နေတဲ့ လေးကေ့ ကော်က အကြမ်းဖက်စစ်တပ်အမြောက်ကုန်းဆိုတာ ကျနော်မနက်၊ည ကျန်းမာရေးလေ့ကျင့်ရာ ဗြူးပွိုင့်ဆို တဲ့ တောင်ကုန်းနဲ့ ကပ်လျက်နေရာပါပဲ။ပြီးတော့ အခုအကြမ်းဖက်စစ်တပ်က ဝင်စီးထားတဲ့ မယ်ဝါးခီးရွာဆို တာ လေးကေ့ကော်နဲ့ မျက်နှာချင်းဆိုင်ကရွာကြီးတစ်ရွာ။လေးကေ့ကော်ကနေ မယ်ဝါးခီးရွာထဲ ဝင်လမ်း၃ ပေါက်ရှိ ပြီး ကျနော်ကကားကင်း၊ဖုန်ကင်းတဲ့ အလယ်လမ်းကနေ ခပ်ပြင်းပြင်းလမ်းလျှောက်ဝင်၊ဖလူးဘက် သွားတဲ့ဟို ဘက်ထိပ်ရွာအစွန်အရောက်ဘယ်ဘက်မှာ ရော်ဘာတောနဲ့ညာဘက်မှာဘုန်းကြီးကျောင်း။ ပြီးတော့ညာဘက် ကိုချိုးချလိုက်ရင် သိပ်ကိုလှတဲ့တောလမ်းလေး။

တောလမ်းလေးဟာသိပ်တောဆန်လွန်းလှတော့ လူသူအရောက်အပေါက်က တစ်ယောက်လောက် မြင်ကံကောင်းပေါ့။လမ်းဘေးဝဲယာမညီမညာ အနိမ့်အမြင့်အလှအပတွေနဲ့ ခပ်ဝေးဝေးမြင်နိုင်တဲ့စိုက်ခင်းတွေ ကလည်းပေါများ။ အဲဒီတောလမ်းလေးတစ်လျှောက် အိမ်၃လုံးသာရှိတာမို့ ဖုန်မရှူရ၊ကားမရှောင်ရ ရာနှုန်း ပြည့် တောရသ။

ငေးငေးတွေးတွေးလေးနဲ့ သွက်သွက်လျှောက်လို့ကောင်းတဲ့နေရာမို့ ညနေဆို အဲဒီတောလမ်းလေးအ တိုင်း ဗြူးပွိုင့်ရောက်တဲ့အထိ ကျနော့်ညနေခင်းဟာ လှလို့။ကျနော့်ရဲ့နေ့စဉ်ဘဝဟာ လေးကေ့ကော်မှာ အ သား တကျ။

မင်းအောင်လှိုင်တပ်တွေက လေးကေ့ကော်ထဲ ဝင်စစ်တာမျိုးရှိတယ်။လာစစ်တာကလည်း လေးကေ့ ကော်အုပ်ချုပ်ရေးပိုင်းကညွှန်တဲ့ ဒေသခံအိမ်တွေကို ဝင်၊အထက်ကိုတင်ပြဖို့ဓာတ်ပုံလေးဘာလေးရိုက်၊ ပြီးရင် လေးကေ့ကော်အုပ်ချုပ်ရေးကကျွေးတာတွေစားသောက်ပြီး ပြန်သွားကြတာမို့ စခ တွေဝင်စစ်တဲ့အချိန် အပြင် မထွက်ရင် လုံလောက်ပြီတဲ့၊အဲဒီတော့ ကျနော်တို့ အေးအေးဆေးဆေး။လမ်းထိပ်မှာဖွင့်တာမကြာသေးတဲ့ အစုံ ရဆိုင်ရဲ့ လက်ဖက်ရည်ကလည်း ရန်ကုန်သားတို့အကြိုက် နှပ်လက်ဖက်ရည်မို့ အရသာတစ်မျိုးထပ်တိုးရ။

အဲဒီလိုအရသာတစ်မျိုးမျိုးနဲ့ ငြိမ်းချမ်းချင်ယောင်ဆောင်နေတဲ့ ငြိမ်းချမ်းမြို့သစ်လေးကေ့ကော်ထဲ ဒီ ဇင်ဘာ၁၃ရက်ဟာ ခြေသံပြင်းပြင်းနဲ့ရောက်လာတယ်။စခတွေအင်အားခပ်များများနဲ့ လေးကေ့ကော်ထဲဝင်ဖို့ လုပ်နေတယ်တဲ့။လေးကေ့ကော်၆ရပ်ကွက်ထဲ စခတွေ တစ်အိမ်တက်ဆင်းဝင်မွှေတော့မယ်တဲ့။

အဲဒီလိုကောလာဟလလား တကယ်လားမကွဲပြားတဲ့ ဗရုတ်ဗရက်နေ့မှာ အေစိုင်းကေနဲ့ သူ့ဘော်ဒါ ဆိုက်ဆိုက်မြိုက်မြိုက်ပဲရောက်လာတယ်။သူတို့မြဝတီရောက်ပြီလို့ ဖုန်းဆက်တဲ့အချိန် ဒီမှာကလည်း မရေမ ရာ ဖြစ်နေတဲ့ ၅နာရီခွဲကျော်အချိန်။

ပထမ၊မြဝတီမှာတစ်ညလောက်အိပ်ခိုင်းမလို့ စဉ်းစားကြသေး၊ဒါပေမဲ့ မြဝတီကတည်းခိုခန်းမှာ တစ်ခု ခုပြဿနာတက်ရင်ဘယ်နှယ့်ဆိုတဲ့အတွေးနဲ့ စခနဲ့ပြဿနာတက်နေတာက မြဝတီနဲ့ဆန့်ကျင်ဘက် လေးကေ့ ကော်ဟိုဘက်ထိပ်။ဆိုင်ကယ်တက္ကစီသမားကလည်း ပဟိကလော်ထိ သူတို့ရောက်အောင်ပို့နိုင်တယ်ဆိုတော့ အေစိုင်းကေတို့သူငယ်ချင်းက ရအောင်သွားကြိုလိုက်တယ်။

ကျနော်အေစိုင်းကေကို အခုမှမြင်ဖူးတော့တယ်။ကဗျာဆရာတို့ထုံးစံ ရွဲကျနေတဲ့ကေအရှည်ကို ပုံမှန် စည်းထားပြီး ခပ်ပြုံးပြုံးစကားဆိုတတ်သူ။သူရောက်တဲ့ညမှာပဲ ၆ရပ်ကွက်က နိုင်ငံရေးတိမ်းရှောင်တွေ သူတို့ အိမ်တွေမှာစိတ်မချတော့ ကျနော်တို့ဆီရောက်လာ၊အဲဒီထဲမှာ မဆုံတာကြာပြီဖြစ်တဲ့သူ့သူငယ်ချင်းနဲ့ ပြန်ဆုံ လို့ ဆန်အရက်ခပ်ပြင်းပြင်းနဲ့ ညနက်ထိတိုင် သူတို့တတွတ်တွတ်ဖွဲ့နေကြ။

မနက်ကျမှ သူတို့အတွက် အိမ်ဌားထားတာသိရတယ်။သူသည်လည်း ရန်ကုန်မှာနေရခက်၊သူတို့တိုက် တန်းကသတင်းပေးတစ်ကောင် လာ၊လာချောင်းတတ်တော့ ကိုယ့်ဘဝကိုယ်အာမခံဖို့မလွယ်တော့။ဒါ့ကြောင့် လေးကေ့ကော်မှာအထိုင်ချ၊တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဒေသတွင်းသ တင်းတွေရယူ၊ပြီးတော့ သူက အစီအစဉ်တင်ဆက်သူအနေနဲ့ zoom ဒီဘိတ်တွေ ဆက်တိုက်လုပ်စရာရှိ တယ်။ဒီနေရာကနေ ဖက်ဒရယ်ဂျာနယ်ကိုကိုင်ရတာ ပိုအဆင်ပြေမယ်တဲ့။

၁၄ရက်နေ့မနက်မှာ သူရှေ့ဆက်မယ့်သူ့မနက်ဖြန်တွေကို သူ့ထုံးစံအတိုင်း ခပ်အေးအေးပြောပြတယ် ။သူပြောနေတဲ့အချိန်မှာ စခတွေက လေးကေ့ကော်လမ်းမကြီးတစ်လျှောက် ကေအဲန်ယူလည်း သောက်ဂရု စိုက်စရာမလိုဘူးဆိုတဲ့အပေါက်နဲ့ ၆ရပ်ကွက်ထဲကိုဝင်သွားတယ်၊၆ရပ်ကွက်ထဲ အဖမ်းအဆီးတွေရှိနေပြီတဲ့။ နီး စပ်ရာလေးကေ့ကော်အုပ်ချုပ်ရေးကိုလှမ်းဆက်ကြည့်တော့ လေသံကမဟန်၊ဒါနဲ့ တနိုင်အဝတ်အစား တွေထိုး ထည့်၊ဖွင့်လိုက်တာနဲ့ အထုပ်နဲ့အထည်နဲ့ အမှုကြီးသွားနိုင်တဲ့ ကိုယ့်လက်တော့ပ်ကိုယ် ထိုးထည့်၊ပြီးတော့ အိမ် ပိတ်ခြံပိတ် နီးစပ်ရာကိုဗစ်စင်တာဆီသုတ်သုတ်။

‘ရောက်လာတာနဲ့ သတင်းတွေနဲ့တန်းတိုးတော့တာပဲ’တဲ့။ကျနော်တို့ရယ်မောကြရ။ကိုဗစ်စင်တာ လောက်နဲ့မဟန်တော့ သိပ်မနီးတဲ့နောက်တစ်နေရာ။ဝါးတဲတစ်နေရာမှာ ခြေပစ်လက်ပစ်လှဲချလိုက်ပြီး နောက် ‘ကျနော်၂၁ရက်နေ့ကျရင် zoomဒီဘိတ်တစ်ခုလုပ်ဖို့ စီစဉ်ထားပြီးပြီ’တဲ့။သူ့အခက်ကြောင့်အစီအစဉ် ပျက်မှာ စိုးရိမ်နေပုံ။

စိတ်အေးလက်အေး ဒီညတော့ ဒိတ်ဒိတ်ကြဲအအေးတွေနဲ့ ကွေးရတော့မယ်လို့ တွေးမိရုံရှိသေး၊လေး ကေ့ကော်နဲ့ ဝေးဝေးက နောက်တစ်နေရာဆီ ဆက်ရွေ့ရမယ်ဆိုတော့ ကျောပိုးအိတ်လွယ်ရပြန်တယ်။

နောက်တစ်နေရာကဝေးလည်းဝေး၊အေးလည်းအေး ။ကိုယ်လိုသူလို ဖုန်တွေနဲ့ဖွေးနေသူတွေကလည်း ဖွေးဖွေးကိုလှုပ်လို့။ကျနော်တို့တတွေ ကရင်ခြေတံရှည်အိမ်အောက် မြေကြီးပေါ် ယာယီရွက်ဖျင်တဲတစ်လုံးမှာ နှစ်ယောက်အိပ်။စောင်မရှိ ခေါင်းအုံးမရှိ၊မနက်၄နာရီမထိုးခင် ခိုက်ခိုက်တုန်မအိပ်နိုင်တော့လည်း ကျေးလက် ရိုးရာမီးလှုံပွဲကြီးကို လက်စုံညီကျင်းပလို့။

နောက်တစ်ရက်ရောက်တော့ စစ်ဘေးဒုက္ခသည်ပိုများလာတယ်။၁၈ရက်သား စစ်ဘေးဒု က္ခသည်က လေးငယ် နဲ့ အသက်၈၉နှစ်ရှိပြီဖြစ်တဲ့စစ်ဘေးဒုက္ခသည်အဘွားကိုမြင်လိုက်ရ၊ ကျနော်တို့တိတ် ဆိတ်ခဲ့ရ။င ရုပ် သီးခပ်စပ်စပ်နဲ့ ထမင်း၃နပ်ကျွေးတယ်။နေရာထိုင်ခင်းအတွက်တောရှင်းကြဆိုတော့ ကျနော် တို့တစ်သိုက် ချွေးထုတ်ခဲ့ကြတယ်။

နေ့လယ်ဆိုကျနော်က ရဲဘော်လေးတွေဆီကရတဲ့ ဆရာသော်တာဆွေရဲ့ ‘ကျနော့်ဘဝဇာတ်ကြောင်း ‘ နဲ့ငြိမ့်လို့။သူက ဆရာမကြီးခင်နှင်းယုရဲ့ ‘ပျားရည်အိုင်’။ပြီးတော့ ကိုယ့်ဘာသာလက် တော့ပ်ဖွင့် မှတ်တန် မှတ်၊မေးတန်မေးနဲ့လေးကေ့ကော်ပြန်ရောက်ရင် ရေးလိုက်မယ်ဆိုတဲ့ ကိုယ်ကိုယ်တိုင်စစ်ဘေးဒုက္ခသည် နဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ဘဝတွေ။

အဲဒီမှာ၄ရက်ကြာပြီးနောက် ခြေငြိမ်ခွင့်မရတဲ့ဘဝတွေ နောက်တစ်နေရာထပ်ရောက်ရပြန်တယ်။မီးမ ရှိ၊မီးထွန်းခွင့်မရှိ၊ညမှောင်တယ်ဆိုရင်ပဲ ဖုန်းသုံးခွင့်မရှိ၊စခတွေ လက်နက်ကြီးနဲ့ပစ်ရင် အထိအမှန်ရာခိုင်နှုန်း နည်းအောင် သစ်ပင်တွေကြားက တောင်စောင်းမှာရွက်ဖျင်တဲထိုးအိပ်ကြရ။မှောင်တယ်ဆိုရင်ပဲ ရွက်ဖျင်တဲထဲ ဝင်ကြရ။အဲဒီမှာရဲဘော်လေးတစ်ဦးက ဒီညအတွက်ညစာတဲ့၊နားနားကပ်လို့ တိုးတိုးလေးလာပြောတဲ့ညစာကို နားနားကပ်လို့ တိုးတိုးလေးလက်ဆင့်ကမ်းကြ။အဲဒီညစာက အေစိုင်းကေကို လှုပ်ခတ်သွားပုံရတယ်။နောက်၂ ရက်အကြာ သူ့လူမှုကွန်ရက်ပေါ် သူနောက်ဆုံးရေးခဲ့တဲ့ ‘ညစာ’ ဆိုတဲ့ကဗျာကို ဖတ်လိုက်ရတယ်။

ညစာ

——–

အသက်လိုအရေးကြီးတဲ့

တစ်ဆင့်စကားလေးတစ်လုံးပါ

ဘဝနဲ့ရင်းပြီး စောင့်ရတယ်။

တကယ့်ကို တိုးတိုးတိတ်တိတ်လေး စောင့်ရတယ်။

အေစိုင်းကေ

အဲဒီညစာဟာ ကျနော်တို့အတူဖြတ်ခဲ့တဲ့သူတွေပဲ နားလည်နိုင်တဲ့ညစာမျိုး။အေစိုင်းကေဟာ သူ့ည စာဘယ်လိုညစာမျိုးလဲဆိုတာ ဘာကိုဘာမှ မရှင်းပြ၊ကိုယ့်ဘာသာခံစားချင်သလို ခံစားဆိုတဲ့ ညစာအမျိုးအ စား။

အေစိုင်းကေပြောတဲ့ညစာကို အဲဒီညကနွေဦး လို့အမည်ပေးထားတယ်။အချိန်မရွေး စခ တွေဝင်စီး နိုင်တဲ့နေရာ မှာကိုယ့်လူသူ့လူမကွဲတဲ့ညတွေမှာတဲအပြင်ထွက် အပေါ့အပါးသွားတာကအစ လူကွဲပြားဖို့လိုတာ မို့ ဒီညရဲ့လျှို့ဝှက်အမည်(လုံခြုံရေးစကားဝှက်)ကို နွေဦးလို့ ကိုယ့်လူတွေကြားရုံ လက်ဆင့်ကမ်းလိုက် ခြင်း ဖြစ်တယ်။အဲဒီညက အေစိုင်းကေလည်းအပြင်မထွက်၊ကျနော်တို့လည်း အပြင်မထွက်ကြပေမဲ့ စစ်မြေပြင် နဲ့စိမ်းတဲ့ ကျနော်တို့အတွက် ညစာဟာ ဆန်းပြားနေသလို အဲဒီနမိတ်ပုံက အေစိုင်းကေကို လှုပ်ရမ်းလိုက် ပုံရတယ်။

အဲဒီမှာ တစ်ညအိပ်ပြီးနောက်တစ်ရက် လေးကေ့ကော်နဲ့မျက်နှာချင်းဆိုင်ကမယ်ဝါးခီးကို ကျနော်တို့ ရောက်ရှိ။ပြေးလွှားခဲ့ရတဲ့ ၅နေရာမှာ ဒီနေရာကသက်သောင့်သက်သာအရှိဆုံးဆိုပေမဲ့ ပဟိကလော်က လူ နေအိမ်တွေပေါ် လက်နက်ကြီးတွေတအုံးအုံးကျလို့ မီးခိုးတွေအူထွက်နေတာကို လှမ်းမြင်နေရတာဆို တော့ အန္တရာယ်အရှိဆုံးနေရာလည်း ဖြစ်ပါတယ်။

လက်နက်ကြီးတွေဝုန်းဒိုင်းကြဲနေတဲ့အဲဒီနေရာမှာ ဘယ်လိုစိတ်တည်ငြိမ်မှုမျိုးနဲ့ညစာကို အေစိုင်းကေ တည်းခင်းခဲ့တာလဲလို့ အခုပြန်စဉ်းစားကြည့်မိတယ်။လျှပ်စစ်မီးမရှိလို့ အလုပ်လုပ်လို့မရ၊လက်နက်ကြီးသံတွေ ကို နာခံရင်း ငုတ်တုတ်ထိုင်ကြည့်နေရတာ ခံတွင်းပျက်လှ။ကိုယ့်ခေါင်းပေါ်ဘယ်နေ့လက်နက်ကြီးကျလာ မလဲ လို့ တွေးကြည့်ပြီးနောက် ဒါ့ထက်ပိုလုံခြုံမယ့်တစ်နေရာကို ရွှေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

သူတို့သူငယ်ချင်း၃ယောက်ကတော့ဒီမှာဆက်နေမယ်။ရသလောက်သတင်းတွေယူမယ်။ကေအဲန်ယူက ရှေ့ဆက်တိုးနိုင်ရင် ကေအဲန်ယူနဲ့ချိတ်ဆက်ပြီး ရှေ့တန်းစစ်မြေပြင်သတင်းယူမယ်။မြဝတီကိုသိမ်းနိုင်ရင် အောင်ပွဲခံLive လွှင့်မယ်ပေါ့။

အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ စခတွေဟာ ဘယ်သူမှ မမျှော်လင့်ထားတဲ့ခရစ္စမတ်နေ့ကို သွေးစွန်းပစ်လိုက်တယ်။မနက်၁၀နာရီခွဲကျော်ကစလို့ လက်နက်ကြီးကျည်တွေနဲ့ ခရစ္စမတ်ကို ဆုတ်ဖြဲဖို့ စိုင်း ပြင်းကြ၊မနက်၁၁ခွဲရောက်တော့ လက်နက်ကြီးတွေ၊လေကြောင်းပစ်ကူတွေ၊မထင်ထားတဲ့ ထောင့်က အပြင်းနှင်လာတဲ့ သာလွန်အင်အားတွေနဲ့ မယ်ဝါးခီးတစ်ရွာလုံး သေမင်းဟာ ဝုန်းဒိုင်းကြဲတော့တယ်။

၂၅ရက်နေ့ညအထိ အေစိုင်းကေပျောက်ဆုံး၊အေစိုင်းကေခေါင်းထိပြီး ဟိုဘက်ကမ်းဆေးကုဖို့ပါသွား။ အဲဒီလိုမရေရာတဲ့နေ့တွေထဲ အေစိုင်းကေလည်းမရေရာ။၂၆ရက်နေ့မနက်ရောက်တော့မှ အေစိုင်းကေလက် နက်ကြီးထိမှန် ကျဆုံးခဲ့ပြီတဲ့။လက်နက်ကြီးကျည်က မြေ ကြီးပေါ်တစ်ချက်ထောက်ပြီး ပြေးလာတဲ့ အေစိုင်း ကေ ရဲ့ ဗိုက်ကိုမှန်တယ်။ဖောက်ဝင်လာတဲ့လူသတ်လက် နက်က သူထမ်းပိုးထားတဲ့ ကျောပိုးအိတ်ထဲက အရေခွံထူထဲလွန်းတဲ့ လက်တော့ပ်ထဲထိကို ဖောက်ဝင်ခဲ့ တယ်။

သူ့ကျဆုံးနေရာမေးကြည့်တော့ ဖလူးဘက်အထွက် မယ်ဝါးခီးရွာထိပ်၊ဘုန်းကြီးကျောင်း နဲ့မျက်နှာ ချင်းဆိုင် ကကျနော်ငေးနေကျ ရော်ဘာတောထဲမှာတဲ့။

သူ့သူငယ်ချင်းတွေက အချိန်မရွေးသူတို့ခေါင်းပေါ် လက်နက်ကြီးကျည်ထပ်ကျနိုင်တဲ့ကြားက သူ့ အလောင်းကိုရအောင်ယူပြီး ဖလူးဘက်နားက တောထဲတစ်နေရာမှာ မြှုပ်နှံ၊အေစိုင်းကေနာမည်ထိုးထားတဲ့ သစ်သားမှတ်တိုင်ကိုဖြစ်အောင်လုပ်လို့။အဲဒီမှတ်တိုင်ပေါ်သူတို့နှစ်ဦးရဲ့ ခေါင်းစည်းကြိုးကိုချိတ်ခဲ့တယ်ဆို တော့ ကျနော်လှိုက်ခနဲဖြစ်ရတယ်။

ဖက်ဒရယ်စိတ်အမှန်ပြည့်တဲ့ ဖက်ဒရယ်ဂျာနယ်အယ်ဒီတာ။ဓနုတိုင်းရင်းသားကဗျာဆရာ။သူတည် ခင်းခဲ့တဲ့ နောက်ဆုံးညစာနဲ့ ဟိုးဝေးဝေးက တောတွင်းတစ်နေရာမှာဒီခေတ်ကြီးထဲကသူ့အော်ဟစ်သံတွေ တိတ်လို့။သူခြေချဖူးရုံလေးကေ့ကော်ကတော့ မငြိမ်းချမ်းတဲ့ငြိမ်းချမ်းရေးမြို့တော်အဖြစ် သူ့အသက်သူ ဖက် နဲ့ထုပ်လို့။
                                                                                              
လင်းခေတ် ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၈၊ ၂၀၂၂