• Today is: Sunday, May 26, 2024

ချင်း နှင့် ကရင်နီ တိုင်းရင်းသား တို့ စစ်မြေပြင် သို့ ပြန်လည် ရောက်ရှိလာခြင်း

အိုင်စီဂျီ အစီရင်ခံစာ (၃)

(၂) (ခ) ချင်း နှင့် ကရင်နီ တိုင်းရင်းသား တို့ စစ်မြေပြင် သို့ ပြန်လည် ရောက်ရှိလာခြင်း

အာဏာသိမ်းခဲ့မှုကြောင့် ဖြစ်ပေါ်လာခဲ့သော အသိသာဆုံး ဖြစ်စဉ်ကြီးသည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နှစ်ဖွဲ့ သည် စစ်တပ် အား တဖန် ပြန်၍ တိုက်ခိုက်လာကြခြင်းပင် ဖြစ်သည်။ အဆိုပါ နှစ်ဖွဲ့သည် ကယားပြည်နယ်တွင် အခြေစိုက်သည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ The Karenni National Progressive Party (KNPP) ၏ ကရင်နီ တပ်တော် နှင့် ၎င်းအဖွဲ့ နှင့် စာလျှင် အင်အား သေးငယ်သည့် ချင်း အမျိုးသား တပ်ဦး Chin National Front (CNF) တို့ပင် ဖြစ်သည်။ အဆိုပါ နှစ်ဖွဲ့သည် မကြာမီ နှစ်များ အတွင်းက နိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများတွင် မယ်မယ်ရရ ပါဝင်ခဲ့ကြခြင်း မရှိပေ။

နှစ်ဖွဲ့စလုံးသည် ၂၀၁၂ တွင် နေပြည်တော်၌ နှစ်ဖက် အပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး လက်နက်တပ်ဆင်ပြီး တပ်သား အရည်အတွက်လည်း များများစားစား မရှိပေ။ အာဏာ မသိမ်းခင်ကထိ ဆယ်စုနှစ် တခု နီးပါး ကြာအောင် ထိုပြည်နယ် နှစ်ခုစလုံးတွင် တိုက်ပွဲဟူ၍ အနည်းငယ်ခန့်သာ ရှိခဲ့ဖူးသည်။ သို့သော် ပြည်နယ် နှစ်ခုစလုံးတွင် နေထိုင်ကြသော တိုင်းရင်းသား လူနည်းစုဝင်များသည် လူများစု ဖြစ်သော ဗမာများ၊ အထူးသဖြင့် စစ်တပ် အပေါ် မကျေနပ်ချက်များ၊ မဖြေရှင်းနိုင်ပဲ ရှိနေသော နစ်နာချက်များက ကာလကြာမြင့်စွာ ရှိနေခဲ့ပြီး လည်း ဖြစ်သည်။

အာဏာသိမ်းပြီးလျှင် ပြီးချင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား တခဲနက် ထောက်ခံမှု ပေးခဲ့ကြသည့် အဆိုပါ ပြည်နယ် နှစ်ခုစလုံး တွင် အာဏာသိမ်း အဖွဲ့အား ဆန့်ကျင် ကန့်ကွက်မှုများက အုံနှင့် ကျင်းနှင့် ထွက်ပေါ်လာခဲ့တော့သည်။ သို့သော် အခြား သော ဒေသများမှာကဲ့သို့ပင် စစ်တပ်၏ ရက်စက်စွာ ဖိနှိပ်ချေမှုန်းခြင်းကို ခံခဲ့ကြရသဖြင့် လက်နက်ကိုင် တော်လှန်ရန် ရှိသမျှ အင်အားဖြင့် ကမန်းကတန်း ပြင်ဆင်လာခဲ့ကြတော့သည်။ အဆိုပါ ဒေသများတွင် အင်အားကြီးမားသော လက်နက်ကိုင် အုပ်စုများ မရှိကြသဖြင့် အသစ်ဖွဲ့စည်းလာသည့် ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များသည် မကြာမီ အတွင်းမှာပင် စစ်တပ် အား တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်လာကြသည်။

CNF နှင့် KNPP နှစ်ဖွဲ့စလုံးသည် အသစ်ပေါ်ပေါက်လာသော လက်နက်ကိုင် အဖွဲ့များနှင့် အတူတကွ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့မည် ဆိုက ၎င်းတို့အား အသိအမှတ်ပြုခံထားရမှု များ ဆုံရှုံးသွားမည်သာမက ဩဇာအာဏာများလည်း ကျဆင်းသွားဖို့ ဖြစ်လာနိုင်သည်။ ကချင် နှင့် ကရင် လက်နက်ကိုင် အဖွဲ့များကဲ့သို တော်လှန်ရေး အဖွဲ့သစ်များအား လက်အောက်ခံ များ အဖြစ် မဆက်ဆံကြပဲ လက်တွဲ လုပ်သွားကြမည့် ပါတနာ များ အဖြစ် သဘောထား ခဲ့ကြသည်။

အဆိုပါ အဖွဲ့များ စစ်မြေပြင်သို့ ပြန်ရောက်လာရသည့် နောက်ထပ် အရေးပါသော အကြောင်းရင်း တခုကလည်း ရှိနေပြန်သည်။ ဤသည်က ၎င်းတို့ ဒေသခံ တိုင်းရင်းသား တို့၏ သဘောထားကို နားထောင်၍ တုန့်ပြန်တတ်ကြသည့် အစဉ်အလာ ကောင်းများ အခိုင်အမာ ရှိထားခဲ့ကြသောကြောင့်ပင် ဖြစ်သည်။

ကယားပြည်နယ်တွင် ပြန်လည် နိုးထလာသော ကရင်နီ တပ်တော်သည် မြို့နယ်များ အလိုက် ဖွဲ့စည်းလာသော ပြည့်သူ စစ် အဖွဲ့များ နှင့် လက်တွဲ၍ အာဏာသိမ်း တပ်များကို ကြိမ်ဖန်များစွာ တိုက်ခိုက်လာခဲ့သည်။ ၂၀၂၁ ဇွန်လ အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောက်တွင် အသစ်ဖွဲ့စည်းလာသော ပြည်သူ့စစ် တပ်ဖွဲ့များသည် ကရင်နီ အမျိုးသား ကာကွယ်ရေး တပ် Karenni Nationalities Defence Force (KNDF) အဖြစ် ပြန်လည် ဖွဲ့စည်း ခဲ့ကြသည်။

သို့သော် ကရင်နီ တပ်တော်က သီးခြား အဖွဲ့ အဖြစ် ဆက်လက် ရပ်တည်နေခဲ့ပြီး အချို့သော် PDF များက NUG ၏ ညွှန်ကြားမှုကို ဆက်လက်ခံယူနေကြသည်။ စစ်ရေးစစ်ရာတွင် ကရင်နီ တပ်တော်က ဦးဆောင်မှု ပေးခဲ့သော်လည်း KNDF သည် ရံပုံငွေ နှင့် တပ်သား စုဆောင်းရေး တို့တွင် မိမိတို့ သဘောအတိုင်း လွတ်လပ်စွာ စီမံ လုပ်ဆောင်ခဲ့ကြသည်။

လက်တွေ့တွင် အဆိုပါ နှစ်ဖွဲ့ အား ခွဲခြား ရှု့မြင်နိုင်ဖို့ မလွယ်ကူလှသည့် အဖြစ်ကို ဇွန်လ အတွင်း စစ်တပ်ဖက်မှ အပစ်ရပ်ရေး ဆွေးနွေးရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ခြင်းက ပြဆိုနေပေသည်။

ချင်းပြည်နယ်တွင် ပို၍ အင်အား သေးငယ်သော CNF သည် ဝိုင်းရံ အင်အား အဖြစ်သာ လှုပ်ရှားလာခဲ့သည်၊ ထန်တလန် ဒေသတွင် အခြေစိုက်ပြီး အသစ်ဖွဲ့စည်းလာသည့် ချင်းမြေ ကာကွယ်ရေး  တပ်ဖွဲ့ Chinland Defence Force (CDF) တပ်ဖွဲ့များကို ကူညီ လေ့ကျင့်ပေးခဲ့ကြသည်၊ လက်နက် အချို့ကို လည်း တပ်ဆင်ပေးခဲ့သော်လည်း CDF တို့ အဖို့ မျှော်လင့်သည့် အတိုင်းအတာ တော့ မရရှိခဲ့ပေ။

CNF သည် ထိုသို့ လိုအပ်သော လက်နက်များ မပေးနိုင်ပဲ ချို့ငဲ့နေသည့်အပြင် ၎င်းတို့ အကြား လှုပ်ရှားနယ်မြေများ နှင့် လူမျိုးစု ဝင်များ ကွဲပြားနေမှုများကလည်း အဟန့်အတား ဖြစ်နေသည်၊ CNF သည် ပြည်နယ် မြောက်ပိုင်း ဒေသများကို အခြေပြုလှုပ်ရှားတတ်ပြီး ၎င်းတို့ နှင့် အမျိုးအနွယ်တူသည့် ဒေသခံ CDF အဖွဲ့ဝင်များနှင့်သာ လက်တွဲခဲ့ကြသည်။ ကျန်ဒေသများရှိ CDF များ အဖို့ ၎င်းတို့ ဖာ ၎င်းတို့ စီစဉ် ဆောင်ရွက်ခဲ့ကြသည်။

CDF များသည် လက်တွေကျသည့် အကူအညီများ ထိထိမိမိ မရခဲ့သော်လည်း အာဏာသိမ်းပြီး နောက်တွင် ဖွဲ့စည်းလာသည့် ခုခံတွန်းလှန် စစ် ဆင်နွဲနေသည့် အဖွဲ့များ အကြားတွင် အထိရောက်ဆုံး အင်အားစုကြီး အဖြစ် ပေါ်ထွက်လာခဲ့သည်။ CDF အဖွဲ့ဝင်များသည် ခေတ်မီ လက်နက်များ မရရှိသော်လည်း တောတောင် များ အကြား ကျွမ်းကျင်စွာ ရွှေ့ပြောင်း လှုပ်ရှားနိုင်မှုများကြောင့် စစ်တပ် ယာဉ်တန်းများကို ထိရောက်စွာ ခြုံခိုတိုက်ခိုက်နိုင်ခဲ့ကြသည်။ အထူးသဖြင့် မင်းတပ်မြို့ တောင်ဖက်ခြမ်းတွင် စစ်တပ်မှ အကျအဆုံး များစွာ ရှိလာခဲ့သည်။

စစ်တပ်မှ ထိုးစစ်ကြီး ဆင်လာသည့် အခါတွင်တော့ လက်နက် အင်အားခြင်း မမျှ သဖြင့် ခြေကုပ်စခန်းများကို စွန့်လွှတ်ပေးခဲ့ရသည်။ အထူးသဖြင့် ၂၀၂၁ မေလ အတွင်း စစ်တပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့ကြစဉ် CDF တပ်ဖွဲ့ဝင်များသည် မင်းတပ် မှ ဆုတ်ခွာပြီး အနီးအနားရှိ တောတောင်များ ရှိရာ အရပ်သို့ ဆုတ်ခွာခဲ့ကြရသည်၊ ထိုနေရာများ မှ ဆက်လက်ပြီး အာဏာသိမ်း တပ်များကို အနှောက်အယှက် ကောင်းစွာ ပေးနိုင်ခဲ့ကြပြန်သည်။

 Hla Soewai (လှစိုးဝေ)

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၇၊ ၂၀၂၂