• Today is: Friday, February 3, 2023

ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းနှင့် ပူးပေါင်း ဖက်ဒရယ်စနစ်များ

ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းနှင့် ပူးပေါင်း ဖက်ဒရယ်စနစ်များ

ယေဘုယျအားဖြင့် ကျွန်ုပ်တို့သည် ဖက်ဒရယ်စနစ်များ အကြားတွင် လွတ်လပ်သည့် နိုင်ငံတော်အဆင့် အစိုးရ၏ အစိုးရအင်စတီကျူးရှင်းများကို လက်အောက်ခံ အစိုးရခွဲများက အပြည့်အဝ ရရှိထားသည့် “ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည့် ဖက်ဒရယ်စနစ်များ” ၊ လက်အောက်ခံ အစိုးရခွဲများသည် လုပ်ပိုင်ခွင့်အာဏာများ ကန့်သတ်ရရှိထားသော်လည်း ၄င်းတို့၏ ကိုယ််ပိုင်အစိုးရ အင်စတီကျူးရှင်းများ ထားရှိနိုင်သည့် ဗဟိုချုပ်ကိုင်မှုလွန်ကဲသည့် ဖက်ဒရယ်စနစ်များနှင့် နိုင်ငံတော်အဆင့်နှင့် လက်အောက်ခံ အစိုးရခွဲများသည် ဥပဒေမူကြမ်း ရေးဆွဲနေစဉ် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သည့် “ပူးပေါင်း ဖက်ဒရယ်စနစ်များ” (Cooperative Federal) ဟူ၍ သတ်မှတ်ခွဲခြားနိုင်သည်။

ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည့် ဖက်ဒရယ်စနစ်များ

ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည့် ဖက်ဒရယ်တိုင်းပြည်များတွင် ဖက်ဒရယ်အစိုးရသည် ပြည်နယ်/ဒေသန္တရအစိုးရများတွင် ၄င်း၏အခန်းကဏ္ဍကို လျှော့ချထားသည်။ ပြည်နယ်/ဒေသန္တရ အစိုးရများသည် ၄င်းတို့၏ ကိုယ်ပိုင်ရေးရာများကို စီမံခန့်ခွဲရာတွင် တိုးမြှင့်ထားသည့် အခန်းကဏ္ဍကို ရရှိထားသည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် သြစတေးလျတို့တွင် အစိုးရအဆင့် တစ်ခုစီသည် ၄င်းတို့၏ ဥပဒေပြုရေး အာဏာနှင့်အညီ စီရင်ဆုံးဖြတ်ပိုင်ခွင့် တာဝန်ကို ရရှိကြသည်။ ဤပုံစံသည် အစိုးရအဆင့် တစ်ခုစီက ၄င်းတို့၏ ကိုယ်ပိုင်ဥပဒေကို အကောင်အထည်ဖော်ခြင်းအားဖြင့် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်ကို ထောက်ပံ့ပေးသည်။ ဤပုံစံတွင် ပုံမှန်အားဖြင့် အစိုးရအဆင့် တစ်ခုစီသည် ၄င်းတို့၏ တာဝန်ရှိသည့် ဧရိယာအတွင်း ၄င်းတို့ ကိုယ်ပိုင်အစိုးရ ဌာနနှင့် ဌာနခွဲများကို အသုံးပြု၍ လုပ်ငန်းစဉ်များကို ဖြန့်ဝေပေးသည်။ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည့် ဖက်ဒရယ်ပုံစံ နမူနာများကို ကနေဒါ သို့မဟုတ် ဘယ်လ်ဂျီယံတွင် တွေ့မြင်နိုင်သည်။ ကနေဒါနှင့် ဘယ်လ်ဂျီယံ နိုင်ငံများသည် ပြည်တွင်းရေးရာများအတွက် ပြည်နယ်များသို့ တာဝန်ဝတ္တရားများ အားလုံးနီးပါးကို လွှဲအပ်ထားသည်။ ဥပမာအားဖြင့် ကနေဒါတွင် ပြည်ထောင်စုအဆင့် ပညာရေးဝန်ကြီးဌာန မရှိပါ။ ပညာရေးမူဝါဒများ အားလုံးကို လက်အောက်ခံ အစိုးရခွဲများကသာ လုံးလုံးလျားလျား ရွေးချယ်ဆုံးဖြတ်ကြသည်။

ပူးပေါင်း ဖက်ဒရယ်စနစ်များ

ပူးပေါင်း ဖက်ဒရယ်ဝါဒသည် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများက သေချာသည့် ဧရိယာ/အစိုးရဌာနများသို့ တိုင်းပြည်အဝှမ်း နိုင်ငံတော်အဆင့် စီမံကိန်းများ လုပ်ကိုင်ဆောင်ရွက်မှုကို သေချာစေရန် လုပ်ပိုင်ခွင့်တာဝန်များ ခွဲဝေပေးထားသည့် သဘောသဘာဝပေါ်တွင် အခြေခံသည်။ ဥရောပတိုက်ရှိ ဆွစ်ဇာလန်၊ သြစတြီးယားနှင့် ဂျာမနီကဲ့သို့ ဖက်ဒရယ်စနစ် ကျင့်သုံးသည့် နိုင်ငံများတွင် အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်တာဝန်သည် ဥပဒေပြုရေး အာဏာပိုင်အဖွဲ့နှင့် ကိုက်ညီမှုမရှိပါ။ ရလဒ်အားဖြင့် ပြည်နယ်အစိုးရများသည် နိုင်ငံတော်အဆင့် ဥပဒေများကို ပူးပေါင်းပြဌာန်းရာတွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍကို ရရှိပြီး နိုင်ငံတော်အဆင့်ဥပဒေကို ၄င်းတို့ သက်ဆိုင်ရာဒေသကြီးများ၏ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်၍ အကောင်အထည်ဖော်ရာတွင် တာဝန်ယူ ဆောင်ရွက်နိုင်သည်။ ၄င်းက ဗဟိုဥပဒေပြု အာဏာပိုင်အဖွဲ့ကို တိုင်းပြည်တစ်ဝှမ်း တူညီသည့် ဥပဒေပြဌာန်းပိုင်ခွင့် ပေးထားသော်လည်း ဒေသအခြေအနေများနှင့် အံဝင်ခွင်ကျဖြစ်သည့် နည်းလမ်းဖြင့် ဆောင်ရွက်နိုင်သည်။ ဥပမာအားဖြင့် ဂျာမနီတွင် အချို့ကိစ္စရပ်များကို နိုင်ငံတော်အစိုးရ (ဥပမာ။    ။ကာကွယ်ရေး)၊ ပြည်ထောင်စုအစိုးရသို့ လုပ်ပိုင်ခွင့်တာဝန် အထူးသီးသန့် ပေးအပ်ထားသော်လည်း ကိစ္စရပ်အများစုတွင် မျှဝေကျင့်သုံးနိုင်သည်။ ကိစ္စရပ် အများစုတွင် ဗဟိုအစိုးရက ဥပဒေမူဘောင် ချမှတ်သော်လည်း လက်အောက်ခံ ဥပဒေပြု အာဏာပိုင်အဖွဲ့များက ၄င်းတို့၏ ကိုယ်ပိုင်ဥပဒေဖြင့် ဖြည့်စွက်နိုင်သည် (သို့သော် မဆန့်ကျင်ရ)။ ဂျာမန်ပုံစံသည် နိုင်ငံတော်ဥပဒေများကို အထက်လွှတ်တော်တွင် လက်အောက်ခံအစိုးရခွဲများမှ ကိုယ်စားလှယ်များ၏ အများစုမဲဆန္ဒဖြင့်သာ အတည်ပြုရန် သတ်မှတ်ပြဌာန်းထားသည်။ ၄င်းကို ပူးပေါင်း ဆုံးဖြတ်ချက်ချမှတ်ခြင်းဟု ခေါ်သည်။ ၄င်းပုံစံ၏ အစိတ်အပိုင်းများကို တောင်အာဖရိကနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပေါင်းစပ်ထည့်သွင်းထားသည်။

ဖက်ဒရယ်နိုင်ငံများရှိ အထက်လွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာ

အထက်လွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာသည် ဖက်ဒရယ်နိုင်ငံများအကြားတွင် ကွာခြားလေ့ရှိသည်။ အချို့တွင် ကျယ်ပြန့်သည့် လုပ်ပိုင်ခွင့်အာဏာများ ရရှိထားသော်လည်း အချို့မှာ အဓိကကျသည့် လုပ်ထုံးလုပ်နည်းများတွင် အားနည်းကြသည်။ အချို့ အထက်လွှတ်တော် များသည် ပြည်ထောင်စုအဆင့်တွင် ပြည်နယ်များကို တိုက်ရိုက် ကိုယ်စားပြုသည်။ ဥပမာ ဂျာမနီနှင့် တောင်အာဖရိကတွင် အထက်လွှတ်တော်ကို နိုင်ငံတော်အစိုးရနှင့် လက်အောက်ခံ အစိုးရခွဲများအကြား ဆွေးနွေးညှိနှိုင်းရာတွင် လုပ်ငန်းမူဘောင်တစ်ရပ်အဖြစ် အသုံးပြုသည် (၄င်းအခြေအနေတွင် လူပုဂ္ဂိုလ် ကိုယ်စားပြုခြင်းထက် လက်အောက်ခံ အစိုးရခွဲ၏ ကိုယ်စားပြုခြင်းသာ ရှိသည်)။

အခြားနိုင်ငံများတွင် လူနည်းစုများသို့ ထုတ်ဖော်ပြောကြားရန်နှင့် အချို့ ဗီတိုအာဏာ သုံးခွင့်များ ပေးအပ်နိုင်ရန် ရေးဆွဲထားသည်။ ဥပမာအားဖြင့် အာဂျင်တီးနား၊ သြစတေးလျ၊ ဘရာဇီးနှင့် ဆွစ်ဇာလန်တို့တွင် အထက် လွှတ်တော်သည် ဥပဒေအများစုပေါ်တွင် အကြွင်းမဲ့ ဗီတိုအာဏာ ရှိသည်။

ဂျာမန် အထက်လွှတ်တော်အမတ်များသည် ပြည်နယ်များပေါ်တွင် အကျိုးသက်ရောက်မှု ရှိသည့် ကိစ္စရပ်များတွင် ဗီတိုအာဏာ သုံးခွင့်ရှိသည် (လက်ရှိ ဥပဒေ၏ ၄၀% ခန့်)။ ဘယ်လ်ဂျီယံတွင် အထက်လွှတ်တော်သည် ဖက်ဒရယ်စနစ်အပေါ် အကျိုးသက်ရောက်မှု ရှိသည့် မည်သည့် ကိစ္စရပ်များတွင်မဆို ဗီတိုအာဏာ သုံးခွင့်ရှိသော်လည်း သြစတေးလျ၊ မလေးရှားနှင့် စပိန်တို့တွင် အထက်လွှတ်တော်များသည် ဆိုင်းငံ့ ဗီတိုအာဏာသာ သုံးစွဲခွင့်ရှိသည်။

ဖက်ဒရယ်နိုင်ငံများရှိ အခွန်စည်းကြပ်ခြင်း လုပ်ငန်း

ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည့် စနစ်များတွင် အခွန်စည်းကြပ်ခြင်း၊ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည့် ဖက်ဒရယ်တိုင်းပြည်များတွင် နိုင်ငံရေးအာဏာကို သီးသန့် အခွန်စည်းကြပ်မှု စနစ်တစ်ခု (တစ်ခါတစ်ရံ နှစ်ခု) အတွင်း ပိုမိုထိန်းညှိထားသည်။  အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါတွင် တွေ့ရှိချက်အရ ပြည်နယ်များ သို့ ဒေသခွဲများသည် ကိုယ်ပိုင် အခွန်စည်းကြပ်ပိုင်ခွင့် ရှိကြပြီး ပူးပေါင်းဆောင်ရွက်မှု စနစ်များတွင် ၄င်းတို့၏ ဒေသဆိုင်ရာ အခွန်များကို ဖက်ဒရယ်အဆင့် အခွန်စည်းကြပ်ခြင်းသို့ ပေါင်းထည့်နိုင်သည်။ ဂျာမနီတွင် ဖက်ဒရယ် ပြည်ထောင်စုအဆင့်၌ အခွန်ကောက်ယူမှု အခွင့်အာဏာနှင့် ပတ်သက်၍ တစ်ဦးတည်းချုပ်ကိုင်လုနီးပါး ဖြစ်နေသည်။ အခွန်ဥပဒေများကို ဖက်ဒရယ်ပြည်ထောင်စု အဆင့်တွင်သာ အတည်ပြုပြဌာန်းကြသည်။ ပြည်နယ်အစိုးရ များသည် Bundesrat (နိုင်ငံတော်အဆင့်တွင် ပြည်နယ်အစိုးရများက ကိုယ်စားပြုထားသည့်အထက်လွှတ်တော်) မှတစ်ဆင့် ပြည်ထောင်စု အခွန်များ ဥပဒေ၏ လုပ်ငန်းစဉ်များတွင် ပါဝင်ကြသည်။ အခွန်အဖြစ် လက်ခံရရှိငွေများကို ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသဆိုင်ရာ အဆင့်အလိုက် သတ်မှတ်ထားသည့် အခြေခံစနစ်ပေါ်တွင် ခွဲဝေပေးရသည်။ နိုင်ငံတော် ဘဏ္ဍာများသည် အခွန်ကောက်ခံရရှိငွေ စုစုပေါင်း၏ ၇၀% ကျော်ဖြစ်သည့် အရောင်းခွန်၊ တစ်ဦးချင်း ဝင်ငွေခွန်နှင့် စီးပွားရေုးလုပ်ငန်း ဝင်ငွေခွန်များမှ ရရှိလာခဲ့ပြီး အစိုးရအဆင့် သုံးခု အကြားတွင် ခွဲဝေသုံးစွဲခွင့်ပြုထားသည်။

ဖက်ဒရယ်နိုင်ငံများရှိ အထက်လွှတ်တော်၏ အခန်းကဏ္ဍ

ဖက်ဒရယ်နိုင်ငံအများစုတွင် လွှတ်တော်နှစ်ရပ် သို့ ဥပဒေပြု လွှတ်တော်နှစ်ရပ် ရှိကြသည်။ ဖက်ဒရယ်ပြည်ထောင်စု အများစု၌ အစဉ်အလာအားဖြင့် အထက်လွှတ်တော်သည် ပြည်နယ််များကို ကိုယ်စားပြုပြီး အောက်လွှတ်တော်သည် ၄င်း၏ အမတ်ဦးရေကို လူဦးရေပေါ်တွင် အခြေခံ၍ ခွဲဝေသတ်မှတ်ပေးသည်။ အထက်လွှတ်တော်သည် ပြည်နယ်များ၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ၄င်းတို့ကို တိုင်းပြည်တစ်ခုလုံး အုပ်ချုပ်မှုတွင် ပါဝင်ဆောင်ရွက်နိုင်ခွင့် ပေးနိုင်ရန် ရည်ရွယ်သည်။ ဤသည်မှာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေသည့် ဖက်ဒရယ်ဝါဒ၏ အခြေခံ သဘောတရားဖြစ်ကြသည့် ပြည်နယ်များနှင့် လူဦးရေများ နှစ်မျိုးလုံးကို ထင်ဟပ်စေနိုင်သဖြင့် ၄င်းတို့ကို ဗဟိုဥပဒေပြု အာဏာပိုင်အဖွဲ့တွင်လည်း သက်ရောက်မှုရှိရန် လိုအပ်သည်။ အထက်လွှတ်တော်တွင် ကိုယ်စားပြုခြင်းသည် ဒေသကြီး သို့ ပြည်နယ်တစ်ခုစီအတွက် ညီမျှသည့် ကိုယ်စားပြုမှုပေါ်တွင် အခြေခံသည်။ ဖက်ဒရယ်ပြည်ထောင်စု အများအပြားတွင် အထက်လွှတ်တော် အမတ်များသည် ပြည်နယ်အားလုံးကို ကိုယ်စားပြုပြီး အောက်လွှတ်တော် အမတ်များသည် ဒေသငယ်များမှ ဖြစ်ကြသည်။ ဥပမာအားဖြင့် သြစတေးလျ၊ အမေရိကန် ပြည်ထောင်စုနှင့် ဆွစ်ဇာလန်တို့တွင် ပြည်နယ်များတွင် နေထိုင်ကြသည့် နိုင်ငံသားများသည် အထက်လွှတ်တော် အမတ်များကို တိုက်ရိုက် ရွေးကောက်တင်မြှောက် ကြသည်။

အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော်တွင် ပြည်နယ်တစ်ခုစီမှ တူညီသည့် ကိုယ်စားလှယ် အရေအတွက် ရရှိထားပြီး အောက်လွှတ်တော်တွင် ပြည်နယ်တစ်ခုစီမှ ပြည်နယ်၏ လူဦးရေအလိုက် သတ်မှတ်ထားသည့် ကိုယ်စားလှယ်များ ရှိကြသည်။

ဂျာမနီတွင် ဘန်ဒက်စ်ရက် (Bundesrat) ဟုခေါ်သည့် အထက်လွှတ်တော် အမတ်များသည် တိုက်ရိုက် ရွေးကောက်တင်မြှောက်ခံရခြင်း မဟုတ်ဘဲ ပြည်နယ် (ဒေသကြီး) များမှ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ အထက်လွှတ်တော် အမတ်များကို  ပြည်နယ်အစိုးရများက ရွေးချယ်သတ်မှတ်ပြီး ၄င်းတို့၏ ဝန်ကြီး-သမ္မတများက တရားဝင် ဦးဆောင်သည်။ ပြည်နယ်များသို့ အကျိုးသက်ရောက်မှု ရှိသည့် ဥပဒေများ (ဥပဒေအားလုံး၏ ၄၀% ခန့်) ကို အထက်လွှတ်တော် အမတ်များက ထောက်ခံအတည်ပြုရသည် (အထူးသဖြင့် အရောင်းခွန်များ)။

စိုင်းလုံးတစ် ရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဇန်နဝါရီ ၂၈၊ ၂၀၂၂