• Today is: Friday, April 19, 2024

နောက်ကျသည့် ခြေထောက် သစ္စာဖေါက်

“နောက်ကျသည့် ခြေထောက် သစ္စာဖေါက်”

တိုတယ် နှင့် ချေဗရွန် ရေနံကုမ္ပဏီကြီးများ နိုင်ငံတွင်းမှ ထွက်ခွာသွားမှုသည် ၎င်းတို့ကိုကဲ့သို့ ပတ်စာခွာ ဖျာသိမ်းသွားကြသည့် ကုမ္ပဏီများစာရင်းတွင် နောက်တိုး အဖြစ် ပါဝင်လာခဲ့ခြင်းသာ ဖြစ်သည်။

သို့သော် အာဏာသိမ်း အဖွဲ့သည် အဆိုပါ ရေနံကုမ္ပဏီကြီးများ မှ လုပ်ငန်း ကြေး နှင့် အခွန် စုစုပေါင်း နှစ်စဉ် ဒေါ်လာ တစ်ဘီလီယံ ကျော်မျှ ဝင်ငွေများ ရရှိနေသဖြင့် တနေရာတည်းမှ သပိတ်

ဝင်၊ အိတ်ဝင် ရရှိနေခြင်း ဖြစ်၍လည်း အကြီးအကျယ် ထိခိုက်သွားခဲ့ရပြီ ဖြစ်သည်။ တိုင်းပြည်၏ နိုင်ငံခြား ငွေကြေး တဝက်ခန့်သည် သဘာဝဓါတ်ငွေ့ ရောင်းချရာမှ ရရှိနေခြင်းလည်း ဖြစ်သည်။

၎င်းတို့ လုပ်ငန်း ရုပ်သိမ်းခဲ့ရသည်များ အတွက် ထိုက်တန်မှု ရှိအောင် ရေနံ နှင့် ဓါတ်ငွေ့ ကဏ္ဍကို မဖြစ်မနေ ပိတ်ဆို့ဒဏ်ခတ်ရန်ပင် တောင်းဆိုလာနေပြီ ဖြစ်သည်။

နော်ဝေး ၏ တယ်လီနောလည်း ပိုင်ဆိုင်သမျှ ကို ရောင်းချကာ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။

အာဏာမသိမ်းမီက လူပေါင်း တသိန်း ခန့်ကို အလုပ်ပေးထားနိုင်ခဲ့သည့် British American Tobacco (BAT) သည်လည်း အောက်တိုဘာလကပင် လုပ်ငန်းများ ရုပ်သိမ်းသွားခဲ့သည်။

ပြင်သစ်၏ အားဖြည့်စွမ်းအင် ကုမ္ပဏီ Voltalia လည်း မရှိတော့။

နောက်ထပ် အိမ်နီးချင်း နိုင်ငံများ နှင့် ရင်ဘောင်တန်းနိုင်ရေး အတွက် အဓိက မောင်းနှင်အား ဖြစ်လာမည့် တိုယိုတာ ကား ထုတ်လုပ် တင်ပို့မည့် စက်ရုံ ဖွင့်လှစ်ကာနီး အချိန်တွင် ရပ်ဆိုင်းသွားခဲ့ရခြင်းသည် တိုင်းပြည်အတွက် လွန်စွာ နစ်နာဖွယ် ကောင်းလှပေသည်။

ပြင်သစ် စွမ်းအင် ကုမ္ပဏီ ကြီး ဖြစ်သည့် EDF သည်လည်း ဒေါ်လာ ၁.၅ ဘီလီယံ ရေအားလျပ်စစ် ထုတ်လုပ်မည့် ဆည်တည်ဆောက်ရေး မှ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။

နာမည်ကြီး အမှတ်တံဆိပ်များ ပိုင်ဆိုင်ထားသော နိုင်ငံတကာရှိ အဝတ်အစား ကုမ္ပဏီ ကြီးများမှ အော်ဒါများ လည်း မရရှိတော့ပြန်ပေ

ဒိန်းမတ်ပိုင် ကားလ်ဘတ်ခ် ဘီယာ လုပ်ငန်းသည်လည်း သောက်သုံးမှု နည်းပါးလာ၍ ထုတ်လုပ်မှု လျော့ချသွားတော့မည်ဟု ဆိုသည်။

ဂျပန် ကီရင် အဖျော်ယမကာ ကုမ္ပဏီကြီးသည်လည်း စစ်တပ်ပိုင် ကုမ္ပဏီများ နှင့် ခွာပြဲရန် လပေါင်းများစွာ ဆွေး‌ နွေး နေသော်လည်း အောင်မြင်ခြင်း မရှိ၍ ယခုအခါ စင်္ကာပူရှိ ခုံသမာဓိရုံး တွင် တရားဆိုင်နေကြပြီ ဖြစ်သည်။

ဤသည်ကလည်း ပြည်ပ ကုမ္ပဏီများ အဖို့ ၎င်းတို့နှင့် နောက်ထပ် အကျိုးတူလုပ်ငန်း များ ဖက်စပ် မလုပ်ရဲအောင် မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်ပေတော့သည်။

ကမ္ဘာလှည့် ခရီးသွားလာရေးသည် လည်း မျှော်လင့်ချက် မဲ့သလောက် နီးနီး ဖြစ်သွားခဲ့ချေပြီ။

သို့သော် ပညာရှင် စိတ်တော်သိ ဗောင်းတော်ညိမ့်များကမူ အခြေအနေများ တည်ငြိမ်လာသည်နှင့် အမျှ ပြည်ပကုမ္ပဏီများ ဒလဟော ပြန်ရောက်လာကြမည်ဟု မြှောက်ပင့် နှစ်သိမ့် ပေးနေကြဆဲပင် ဖြစ်သည်။

စစ်ကောင်စီ အဖို့ မထင်မှတ်ပဲ တိုတယ် နှင့် ချေဗရွန်ကုမ္ပဏီကြီးမှာ ထွက်ခွာမှု နှင့် အတူ ၎င်းတို့လုပ်ရပ်များ အပေါ် နိုင်ငံတကာ က ထိတ်လန့် တုန်လှုပ်လာနေပြီကို ရိပ်စားမိလာသဖြင့် ကယားပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များ နှင့် လေကြောင်းမှ စစ်ဘေးရှောင် စခန်းများပါ မကျန် တိုက်ခိုက်လာခဲ့ခြင်းများကို အလိမ်အညာများ တန်ဆာဆင်ကာ သတင်းထုတ်ပြန် ဖုံးကွယ်လာနေပြီ ဖြစ်သည်။

မလိမ်၍ လည်း မဖြစ်တော့၊ ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ နဂိုကတည်းက အရှက်ကွဲပြီး ပြန်လာရသော ဟွန်ဆန် ခရီးစဉ် မအောင်မြင်ဟု ဝေဖန်ခံနေရမှုများသည် ဆက်လက်ပြီး အကြမ်းဖက်မှု များ ဖြစ်ပေါ်နေသည့် အတွက် ဆိုကာ စစ်ကောင်စီအား လူသိရှင်ကြား အပြစ်ဖို့လာပြီ ဖြစ်သည်။

ကမ္ဘောဒီယားသည်သာ လူပုံလယ်သို့ ပြန်လည် ဝင်ရောက်ခွင့် ရရေး အတွက် ထွက်ပေါက် အဖြစ် သဘောထားနေ၍ ညိုညင်ခံ၍ မဖြစ်ဟု ယူဆထားပုံရသည်။

သို့သော် အာဆီယံသည် တဖက်က မြန်မာပြည်နှင့် ပတ်သက်၍ ၎င်းတို့ အကျိုးစီးပွား နှင့် အီးယူ၊ အမေရိကန် တို့နှင့်လည်း မျက်နှာ မပျက်ရအောင် ရှဉ့်လဲလျှောက်သာ ပျားလည် စွဲသာ သဘော လှုပ်ရှားနေဆဲ ဖြစ်သည်။

၎င်းတို့ မည်သို့ပင် လိမ်ညာနေစေကာမူ အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာ နှင့် လူ့အခွင့်အရေးများ ဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းတို့မှ အိုင်စီဂျေ နှင့် အိုင်စီစီ တွင် တရားစွဲဆိုလာသည့်အခါ အဆင်သင့် ဖြစ်နေစေရန် တာဝန်ယူ၍ သက်သေ အထောက်အထားများကို ခိုင်မာ တိကျစွာ စုဆောင်းလျက် ရှိနေပြီ ဖြစ်သည်။

ထို့အပြင် နယ်ခြားဖြတ်ကျော် တရားစီရင်ခွင့် ကို လက်ခံထားသည့် ဘရာဇီး၊ ဩစတေးသျ၊ ဂျာမဏီ နိုင်ငံများနှင့်လည်း ဆက်သွယ်သွားမည်ဟု ဆိုသည်။

Hla Soewai(လှစိုးဝေ)

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၂၄၊ ၂၀၂၂