• Today is: Sunday, May 26, 2024

ဖက်ဒရယ်ဝါဒနှင့် ပတ်သက်သည့် သီးခြားမေးခွန်းများ

ဖက်ဒရယ်ဝါဒနှင့် ပတ်သက်သည့် သီးခြားမေးခွန်းများ

ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ် ကျင့်သုံးသည့် နိုင်ငံများ အများအပြားရှိကြသော်လည်း မိမိနိုင်ငံ၏ ရေခံမြေခံနှင့် ကိုက်ညီ၍ လိုက်လျောညီထွေရှိသည့်စနစ်ကိုသာ ကျင့်သုံးကြသဖြင့် ဖက်ဒရယ်ဝါဒမှာ “တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း” ဆိုသကဲ့သို့ ကွဲပြားလျက်ရှိသည်။ ထို့ကြောင့် အချို့မှာ ဖက်ဒရယ်ဝါဒနှင့် ပတ်သက်၍ ဒွိဟဖြစ်နေသည်များ ရှိတတ်ကြသည်။ သို့သော်လည်း ဖက်ဒရယ်စနစ် ကျင့်သုံးသည့် နိုင်ငံများအားလုံးသည် ဖက်ဒရယ်ဝါဒ၏ အနှစ်သာရဖြစ်သည့် လုပ်ပိုင်ခွင့်အာဏာ ခွဲဝေကျင့်သုံးခြင်း (Power Sharing) နှင့် သယံဇာတ ခွဲဝေသုံးစွဲခြင်း (Resource Sharing) တို့ကို အခြေခံကျင့်သုံးသည့်အားလျော်စွာ ဖက်ဒရယ်စနစ် ကျင့်သုံးသည့်နိုင်ငံများ၏ အတွေ့အကြုံများမှနေ၍ သိကောင်းစရာမေးခွန်းများအား ထုတ်နုတ်တင်ပြလိုက်ရပါသည်။

ဖက်ဒရယ်အစိုးရများသည် ပိုမိုဆင်းရဲနွမ်းပါးသည့် ပြည်နယ်များသို့ ဘဏ္ဍာရေးအရ မည်သို့ ထောက်ပံ့သနည်း။

ဖက်ဒရယ်ပြည်ထောင်စု အများစုတွင် ဗဟိုအစိုးရသည် နိုင်ငံတော် ဘဏ္ဍာကို စည်းကြပ်ခွန်နှင့် ချေးငွေများမှ ၄င်းတို့ ကိုယ်ပိုင်ဆောင်ရွက်မှုများအတွက် လိုအပ်သည်ထက်ပို၍ ကောက်ခံကြသည်။ ထို့ကြောင့် ဗဟိုအစိုးရများသည် ပြည်နယ်များသို့ ၄င်းတို့ တာဝန်ယူနိုင်သည်ထက် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်စေရန် ပုံမှန် ဘဏ္ဍာရေး လွှဲပြောင်းမှုများကို ပြုလုပ်ပေးသည်။ သို့သော် ကိစ္စရပ်အများစုတွင် ဘဏ္ဍာရေး လွှဲပြောင်းမှုများသည် ပြည်နယ်အစိုးရများ လိုအပ်သည်၏ ၅၀% အောက် လျော့နည်း၍သာ စာရင်းပြထားသည်။ အကျိုးဆက်အဖြစ် ပြည်နယ်အစိုးရ အများစုသည် ၄င်းတို့ ကောက်ခံသည့် ဘဏ္ဍာငွေအတွက် တိုက်ရိုက် တာဝန်ခံမှုရှိသည့် လူထုထံမှသာ ကိုယ်ပိုင်ရန်ပုံငွေ ကောက်ခံကြသည်။

ဖက်ဒရယ်ပြည်ထောင်စုများ အားလုံးတွင် ပြည်နယ်များအလိုက် ဓနဥစ္စာ ကွာခြားမှုများ ရှိကြသည်။ တိုင်းပြည်၏ အစိတ်အပိုင်းအချို့မှာ ချမ်းသာကြွယ်ဝ၍ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်နေသော်လည်း အခြား အစိတ်အပိုင်းများတွင် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျ၍ ကန့်သတ် ဝင်ငွေသာ ရှိကြသည်။ ထောက်ပံ့မှု မပေးနိုင်ခဲ့လျှင် ပိုမို ဆင်းရဲနွမ်းပါးသည့် ပြည်နယ်များမှာ ၄င်းတို့လိုအပ်သည့် စီမံကိန်းနှင့် လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်လိမ့်မည် မဟုတ်ပါ။

အများစုသော ဖက်ဒရယ်ပြည်ထောင်စုများသည် ဤအခက်အခဲကို တန်းတူညီမျှမှု အခြေခံ သဘောတရား သို့မဟုတ် ဗဟိုအစိုးရမှ ပြည်နယ်အစိုးရများသို့ ဘဏ္ဍာရေး လွှဲပြောင်းမှုများ အတွက် ထောက်ပံ့ပေးနိုင်သည့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းကို အသုံးပြု၍သော်လည်းကောင်း ကိုင်တွယ်ဖြေရှင်းကြသည်။

ဖက်ဒရယ်စနစ်များတွင် ကိုင်တွယ်ဖြေရှင်းနေရသည့် အစိုးရအဆင့်နှစ်ခုကြား ပဋိပက္ခများနှင့် အငြင်းပွားမှုများမှာ မည်သို့နည်း။

အစိုးရအစီအစဉ် နှစ်ခုအကြား ဖြစ်ပွားနေသည့် ဆွေးနွေးညှိနှိုင်းမှုများသည် အငြင်းပွားမှုများကို ဖြေရှင်းနိုင်သည့် သမားရိုးကျနည်းလမ်းပင် ဖြစ်သည်။ တရားရုံးများကို လက်ကိုင်ပြုခြင်းသည် အဆုံးသတ် အားကိုးအားထားရာ ဖြစ်သည်။ ဖက်ဒရယ်နိုင်ငံ အများစုတွင် တရားရုံးချုပ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့သည် အစိုးရ အဆင့်များအကြား အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် အခြေခံကျသည့် နေရာပင်ဖြစ်သည်။

ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေများသည် တရားရုံးများ၏ သမာသမတ်ကျမှုနှင့် အမှီအခိုကင်းမှုတို့ကို ကာကွယ်စောင့်ရှောက်နိုင်သည့် နည်းလမ်းများကို အခြေခိုင်စေရန် ကြိုးပမ်းအားထုတ်ပေးသည်။ နည်းလမ်းများထဲမှ တစ်ခုမှာ ပြည်ထောင်စုအစိုးရ လက်အောက်ရှိ အစိုးရခွဲများကို တစ်ခုထက်ပို၍ သတ်မှတ်ရန် သို့မဟုတ် အစိုးရ၏ ဖက်ဒရယ် အစီအစဉ်သည် အမြင့်ဆုံးတရားရုံးများမှ ခန့်အပ်မှုများကို အတည်ပြုရန် ဖြစ်သည်။

ဖက်ဒရယ်စနစ်တစ်ခုအတွင်းတွင် တရားစီရင်ပိုင်ခွင့်ပေါ်ရှိ ပဋိပက္ခများနှင့် သံသယများကို ဖြေရှင်းနိုင်သည့် လုပ်ထုံးလုပ်နည်းမှာ အဘယ်နည်း။

ဖက်ဒရယ်စနစ်များတွင် သတ်မှတ်ပြဌာန်းထားသည့် ဖက်ဒရယ် အဆောက်အအုံများအကြား ဥပဒေဆိုင်ရာ အငြင်းပွားမှုများမှာ ရွေးကောက်ပွဲနည်းလမ်း သို့ တရားစီရင်ရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ကြသည်။

အနည်းဆုံး ဖက်ဒရယ်ပြည်ထောင်စု နှစ်ခုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ အပြီးသတ် ခုံသမာဓိ၏ ကဏ္ဍရေးရာ အားလုံးကို တရားရုံးချုပ်သို့ ပေးမထားပါ။ ဆွစ်ဇာလန်နိုင်ငံ ကိစ္စရပ်တွင် နိုင်ငံသားများသည် လူထုဆန္ဒခံယူပွဲဖြင့် ခုခံငြင်းဆိုသည့် ဖက်ဒရယ် (ပြည်နယ်မဟုတ်) ဥပဒေများ၏ တရားဝင်မှုကို အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။ ဖက်ဒရယ် အာဏာပိုင်အဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင့်စေသည့် မည်သည့် ဖြည့်စွက် ပြင်ဆင်ချက် မဆို လူထုဆန္ဒခံယူပွဲတစ်ခုဖြင့် အဆိုတင်သွင်းရမည်ဖြစ်ပြီး ပြည်သူလူထုသည် ဤနည်းလမ်းဖြင့် ဆွစ် ပြည်ထောင်စုအတွင်း ချိန်ခွင်လျှာကို တိုက်ရိုက်ထိန်းချုပ်နိုင်မည် ဖြစ်သည်။ အီသီယိုပီးယားတွင်မူ ပြည်နယ် ဥပဒေပြုလွှတ်တော်များမှ ရွေးကောက် တင်မြှောက်သည့် ပြည်ထောင်စုလွှတ်တော်သည် တရားသူကြီးများထံမှ ဥပဒေဆိုင်ရာ အကြံပြုချက်များကို လိုက်နာစေရန် အပြီးသတ် အခွင့်အာဏာရှိသည်။

ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ အများစုတွင် အမျိုးမျိုးသော အစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာနှင့် ပတ်သက်သည့် မည်သည့်ကိစ္စရပ်များတွင်မဆို အပြီးသတ် ဆုံးဖြတ်ချက်သည် တရားရုံးချုပ် သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အကြောင်းကိစ္စသာ ဖြစ်လိမ့်မည် (နိုင်ငံအားလုံးတွင် သတ်မှတ်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး မရှိပါ)။ ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ သြစတေးလျ၊ အိန္ဒိယ၊ မလေးရှားနှင့် သြစကြီးယားတို့တွင် မတူညီသည့် အစိုးရအဆင့်များ အတွင်း ပဋိပက္ခများ ဖြစ်ပွားသည့်အခါ တရားရုံးချုပ်သည် အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်သူအဖြစ် ဆောင်ရွက်သည်။

ဖက်ဒရယ်စနစ်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်မှာ မည်သို့နည်း။

ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ထောက်ဆလျှင် မည်သည့် အစိုးရအဆင့်ကမှ အခြားသူများ၏ လုပ်ပိုင်ခွင့်အာဏာကို တစ်ဖက်သတ် မပြင်ဆင်နိုင်ခြင်းနှင့် အစိုးရအဆင့် နှစ်ခုလုံးသည် ၄င်းတို့၏ သဘောတူထောက်ခံချက်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်သို့ ထောက်ပ့ံပေးနိုင်ခြင်း စသည့် ထူးခြားသည့် သွင်ပြင်လက္ခဏာများကို တွေ့ရှိရသည်။ ဥပမာအားဖြင့် အမေရိကန်၊ အိန္ဒိယနှင့် မလေးရှားတို့တွင် လွှတ်တော် နှစ်ရပ်လုံး၌ ပြင်ဆင်ချက်တစ်ခုကို အတည်ပြုရန် အထူး အများစုမဲ လိုအပ်သည်။ အထူး အများစုမဲသည် လက်ခံအတည်ပြုရန် ၅၀% နှင့် အထက် (ဥပမာ ၆၆%) လိုအပ်သည်။ ဆွစ်ဇာလန်နှင့် ကနေဒါတွင်မူ ပြင်ဆင်ချက်တစ်ခုကို အတည်ပြုရန် သာမန် အများစုမဲသာ လိုအပ်သည်။

ထို့အပြင် ဒေသကြီး ဥပဒေပြုလွှတ်တော်တွင် အထူးအများစုမဲ (ဥပမာ အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါ) သို့မဟုတ် ပြည်နယ် ဥပဒေပြုလွှတ်တော်၏ သာမန် အများစုမဲ (ဥပမာ အိန္ဒိယ) သို့မဟုတ် ဆွစ်ဇာလန်နှင့် သြစတေးလျတို့ကဲ့သို့ “နှစ်ဆင့် အများစုမဲ” လိုအပ်သည့် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုထားသည့် ပြင်ဆင်ချက်မျိုးလည်း ရှိသည်။ နှစ်ဆင့် အများစုမဲသည် သီးသန့် စံသတ်မှတ်ချက် နှစ်ခုအရ အများစုမဲ လိုအပ်သည်။ ဥပမာအားဖြင့် သြစတေးလျတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုများသည် ပြည်နယ်များ၏ အများစုမဲ (၆ ခုတွင် ၄ ခု) နှင့် တစ်နိုင်ငံလုံး မဲပေးသူများ၏ အများစုမဲဖြင့် လူထုဆန္ဒခံယူပွဲတွင် အတည်ပြုရမည် ဖြစ်သည်။

ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်နယ်များအား ပြည်ထောင်စုမှ ခွဲထွက်ပိုင်ခွင့်ကို ခွင့်ပြုထားပါသလား။

ခွဲထွက်နိုင်ခြေရှိသည်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စံပြုနိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း မရှိပါ။ ဖက်ဒရယ်ပြည်ထောင်စု အများအပြားတွင် တိုင်းပြည်၏ ထာဝရ ညီညွတ်ရေးကို အခိုင်အမာပြဆိုသည့် သို့မဟုတ် ခွဲထွက်နိုင်ခြေကို ချန်လှပ်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်များ ရှိကြသည်။ အမေရိကန် ပြည်ထောင်စု၊ မက္ကဆီကို၊ ဘရာဇီး၊ နိုင်ဂျီးရီးယားနှင့် စပိန်တို့မှာ သာဓကများ ဖြစ်ကြသည်။

သြစတေးလျ၊ ဂျာမနီနှင့် ဆွစ်ဇာလန်ကဲ့သို့ အခြေအနေများတွင်မူ အဆိုပါ ကိစ္စရပ်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားခြင်း မရှိပါ။ အီသီယိုးပီးယား နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တွင်ကား အငြင်းပွားဖွယ်ရာများ ရှိနေသော်ငြား တစ်မူထူးခြားစွာပင် ခွဲထွက်ပိုင်ခွင့်အတွက် တရားဝင် အခွင့်အရေးတစ်ရပ် ပြဌာန်းထားသည်ကို တွေ့ရသည်။

နိုင်ငံတကာဥပဒေများတွင် ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးရလာခြင်း၏ ရလဒ်အနေဖြင့် လူဦးရေတစ်ရပ်၏ အကြီးအကျယ် လူ့အခွင့်ရေးချိုးဖောက်မှုကဲ့သို့ ကိစ္စရပ်များတွင်သာလျှင်  ခွဲထွက်ပိုင်ခွင့်ကို တရားဝင် တွေ့ရသည်။ ခွဲထွက်ခြင်းသည် နိုင်ငံတကာဆက်ဆံရေးကို မတည်မငြိမ်ဖြစ်စေနိုင်သဖြင့် နိုင်ငံတကာ အသိုက်အဝန်းက ပုံမှန်အားဖြင့် ဆန့်ကျင်သည်။

ဖက်ဒရယ်စနစ်တစ်ခုတွင် ပြည်နယ်များသည် ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရရှိနိုင်ပါသလား။

အရေးကြီးသည်မှာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုစီတွင် လုပ်ပိုင်ခွင့်အာဏာ ခွဲဝေကျင့်သုံးခြင်း၊ မတူညီသည့် အစိုးရအဆင့်ဆင့်ကြား ဆက်ဆံရေးများ၊ အငြင်းပွားမှုများကို ဖြေရှင်းသည့် နည်းလမ်းများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာ နည်းလမ်းများ အပါအဝင် အဓိက အင်္ဂါရပ်များနှင့် ဖက်ဒရယ် ပြည်ထောင်စု၏ အကန့်အသတ်များကို အနှစ်ချုပ်ဖော်ပြထားခြင်း ဖြစ်သည်။ နိုင်ငံတော်အဆင့် မဟုတ်သည့် အစိုးရဖွဲ့စည်းပုံများကို ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ဖော်ပြထားသည်။ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေများမှာ ၄င်းအစိုးရ၏ စနစ်နှင့်အညီ နယ်ပယ်အလိုက် အင်စတီကျူးရှင်းများကို တည်ထောင်ရန် လွယ်ကူသော်လည်း ၄င်းတို့သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီရမည် ဖြစ်သည်။ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေများ အကြားတွင် သိသာထင်ရှားသည့် ကွဲပြားခြားနားမှုများ ရှိနေနိုင်သည်။ (ဥပမာ အချို့မှာ လွှတ်တော် တစ်ရပ်သာ ရှိပြီး အချို့မှာ လွှတ်တော် နှစ်ရပ် ရှိကြခြင်း၊ အချို့မှာ ၄င်းတို့၏ ကိုယ်ပိုင်နိုင်ငံသားအခွင့်အရေးများ ရရှိနေကြသော်လည်း အခြားသူများမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်တွင် တည်မှီနေရခြင်းနှင့် မလေးရှားနိုင်ငံတွင်မူ အချို့မှာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို လိုလားကြပြီး အခြားသူတို့မှာ သမ္မတစနစ်ကို လိုလားကြသည်။)

အနည်းငယ်သော တိုင်းပြည်များတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်နယ်များတွင် အစိုးရ တည်ဆောက်ပုံများဖြင့် ကိုင်တွယ်ဖြေရှင်းသည်။ (ဥပမာ အိန္ဒိယ၊ နိုင်ဂျီးရီးယားနှင့် ပါကစ္စတန်)။

စိုင်းလုံးတစ် ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၂၉၊ ၂၀၂၂