• Today is: Saturday, April 20, 2024

စစ်ကောင်စီ၏ နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်မှုကို ကြိုဆိုဟု RCSS/SSA ထုတ်ပြန်

တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်အပြီး စစ်ကောင်စီ၏ နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်မှုကို ကြိုဆိုဟု RCSS/SSA ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၈၊ ၂၀၂၂

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ (၂၂)ကြိမ်မြောက်၊ တတိယအကြိမ်မြောက် ကွန်ဂရက် အစည်းအဝေးတရပ်ကို ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း၌ ဇန်နဝါရီ ၁၆ မှ ၁၇ နှစ်ရက်သာ ကျင်းပပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထုတ်ပြန်ချက်တွင် “ရှမ်းပြည်ညီညွတ်ရေးမှ တဆင့် ပြည်ထောင်စုညီညွတ်ရေးကို ဦးတည်ပြီး အားလုံး လက်ခံသော ရှမ်းပြည်ဖက်ဒရယ်မူနှင့်အညီ ရှမ်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေအားတဆင့်ပြီး တဆင့် ရေးဆွဲ နိုင်ရေးအတွက် သျှမ်းပြည် အမျိုးသားညီလာခံပြင်ဆင်ခြင်း အစည်းအဝေးကို မကြာမီကျင်းပသွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တချိန်တည်းတွင် “စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်သည် လက်ရှိ အထွေထွေနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးအတွက် ရည်မှန်းပါက ကြိုဆိုကြောင်း” RCSS/SSA၏ တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်၏ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

တတိယအကြိမ်မြောက် ကောင်စီ ကွန်ဂရက်ကို ကြိုဆိုသောအားဖြင့် RCSS အုပ်ချုပ်ရေးနယ်မြေ အတွင်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့်သူ စုစုပေါင်း (၁၆၇)ဦးကို  ယနေ့ (ဇန်နဝါရီ ၁၈)ရက်မှစတင်ပြီး လွှတ်ပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရှမ်းပြည်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတချို့ နှင့် တိုက်ပွဲဖြစ်ပွားခြင်းအား ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ပြသနာဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဟုလည်း ထုတ်ပြန် ကြေညာထားသည်။

Getty images