• Today is: Saturday, April 20, 2024

ပြောင်းလဲလာသော တိုတယ်၏ သဘောထား

“ပြောင်းလဲလာသော တိုတယ်၏ သဘောထား”

ပြင်သစ် ရေနံ ကုမ္ပဏီကြီး ဖြစ်သော တိုတယ် မှ ၎င်းတို့ အနေဖြင့် သဘာဝ ဓါတ်ငွေ့မှ ရသော ဝင်ငွေများကို စစ်ကောင်စီ အား ပေးနေမှုအား အမေရိကန် နှင့် ပြင်သစ် အစိုးရမှ ပိတ်ဆို့ဒဏ်ခတ်မည့် အစီအစဉ်များကို ထောက်ခံကြောင်း ပြောဆိုလာပြီ ဖြစ်သည်။ ဤသည်ကလည်း အရပ်သားများ အပေါ် ဗုံးကြဲတိုက်ခိုက်လာနေသည့် အဖြစ်တွင် ကြံရာပါ ဖြစ်က နာမည်ပျက် တော့မည့် အရေး နှင့် ကြုံလာ၍ သဘောထား ပြောင်းလာခြင်းပင် ဖြစ်သည်။ ထိုအကြောင်းကို ဇန်နဝါရီ ၁၈ ရက်နေ့ နေ့စွဲဖြင့် ကုမ္ပဏီ၏ စီအီးအို ပက်ထရစ် ပိုယာနာက လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ Human Rights Watch (HRW) သို့ ပေးပို့သော စာတွင် ဖေါ်ပြထားသည်။ ထိုအကြောင်းကို ပြင်သစ် နှင့် အမေရိကန် အာဏာပိုင်များကိုလည်း အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့၏ အစီအစဉ်က လုပ်ငန်းများ ရပ်ဆိုင်းမှု မရှိသော်လည်း ပေးချေစရာ ငွေများကို ထည့်သွင်းပေးသည့် ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီယား နှင့် အခြား‌နေရာများမှ အီးယူ နှင့် အမေရိကန် တို့၏ အစီအစဉ်များ အောက်တွင် ယူရို နှင့် ဒေါ်လာငွေ များ လွှဲပြောင်းမှုကို ပိတ်ပင်ထားရေး ပင် ဖြစ်သည်။

တိုတယ်က ထိုသို့ ကြေညာလာမှု ကြောင့် အစိုးရများ အနေဖြင့် မည်သို့မျှ အကြောင်းပြစရာ မလိုပဲ အရေးယူနိုင်ရန် လမ်းပွင့်သွားပြီ ဖြစ်သည်ဟု HRW မှ ဒါရိုက်တာ ဂျွန် ဆစ်ဖ်တန် က ဆိုသည်။

ဂျကာတာ ပို့စ် သတင်းစာမှလည်း ဘီဂျင်း အလိုကျ လုပ်လာသော ဟွန်ဆန်၏ “စစ်အာဏာသိမ်း အဖွဲ့ နှင့် ပုံမှန် ပြန်လည် ဆက်ဆံ‌ရေး” ဆိုသည်က ၎င်းတို့ အနေဖြင့် အာဆီယံ ၏ ဘုံရပ်တည်ချက် ငါးချက်ကို အကောင်အထည် ဖေါ်မည်ဟု အရိပ်အယောင် ပြလာချိန်မှသာ ဆက်လက် ဆွေးနွေးရန် ဆက်ဆံသင့်သည်ဟု သတိပေး ရေးသားလာခဲ့သည်။  ထိုသို့မဟုတ်ပဲ လက်ရှိ အနေအထား အတိုင်း ပုံမှန် ပြန်လည် ဆက်ဆံပါက မြန်မာပြည်သူများ၏ အကျိုးကို လစ်လျုရှု့လိုက်ခြင်းသာ ဖြစ်မည်ဟု သတိပေးထားသည်။

ဟွန်ဆန်က ထိုသို့ အတင်းအကျပ် လုပ်မည်ဆိုကလည်း ၂၀၂၃ တွင် အင်ဒိုနီရှားမှ ဥက္ကဌ တာဝန် ယူရချိန်တွင် အရင်အတိုင်း သာ ပြန်ဖြစ်သွားမည်ဟု လည်း ဆိုသည်။

ထိုမူငါးချက် ဖြင့် မြန်မာ အကျပ်အတည်းအား ဖြေရှင်းရေးကို ဟွန်ဆန် အနေဖြင့် ၎င်းတယောက်တည်း တဖက်သတ် လုပ်ဆောင်၍ မဖြစ်ဟုလည်း ဆိုသည်။

မိမိအမြင် ပြောရလျှင်  မြန်မာ အာဏာသိမ်း အဖွဲ့သည့် ၎င်းတို့ ဖန်တီး၍ ဖြစ်ပေါ်လာနေသော ပြဿနာများကို အကျပ်အတည်းဟု မယူဆနိုင်ပဲ ၎င်းတို့ကို လက်မခံလိုသူများ နှင့် “အကြမ်းဖက်သမား များ ဆူပူမှု” ကြောင့် ဖြစ်လာရသည်၊ ထိုအရေးကို ၎င်းတို့ လုပ်နေကျ နည်းလမ်း အတိုင်း ပြတ်ပြတ်သားသား ချေမှုန်းသွားနိုင်လျှင် ပြည်ပမှ အသံများ တိတ်သွားမည်ဟု မိုက်ရူးရဲဆန်စွာ ယုံကြည်နေခြင်းပင် ဖြစ်သည်။

ထိုအတွက် လောလောဆယ်တွင် ပြည်တွင်း ပြည်ပ မှ အကျပ်အတည်းကြီးကို ဖြေရှင်းပါရန်၊ ထိန်းချုပ်ပါရန် ပြောဆိုနေမှုများသည် ၎င်းတို့ အဖို့ လွန်စွာ မှ နားခါးသော စကားများ ဖြစ်နေဆဲပင် ဖြစ်သည်။

ထို့အတွက်လည်း ပြဿနာများ ငြိမ်းအေးသွားပြီကို ပြလိုဇောဖြင့် အမြန်ဆုံး ပြေလည် နိုင်မည့် နည်းလမ်းဟု ယူဆသည့် လေကြောင်းအင်အား ကို ဂမူးရှုးထိုး အဆမတန် သုံးစွဲလာကြခြင်း ဖြစ်သည်။ သို့သော် ထိုသို့ သုံးလာခြင်းကပင် နိုင်ငံတကာ၏ ဖိအားများက ၎င်းတို့ အတွက် နှစ်ဆ တိုး ထွက်ပေါ်လာပြီး မည်သူကမျှ မဆက်ဆံရဲအောင် ကိုယ့်ဖာသာ self-isolation လုပ်သည့် အဖြစ် ရောက်သွားခဲ့ရသည်။

အမေရိကန် ကြည်းတပ် ဒုဗိုလ်မှူးကြီး‌ဟောင်း အာရှ-ပစိဖိတ် လုံခြုံရေး ဆိုင် ကျွမ်းကျင်သူ လည်း ဖြစ်သည့် ဒေါ်မီမီဝင်းဘတ် ပြောသလို မြန်မာ စစ်တပ်သည် မြေပြင်တပ်များ စွမ်းဆောင်ရည် ညံ့ဖျင်းပြီး ချိနဲ့ ယိမ်းယိုင်လာသည့် လက္ခဏ တရပ်  လေကြောင်းအင်အား ကို အားပြု တိုက်ခိုက်လာနေစဉ်တွင်  PDF များကလည်း Commercial off-the shelf  (COTS) ခေါ် ဒရုန်းများကို အသုံးပြု တိုက်ခိုက်လာနေပြီ ဆိုသည့် သတင်း များ ထွက်ပေါ်လာပြီ ဖြစ်သည်။

အဆိုပါ COTS များကို ၂၀၁၆ တွင် IS တို့မှ စတင် တီထွင်ပြီး အသုံးပြုခဲ့ရာမှ ကမ္ဘာတဝှမ်း တွင်ကျယ်လာပြီး ယူကရိန်း မှသည် မက္ကဆီကို မူးယစ်ဂိုဏ်းများ အထိ တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြသည်ဟု သိရသည်။ 

မည်မျှ အထိ ထိရောက်မှု ရှိသည့် အတိုင်းအတာ ကို မသိရသေးသော်လည်း ထိုသို့ တီထွင် အသုံးပြုနိုင်ခဲ့ခြင်းသည်ပင် ပြည်သူများ အတွက် စိတ်အားတက်ဖွယ် သတင်းကောင်း ဖြစ်သည်ဟု နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ ICG မှ ရစ်ချတ် ဟိုးဆေးက ဆိုသည်။

ပြည်သူများက မိုဘိုင်း ဒေတာ များ မှ တဆင့် “အသံတိတ် သပိတ်များ” ဖြင့် ၎င်းတို့အား နိုင်ငံတကာ တွင် အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် လုပ်လာခဲ့မှု နှင့် ဝင်ငွေရရာ ရကြောင်း တချက်ခုတ် နှစ်ချက်ပြတ် အဖြစ် အင်တာနက် ဝင်ဆောင်ခွန်များကို အဆမတန် တိုးမြှင့် လာပြီး ပြည်သူများ၏ အိပ်ကပ်ထဲမှ ငွေများကို နှိုက်ယူလာနေပြီ ဖြစ်သည်။ ၎င်းတို့ မည်သို့မည်ပုံ အနိုင်ရနိုင်မည်လဲ ဆိုသည်ကိုသာ စဉ်းစားနေကြသူများ ဖြစ်၍ နောင်တွင် လက်ကိုင်ဖုန်း ဖြင့် ဒေတာ သုံးစွဲမှုကို ပင် ပိတ်ပင်လာနိုင်သည့် အထိ ဖြစ်လာနိုင်သည်။

ထို့အတွက် ပြည်သူများ အဖို့ တော်လှန်ရေးကြီး အောင်မြင်မှ ဖြစ်တော့မည်ဟု စိတ်ကို နှလုံးသွင်းကာ ကျရာ ကဏ္ဍမှ တက်ကြွစွာ ပါဝင်ကြရတော့မည့် အချိန်လည်း ဖြစ်ပေသည်။

အမျိုးသား ညီညွတ်ရေး အစိုးရမှလည်း လက်ရှိ ဆိုးရွားလာသော အခြေအနေများ အတွက် ကုလ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး ပြုလုပ်ပေးပါရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တဆင့် တောင်းဆို သင့် နေပြီ ဖြစ်သည်။

Hla Soewai (လှစိုး‌ဝေ)

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၂၁၊ ၂၀၂၂