• Today is: Thursday, March 28, 2024

ဤခရီးနီးပြီလား

ဤခရီးနီးပြီလား

ဇွန်ပန်းရုံအနီး လှည်းဘီးကျွံနေသော ဇတ်လမ်းကား လာမည့်ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် (၁) နှစ်ပြည့်မြောက်တော့မည် ဖြစ်သည်။ စစ်ကောင်စီသည် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုပေါင်းများစွာ ဖြင့် တရားစွဲအရေးယူနေသည်။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလာဒ်ကို မဲမသမာမှုများရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဖျက်သိမ်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ပေါင်းများစွာကိုလည်း ဖမ်းဆီးအရေးယူထားသည်။

စစ်ကောင်စီအနေဖြင့်၎င်း၏အာဏာသိမ်းမှုအပေါ် ပေါ့ပေါ့တန်တန်တွက်ဆခဲ့ပုံရှိသည်။ အာဏာသိမ်းမှုကိုလည်း ပြည်သူလူ ထု ဝေဝါးစေရန် အာဏာထိန်းသည်ဟုဆိုခဲ့သည်။ ၎င်းတို့၏ပြန်ကြားရေးဒုဝန်ကြီး ပြောဆိုချက်အရ (၁)လလောက်ဆန္ဒပြပြီး နှိမ်နင်းလိုက်ရင်ပြီးသွားမှာပါဟု ယူဆပုံရှိခဲ့သည်။ တကယ်တန်း ၎င်းတို့ ထည့်မတွက်ခဲ့သည်က ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် ဆန္ဒမဲပေးခဲ့သည့် ပြည်သူလူထု၏ဆန္ဒသဘောထားပင်ဖြစ်၏။

အာဏာသိမ်းခဲ့သည့် (၁) နှစ်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအခြေအနေများကို ပြန်လည်သုံး သပ်ကြည့်ကြပါစို့။

စစ်ကောင်စီသည်အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးနှင့် ပုဒ်မ ၁၄၄ ထုတ်ထားသောအမိန့်များအားလုံးကို ယခု (၁) နှစ် ပြည့်ကာနီးအချိန်အထိ ပြန်လည်ရုတ်သိမ်းနိုင်ခြင်း မရှိသေးပေ။ နိုင်ငံအဝှမ်းမြို့ပြဒေသများတွင် စစ်ကား၊ ရဲကားများ လှည့်လည်သွား လာလျှက်ရှိပြီး  တည်ငြိမ်မှုရရှိရန် ကြိုးပမ်းနေရဆဲပင်ရှိသေးသည်။

စစ်ကောင်စီ၏အစိုးရအဖွဲ့ကိုလည်း ကုလသမဂ္ဂ ကတရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းမရှိသေးသကဲ့သို့ ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် အာဆီယံအဖွဲ့၏အစည်းအဝေးများသို့ပင် တက်ရောက်နိုင်ခြင်းမရှိသေးပေ။ အာဆီယံအလှည့်ကျဥက္ကဠ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏မြန်မာပြည်ခရီးစဉ်ကြောင့်လည်း အာဆီယံအဖွဲ့အတွင်း အငြင်းပွားဖွယ်ရာဖြစ်နေသည်။

အာဏာသိမ်းပြီးနောက် ပြည်တွင်းစီးပွားရေးထိခိုက်နစ်နာရမှုအကြောင်းအရင်းများတွင် ဘဏ်စနစ်ချို့ယွင်းလာခြင်းလည်း ပါဝင်သည်။ ပြည်သူလူထုအပ်ငွေများကို အရစ်ကျထုတ်ခွင့်သာရသဖြင့် ဘဏ်တွင်တန်းစီစောင့်ဆိုင်းကြရပြီး လည်ပတ်နေသော စီးပွားရေးများ တုံ့ဆိုင်းသွားခဲ့ရသည်။ ထို့အပြင်အမေရိကန်ဒေါ်လာဈေးကြီးမြင့်မှုကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ရုတ်သိမ်းသွားခဲ့ သည်။ ဒေါ်လာဈေးကြောင့် စားသုံးဆီ၊ စက်သုံးဆီကစ၍ အိမ်ဆောက်ပစ္စည်းများအထိ ဈေးနှုန်းကြီးမြင့်သဖြင့် ပြည်သူလူထုစားဝတ် နေရေးကျပ်တည်းလာသည်။ အင်တာနက်ငွေလွှဲဝန်ဆောင်မှုကစ၍ ဘတ်စ်ကားခအထိ ထိန်းသိမ်းကြပ်မတ်မှုမရှိသဖြင့် ဝိသမလောဘသားများအတွက် အခွင့်အလမ်းများဖြစ်နေသည်။

ကျန်းမာရေးနှင့်ပညာရေးနယ်ပယ်တွင် CDM ဝန်ထမ်းများကြောင့် လုပ်ငန်းများလည်ပတ်မှု နှေးကွေးသွားခဲ့သည်။ CDM ဝန်ထမ်းများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် ပုဂ္ဂလိကစာသင်ကျောင်းများက အလုပ်ပေးရန်ငြင်းဆန်သဖြင့် လူသားအရင်းအ မြစ်များ ဆုံးရှုံးခဲ့ရသည်။ ထိုအကျိုးဆက်ကြောင့်ပင် Covid-19 တတိယလှိုင်း၌ ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်ကြသဖြင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။ Covid-19 နှင့်စစ်အာဏာသိမ်းမှုကြောင့် ကျောင်းများပင်ပိတ်ထားခဲ့ရသဖြင့် ကလေးသူငယ် များ၏ပညာရေးမှာလည်း ထိခိုက်ခဲ့ရသည်။

အဘက်ဘက်မှကြည့်လျှင် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အခြေအနေမှာ အကျပ်အတည်းအားလုံးသို့ ဉီးတည်သွား နေသည်ကို တွေ့ရသည်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းတို့တွင် နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဉီးရေမှာ ၂၀၂၂ ခုနှစ်ပိုင်းအရောက်တွင် တစ်သန်းကျော်လာပြီဖြစ်သည်။

ကယားပြည်နယ်တွင် လွိုင်ကော်မြို့ပေါ်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်မှလေယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက် ခိုက်နေသဖြင့် ပြည်သူများ ပုန်းခိုကျင်းတူးထားကြရန် နှိုးဆော်ထားသည်။ KNDP ပါတီက စစ်တပ်၏ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ကရင်နီပြည်သူများအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသည်။ စစ်ကိုင်းတိုင်းမြောက်ပိုင်းတွင် လည်း တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူလူထုက တော်လှန်ရေးရေချိန်မြင့်နေသည်။

၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ယခု ၂၀၂၂ ခုနှစ်အာဏာသိမ်းမှုသည် (၁) နှစ်ပြည့်သည့်တိုင်  တည်ငြိမ်မှုမရှိဘဲဖြစ်နေသည်။ စစ်ကောင်စီကတော့ အရေးပေါ်ကာလကို သက်တမ်းတိုးမြှင့်ပြီး ၂၀၂၃ ခုနှစ် နှစ်လည်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့စီစဉ်နေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ (၆) လနှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိနေပြီး ထိုသို့ သက်တမ်းတိုးပြီးပါက ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ ပြည်သူ့လက်သို့ အာဏာပြန်အပ်ရန်သာဖြစ်သည်။ ထိုသို့မပြုလုပ်ပါက ၎င်း တို့ကိုယ်တိုင် ၎င်းတို့၏အခြေခံဥပဒေကို ဖျက်သိမ်းဖို့သာရှိတော့သည်။

ဇွန်ပန်းရုံအနီးလှည်းဘီးကျွံနေသောဇတ်လမ်းကား ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၂၀၂၂ ခုနှစ်စသည်ဖြင့် အပိုင်း (၃) သို့ရောက် လာပြီဖြစ်သည်။ ယခုအပိုင်း (၃) သည် ဇတ်သိမ်းခန်းဖြစ်ဖို့လိုသည်။ ကျွန်တော်တို့တိုင်းရင်းသားအားလုံးပြိုင်တူမတွန်းသဖြင့် လှည်းဘီးကနွံထဲ ပြန်ပြန်နစ်သွားရသည်။ ယခုဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပြန်လည်ထူထောင်ရန် တိုင်းရင်းသားအားလုံး တစိတ်တဝှမ်းထဲ ရှိနေကြသည်။ ဤခရီးမဝေးတော့ပါ။

မောဂ္ဂလိ  ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၂၁၊ ၂၀၂၂