• Today is: Friday, March 29, 2024

တော်လှန်တပ်သား နှင့် သတိတရား

▄ တော်လှန်တပ်သား နှင့် သတိတရား

မြန်မာပြည်ဟာ နိုင်ငံရေးသိပ်ကဲတဲ့ လူ့အဖွဲ့အစည်း ဖြစ်တယ်။ နေရာတကာ နိုင်ငံရေးပါတယ်။ နိုင်ငံရေးပါနေရ ခြင်း အကြောင်းတရားတွေကလည်း အပြည့် ရှိနေတယ်။ နောက်ဆုံး … နိုင်ငံရေးကင်းကင်းရှင်းရှင်းနဲ့ ရပ်တည်ရ မယ့် တပ်မတော်ကိုယ်တိုင်က နိုင်ငံရေးဇာတ်အသွင်းခံရပြီး၊ နိုင်ငံရေးကို နှစ်နှစ်ခြိုက်ခြိုက် ကြိုက်နှစ်သက်သူ ဖြစ်လာတယ်။ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်လေလေ၊ မြန်မာ့လူ့အဖွဲ့အစည်းဟာ နိုင်ငံရေးဘောင်ထဲက ထွက်ဖို့ ခက်လေလေ ဖြစ်ပါတယ်။ ဒီတော့ အရပ်ဘက် လူ့အဖွဲ့စည်းထဲမှာ၊ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ရမယ့် အလုပ်တွေ ကလည်း နိုင်ငံရေးပယောဂ ပူးဝင်နေသလို ဖြစ်နေတယ်။ ပရော်ဖက်ရှင်နယ် ဖြစ်ဖို့ ခက်နေတာဟာ ဒီအကြောင်း ဆက်တွေကြောင့် ဖြစ်တယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု ဖြစ်လိုက်တာဟာ၊ နိုင်ငံရေးထဲ မပါချင်တဲ့ အရပ်သားတွေကိုတောင် နိုင်ငံရေးဘောင်ထဲကို ရောက်အောင် ဆွဲထည့်လိုက်သလို ဖြစ်ခဲ့တယ်။ နဂိုမူလကတည်းက နိုင်ငံရေးထဲကနေ ထွက်ဖို့ ခက်နေတဲ့ လူ့အဖွဲ့အစည်းဟာ ကလေးရော ခွေးရော နိုင်ငံရေးထဲ ပါကို ပါလာရတဲ့ အဖြစ်ကို ရောက်လာ တယ်။ ဖိနှိပ်မှုနဲ့ ညှင်းပန်းမှုတွေ အားကြီးလေလေ၊ နိုင်ငံရေးခံပြင်းစိတ်အားကြီးလေလေ ဖြစ်လာတာကြောင့် နိုင်ငံရေးကဲတဲ့လူ့အဖွဲ့အစည်းအဖြစ် မြန်မာပြည်ဟာ နှစ်ပေါင်း ရှည်ကြာစွာ ဆက်ရှိနေလိမ့်အုံးမယ်။

▄ တော်လှန်တပ်သားသစ်

မြန်မာ့နွေဦးတော်လှန်ရေးက မျက်နှာသစ်နိုင်ငံရေးသမားတွေကို မွေးထုတ်လိုက်တဲ့ မိခင်ဖြစ်လာတယ်။ မျက်နှာ သစ်နိုင်ငံရေးသမားတွေအပြင်၊ တော်လှန်ရေးသမားအသစ်တွေလည်း မွေးဖွားလာခဲ့ပြီ။ မွေးဖွားမှုတော့ ပြီးခဲ့ပြီ။ ကြီးပြင်းဖို့က အချိန်ရဲ့ ဖြတ်သန်းမှု တစ်ခု ဖြတ်ရလိမ့်မယ်။ ဒီနေရာမှာ လူလားမြောက်စွာ ကြီးပြင်းဖို့ လိုတယ်လို့ ယူဆတယ်။ အချိန်တွေကို ဖြတ်ခဲ့ဖူးလို့ လူကြီးဖြစ်လာတယ်ဆိုတာထက်၊ အတွေ့အကြုံနဲ့ အတွေးအခေါ်တွေက လူလားမြောက်အောင် ပို့ဆောင်ပေးတာပဲ ဖြစ်သင့်တယ်။ တနည်းအားဖြင့် အချိန်ကြောင့် အသက်ရင့်တာထက်၊ အတွေ့အကြုံနဲ့ အတွေးအခေါ်ကြောင့် အသိဉာဏ်ရင့်တာ၊ စိတ်သက်မြင့်တာ၊ ဦးနှောက်သက်မြင့်တာ ဖြစ်ရမယ် မဟုတ်လား။ ဒီ့အတွက် ဘာလိုသလဲ။

▄ အက်ဆေး ကောက်နုတ်ချက်

လွန်ခဲ့သော (၁၀) နှစ်တိတိက ရေးသားခဲ့တဲ့ (ဆရာ) ကျော်ဝင်းရဲ့ ဆောင်းပါးတစ်ပုဒ်ကို အမှတ်ရပါတယ်။ ရေးသားတဲ့ ရက်စွဲဟာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၄ ရက်နေ့ဖြစ်ပါတယ်။ “သူတို့တတွေ အိမ်အပြန်” ဆောင်းပါးလို့ ဆရာကျော်ဝင်းက အမည်တပ်ထားပါတယ်။

ဆောင်းပါးမှာ၊ တိုင်း(မ်)မဂ္ဂဇင်းရဲ့ အက်ဆေးတစ်ပုဒ် ဖြစ်တဲ့ “In Search of New Heroes” ဆိုတဲ့ အက်ဆေးကနေ ကောက်နှုတ်ညွှန်းဆို ရေးသားတာ ဖတ်ရပါတယ်။ အခုလို။

• လူအဖွဲ့အစည်းတစ်ရပ် ကံဆိုးမိုးမှောင်ကျနေပြီဆိုလျှင်၊ သူရဲကောင်းတွေ ပေါ်ထွက်တတ်ပါသည်။ သို့နှင့်တိုင်၊ အဆိုပါ လူ့အဖွဲ့အစည်းသို့၊ ကံကောင်းခြင်းများ သယ်ဆောင်လာဖို့ ဆိုလျှင်၊ စွန့်လွှတ်အနစ်နာ ခံရဲသော သူရသတ္တိ တစ်ခုတည်းနှင့် မလုံလောက်ပါ။ သူရဲကောင်းအသည်းနှလုံးကို တည့်မတ်ရှေ့ဆောင် နိုင်မည့် အမြော်အမြင်ကြီးသော ဦးနှောက်ရှိဖို့လည်း လိုပါသည်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့ဆောင်နေသူတွေအပြင်၊ ကျရာနေရာကနေ တော်လှန်နေတဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊ လူထုခေါင်းဆောင်၊ ဒေသခေါင်းဆောင်၊ အဖွဲ့အစည်းခေါင်းဆောင် အားလုံးဟာ သူရသတ္တိ အရာမှာ မညံ့ဘူးဆိုတာ အထူးပြောစရာ မလိုပါ။ ထိုနည်းတူစွာပဲ အသိအရာမှာ မနိမ့်ပါးဘူးဆိုတာလည်း တွေ့မြင် နေရပြီးဖြစ်ပါတယ်။ အမြော်အမြင်ကြီးသော ဦးနှောက် ရှိခြင်း မရှိခြင်းဟာ တော်လှန်ရေးရဲ့ ပုံရိပ်နဲ့ လားရာကို ဆွဲခေါ်နေပါတယ်။ သို့သော်လည်း ဒီနေရာမှာ သတ္တိနဲ့ အသိကို ကျနော် မေးခွန်း မထုတ်လိုပါ။ လက်တို့ချင်တာ တော့ ရှိပါတယ်။ အဲဒါ သတိတရားဖြစ်ပါတယ်။

▄ ဖောက်ပြန်တတ်သော သဘောအနက်

လက်နက်ဟာ သူ့ကို ဆုပ်ကိုင်ထားတဲ့လူ့ရဲ့စိတ်ကို ညှို့တတ်ပါသည်။ သာမန်လူတစ်ယောက်ဟာ ရိုးသားပေမယ့်၊ လက်နက်နဲ့ တွေ့လာတဲ့အခါ၊ စိတ်ရိုင်းတွေ ဝင်လာတတ်ပါတယ်။ ထိုနည်းလည်းကောင်း လူ့စိတ်ဟာ ဖောက်ပြန် တတ်သော သဘောရှိတာ ဖြစ်ခြင်းကြောင့်၊ တချို့တတွေဟာ သာမန်အချိန်မှာတော့ လူကောင်းသူကောင်းတွေ ဖြစ်တယ်။ သို့သော်လည်း လက်ထဲကို အာဏာရောက်သွားတဲ့အခါ၊ ဖောက်ပြန်လာတတ်ကြတယ်။ လက်ထဲကို ငွေကြေးရောက်တဲ့အခါ ဖောက်ပြန်လာတတ်ကြတယ်။ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အစဉ်အလာ ကြီးခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ – အကြမ်းဖက် သတ်ဖြတ်ပြီး ရိုင်းစိုင်းယုတ်မာတဲ့လုပ်ရပ်တွေကို ပြုလာတဲ့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် နိမ့်လျောကျဆင်းလာခြင်းဟာ၊ အာဏာနဲ့ ငွေကြေးကြောင့် ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လက်နက်ကိုင်ထားသူဖြစ်တာကြောင့် သမိုင်းစဉ်တစ်လျှောက်လုံးမှာ ဗိုလ်ကျလွှမ်းမိုး ချုပ်ကိုင်မှုကို အတင်းအဓမ္မ ပြုတဲ့ အင်စတီကျူးရှင်းဖြစ်ပါတယ်။ ဖိနှိပ်မှုကို စနစ်တကျ လုပ်တဲ့ အဖွဲ့အစည်းဖြစ်သလို၊ အကြမ်းဖက်မှုကို စနစ် တကျ လုပ်တဲ့ အဖွဲ့အစည်းဖြစ်လာတယ်။ ဒါကို သင်ခန်းစာယူရပါလိမ့်မယ်။

▄ လွန်တယ်လို့ မရှိ

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းနေတာဖြစ်ပါတယ်။ ဒီနေရာမှာ သတိတရားဟာ လွန်တယ်လို့ မရှိပါ။ လူထုကို ဦးဆောင်နေတဲ့ တော်လှန်ရေးသမား၊ နိုင်ငံရေးခေါင်းဆောင်၊ လူထု ခေါင်းဆောင်၊ ဒေသခေါင်းဆောင်တွေဟာ အမြော်အမြင်ရှိမှုမှာ မညံ့ဖျင်းဘူးဆိုတာ ကျနော် ယုံကြည်ပါတယ်။ သတ္တိအရာမှာလည်း ခေသူတွေ မဟုတ်ဘူးဆိုတာ လက်ခံပါတယ်။ သို့သော်လည်း တခါတရံ ခံစားချက်နဲ့ ခံပြင်းချက်တွေ ပြင်းထန်ပြီး သတိလက်လွတ်လုပ်ဆောင်တာမျိုးတွေ မဖြစ်ဖို့ လိုပါတယ်။ သတိဆိုတာ လွန်တယ် မရှိပါ။ သတိနဲ့ ချွန်းအုပ်ပြီး လုပ်သင့်လုပ်ထိုက်တာနဲ့ ဖြစ်သင့်တာတွေကို တည်တည်ငြိမ်ငြိမ် လုပ်ဆောင်ဖို့ လိုကြောင်း၊ လက်တို့လိုက်ရပါတယ် ခင်ဗျား….။

မင်းသေ့ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဇန်နဝါရီ ၂၆၊ ၂၀၂၂