• Today is: Sunday, February 25, 2024

စစ်ကောင်စီတပ်က ချင်းပြည်ရှိ ပြည်သူများကိုလူသားဒိုင်းအဖြစ် ဖမ်းဆီးပြီးနောက် သတ်ဖြတ်မှု ပြုလုပ်နေခြင်းအပေါ်  ပြင်းထန်စွာ ရှုတ်ချကြောင်း ICNCC ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၂၊ ၂၀၂၂

ချင်းပြည်နယ်၊ မတူပီ၊ ပလက်ဝ နဲ့ ဖလမ်းမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက အရပ်သားပြည်သူ ၄၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ အချို့ကိုသတ်ဖြတ်ခြင်းအပေါ် ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်စွာအရေးယူဆောင်ရွက်ပေးဖို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က မနေ့က ဇန်နဝါရီလ ၁၁ ရက်မှာ တိုက်တွန်း ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။

ယင်းထုတ်ပြန်ချက်ထဲတွင် မတူပီမြို့နယ်မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၆) ရက် မွန်းလွဲပိုင်းက ဒေသခံချင်းတိုင်းရင်းသား (၈)ဦး၊ ဇန်နဝါရီ (၇)ရက်တွင် ဒေသခံ (၃)ဦး၊ စုစုပေါင်း (၁၁)ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး ၄င်းတို့အနက် အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၁၀ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့ကြပါတယ်။

ဒါ့ပြင် ပလက်ဝမြို့နယ်မှာ ဇန်နဝါရီလ ၅ ရက်က ပါးဝကျေးရွက ရွာသား ၂၅ ဦးကိုလည်းကောင်း ဇန်နဝါရီ ၉ ရက်က ဖလမ်းမြို့နယ် ဝေဘူလမြို့က အရပ်သား ဒေသခံ ၅ ဦးကိုလည်းကောင်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။ အခုလို ချင်းပြည်နယ်မှာ ပြည်သူတွေကို စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကြမ်းဖက်လုပ်ရပ်အတွက် ပြင်းထန်စွာရှုတ်ချကြောင်း ပြောဆိုထားပါတယ်။

ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် လူသားချင်းစာနာထောက်ထားမှုနှင့် လူသားဂုဏ်သိက္ခာကို တန်ဖိုး ထားကြသည့် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှုများကို မျက်ခြေမပြတ်စောင့်ကြည့်သိရှိပြီး၊ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှမ်းတွင် အကြမ်းဖက်စစ်ကောင်စီကြောင့် အရပ်သားပြည်သူများ ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံး ရပ်တန့်နိုင်ရေးအတွက် ထိရောက်သောအရေးယူဆောင်ရွက်မှုများ အလျင်အမြန်ပြုလုပ်နိုင်ရန် (ICNCC) က အလေးအနက် တိုက်တွန်းပန်ကြားထားပါတယ်။