• Today is: Saturday, May 25, 2024

ဖက်ဒရယ်စနစ် ကျင့်သုံးသည့်နိုင်ငံများ၏ ကွဲပြားသည့် ပုံစံများ

ဖက်ဒရယ်စနစ် ကျင့်သုံးသည့်နိုင်ငံများ၏ ကွဲပြားသည့် ပုံစံများ

“အတူယှဉ်တွဲရေး” (Coming together) နှင့် “အတူပေါင်းစည်းရေး” (Holding together) ဖက်ဒရယ် နိုင်ငံများ ကမ္ဘာပေါ်တွင် ဖက်ဒရယ်ပုံစံ တစ်မျိုးတည်းရှိသည် မဟုတ်ပါ။ အချို့ဖက်ဒရယ်နိုင်ငံများမှာ အလွန်အမင်း ဗဟိုချုပ်ကိုင်မှု လွန်ကဲကြသည်။ အခြားအစိုးရများက ၄င်းတို့၏ သက်ဆိုင်ရာ အစိတ်အပိုင်းယူနစ်များတွင် ကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် ဗဟိုချုပ်ကိုင်မှု လျှော့ချနေချိန်တွင် ဗဟိုအစိုးရတွင်သာ လုပ်ပိုင်ခွင့်အာဏာကို စုစည်းထားကြသည်။ အချို့မှာ အမေရိကန်နှင့် မက္ကဆီကိုကဲ့သို့ သမ္မတအစိုးရများ ဖြစ်ကြပြီး အချို့မှာ ဂျာမနီနှင့် ကနေဒါ ကဲ့သို့ ပါလီမန်အစိုးရများ ဖြစ်ကြသည်။ ကွဲပြားစုံလင်နိုင်သည့် အရည်အသွေးမှာ ဖက်ဒရယ်စနစ်၏ အားသာချက်များထဲမှာ တစ်ခုပင်ဖြစ်သည်။

ဖက်ဒရယ်နိုင်ငံတစ်ခုကို လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် အဖွဲ့အစည်းများက အတူယှဉ်တွဲ၍ ဖွဲ့စည်းနိုင်ပါသည်။ (ဥပမာ။           ။ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်နှင့် သြစတေးလျ) ၄င်းတို့ကို “အတူယှဉ်တွဲရေး” ဖက်ဒရယ်စနစ် ကျင့်သုံးသည့် နိုင်ငံများဟု ခေါ်ကြသည်။ အခြား အခြေအနေများတွင် ဖက်ဒရယ်စနစ် ကျင့်သုံးသည့် နိုင်ငံများသည် တစ်ပြည်ထောင်စနစ် သို့ ဗဟိုချုပ်ကိုင်မှုလွန်ကဲ့သည့်တိုင်းပြည်၏ ဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲခြင်းအားဖြင့် ဖြစ်ပေါ်နိုင်ပါသည်။ (ဥပမာ။        ။ နိုင်ဂျီးရီးယား၊ စပိန်၊ အိန္ဒိယ) ၄င်းတို့ကိုမူ “အတူပေါင်းစည်းရေး” ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံများဟု ခေါ်ကြသည်။ အတူယှဉ်တွဲရေး ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့် နိုင်ငံများသည် အများအားဖြင့် အောက်ပါ အကြောင်းအချက်များဖြင့် ဖြစ်ပေါ်လာခဲ့ကြသည်။

  • ကျယ်ပြန့်သည့် နယ်မြေများဖြင့် တိုင်းပြည်၏ အုပ်ချုပ်ရေးကို စီမံခန့်ခွဲခြင်း
  • မိမိကိုယ်ကို ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေးအတွက် ပိုမိုမြင့်မားသည့် အရည်အသွေး တည်ဆောက်ခြင်း
  • စျေးကွက်နှင့် ကုန်သွယ်မှုအတွက် ပိုမိုကြီးမားသည့် အစိတ်အပိုင်းတစ်ခု ဖန်တီးခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်း
  • ပြည်ပဆက်ဆံရေးတွင် စုပေါင်းစွမ်းအား တိုးမြှင့်ခြင်း
  • ပိုမိုအားကောင်းသည့် ပါဝင်ဆောင်ရွက်မှုနှင့် တုံ့ပြန်မှုများကို မြှင့်တင်ခြင်းဖြင့် ဒီမိုကရေစီ အားကောင်းကျယ်ပြန့်စေခြင်း

“အတူပေါင်းစည်းရေး” ဖက်ဒရယ်စနစ် ကျင့်သုံးသည့် နိုင်ငံများသည် အများအားဖြင့် နယ်မြေဒေသ တစ်ခုအတွင်းရှိ မတူကွဲပြားမှုများ (လူမျိုးစု၊ ဘာသာစကားနှင့် ဘာသာရေး အသီးသီး ကွဲပြားမှုများ) ကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်ပေါ်လာခဲ့ကြသည်။ ၄င်းတို့တွင် တိုင်းပြည်၏ မတူညီသည့် အစိတ်အပိုင်းများတွင် သြဇာကြီးမားသည့် လူနည်းစုများသို့ ကိုယ်ပိုင် အစိုးရ၏ လုပ်ပိုင်ခွင့်များကို ပေးခြင်းလည်း ပါဝင်သည်။ ဖက်ဒရယ်စနစ်တစ်ခု၏ ၄င်းအမျိုးအစားသည် လူနည်းစုများ၏ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဘာသာရေးကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ၄င်းအသိုက်အဝန်းများ၏ ထူးခြား အခြေအနေများနှင့် လိုအပ်ချက်များအား ပိုမိုကောင်းမွန်စွာ တုံ့ပြန်ပေးနိုင်ခြင်းကို ထောက်ပံ့ပေးရန် ရည်ရွယ်သည်။ “အတူပေါင်းစည်းရေး” ဖက်ဒရယ်စနစ် ကျင့်သုံးသည့်နိုင်ငံများသည် လူနည်းစုများ သို့ ဒေသကြီးများကို အစိတ်စိတ်အမြွှာမြွှာကွဲခြင်းနှင့် ပဋိပက္ခများအား ရှောင်ရှားနိုင်ရန် လုပ်ပိုင်ခွင့် ပိုမိုပေးခြင်းအားဖြင့် တိုင်းပြည်၏ စည်းလုံးညီညွှတ်မှုကို ထိန်းသိမ်းရန် ရည်ရွယ်သည်။

“အတူပေါင်းစည်းရေး” ဖက်ဒရယ်ပုံစံသည် လူမျိုးစု သို့မဟုတ် ဒေသတွင်း ပဋိပက္ခ သို့မဟုတ် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် လူနည်းစုများ၏ သမိုင်းကြောင်းအရ ဖယ်ထုတ်ခံထားရမှုများကို တွေ့ကြုံခဲ့ရသည့် နိုင်ငံများတွင် ပိုမိုတွေ့ရလေ့ရှိသည်။ ဖက်ဒရယ်ဝါဒကို ပဋိပက္ခအလွန် ပတ်ဝန်းကျင်များဖြစ်သည့် ဘော့စ်နီးယား၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အီရတ်၊ ဆူဒန်၊ တောင်အာဖရိကနှင့် စဉ်းစားဆုံးဖြတ်ဆဲဖြစ်သည့် သီရိလင်္ကာနှင့် နီပေါတို့တွင် လက်ခံကျင့်သုံး ခဲ့ကြပြီး ဖြစ်သည်။

ရလဒ်အားဖြင့် ၄င်းနိုင်ငံများသည် ဖက်ဒရယ်စနစ်တစ်ခုကို ကျင့်သုံးရာ၌ “အတူယှဉ်တွဲရေး” ဖက်ဒရယ်ပုံစံတွင် ပြင်းထန်မှုမရှိသည့် အမျိုးမျိုးသော စိန်ခေါ်မှုများကို ကြုံတွေ့ရသည်။ ဗဟိုနှင့် ဒေသန္တရ အစိုးရများအကြား လုပ်ပိုင်ခွင့်ခွဲဝေရာတွင် အာဏာကို ကန့်သတ်မျှဝေသည့် စနစ်တစ်ခုကို အစုအဖွဲ့များအားလုံးက သဘောတူညီရန် လိုအပ်သည်။ ဤကဲ့သို့သော အခြေအနေများတွင် အစုအဖွဲ့များသည် ၄င်းတို့၏ အကျိုးစီးပွားများကို ဆန့်ကျင်သည်ဟု ခံစားလာရနိုင်သဖြင့် ခွင့်ပြုလိုက်လျောရန် လိုလားမှုမရှိ ဖြစ်လာနိုင်သည်။ ၄င်း အကြောင်းအချက်များအတွက် နိုင်ငံတော်အဆင့်နှင့် ဒေသတွင်းအဆင့် ဦးဆောင် လုပ်ကိုင်သူများ အကြား ယုံကြည်မှုတည်ဆောက်ခြင်း၊ အပေးအယူလုပ် ညှိနှိုင်းခြင်း တို့သည် ဖက်ဒရယ်စနစ်တစ်ခု၏ ကြိုတင်သတ်မှတ်ထားသည့် အရာများ ဖြစ်ကြသည်။

ဖက်ဒရယ်စနစ်များ ဖြစ်ပေါ်လာခြင်း

ယေဘုယျအားဖြင့် “အတူယှဉ်တွဲရေး” ဖက်ဒရယ်ပုံစံကို လက်ခံကျင့်သုံးရာတွင် “အတူ ပေါင်းစည်းရေး” ဖက်ဒရယ်ပုံစံကို ကျင့်သုံးခြင်းထက် စိန်ခေါ်မှုများ ပိုမိုနည်းပါးသည်။ “အတူယှဉ်တွဲရေး” ဖက်ဒရယ်ပုံစံသည် အတူယှဉ်တွဲရေး၏ အားသာချက်များကို အသိမှတ်ပြု လက်ခံထားသော သိသာထင်ရှားသည့် သဘောတူခွင့်ပြုချက်များပေါ်တွင် အကြမ်းဖျဉ်း အခြေခံထားသည်။ ထို့ပြင် အတူယှဉ်တွဲရန် ဆုံးဖြတ်ထားသည့် ဖက်ဒရယ် အစိတ်အပိုင်း များသည် နိုင်ငံရေးစနစ်များ အခြေတကျဖြစ်မှုကို ပိုင်ဆိုင်ထားပြီး လွတ်လပ်၍ အမှီအခို ကင်းသည့် ပြည်နယ်များဖြစ်ကြသည်။ အင်စတီကျူးရှင်းများက ဖက်ဒရယ်/နိုင်ငံတော် အဆင့်တွင် လက်ခံကျင့်သုံးရန် လိုအပ်နေခြင်းသာလျှင် ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း “အတူပေါင်းစည်းရေး” ဖက်ဒရယ်ပုံစံများသည် ဗဟိုချုပ်ကိုင်မှု လွန်ကဲသည့် နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားနိုင်ခြင်းတွင် အကျိုးစီးပွားရှိသည့် အစုအဖွဲ့များရှိနေခြင်းကြောင့် မလွယ်ကူလှပါ။ ၄င်းအစုအဖွဲ့များသည် ဖက်ဒရယ်ပြုမှုကို ဆန့်ကျင်နိုင်သည်။ အခြားဘက်ခြမ်း တွင်လည်း ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုနေကြသည့် လူနည်းစု အုပ်စုများသည် ၄င်းတို့၏ ရည်မှန်းချက်များ ရရှိနိုင်ရန် အကြမ်းဖက်မှုများ ပြုလုပ်ရန်ပင် ပြင်ဆင်ထားနိုင်သည်။ နိုင်ငံတော်တစ်ခု ဖြစ်တည်လာရန် အတွက် အပြန်အလှန် အကျိုးကျေးဇူးများမှာ “အတူယှဉ်တွဲရေး” ဖက်ဒရယ်ပုံစံကဲ့သို့ သိသာရှင်းလင်းမှု မရှိပါ။

“အတူပေါင်းစည်းရေး” ဖက်ဒရယ်ပုံစံများတွင် ပိုမိုခက်ခဲစေသည့် အကြောင်းခြင်းရာ နှစ်ရပ်မှာ

၁. စနစ်ကို သတ်မှတ်ရေးဆွဲနေစဉ် ခက်ခဲသည့် ဆုံးဖြတ်ချက်များကို ချမှတ်ရလေ့ ရှိသည်။ ၄င်းဆုံးဖြတ်ချက်များသည် လုပ်ပိုင်ခွင့်အာဏာ ခွဲဝေရေးကဲ့သို့ အငြင်းပွားဖွယ် ကိစ္စရပ်များနှင့် ဆက်စပ်နေပြီး ကွဲပြားနေသည့် အုပ်စုများအကြား ယုံကြည်မှုနည်းပါးသည့် အခြေအနေများတွင် ပြုလုပ်ရန် ခက်ခဲနိုင်သည်။

၂. အစိုးရ အများအပြားသည် ဖက်ဒရယ် အစိတ်အပိုင်းသစ်များကို လက်ခံကျင့်သုံးရမည် ဖြစ်သည်။ ၄င်းသည် စွမ်းဆောင်နိုင်ရည်များ သို့ ဆုံးဖြတ်ချက်ချမှတ်ရန် အတွေ့အကြုံ သို့ မူဝါဒများ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့သည့် ဒေသကြီးများအတွက် စိန်ခေါ်မှုများ ရရှိလာနိုင်သည်။ နိုင်ငံတော်အဆင့်နှင့် ဒေသန္တရအဆင့်အတွက် အင်စတီကျူးရှင်းများကို တစ်ချိန်တည်း ဖွဲ့စည်းခြင်းသည်လည်း ကြီးမားသည့် စိန်ခေါ်မှု ဖြစ်လာနိုင်သည်။

စိုင်းလုံးတစ်

ဖက်ဒရယ်ဂျာနယ်

ဇန်နဝါရီ ၂၇၊ ၂၀၂၂