• Today is: Sunday, February 25, 2024

သဘောတူညီချက် အသစ် ရအောင် ပြုလုပ်နေသလော

အိုင်စီဂျီ အစီရင်ခံစာ (၁၃)

(၄) (ခ) သဘောတူညီချက် အသစ် ရအောင် ပြုလုပ်နေသလော

နိုင်ငံလုံး ဆိုင်ရာ အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းနေသော်လည်း ပိုမို ကျယ်ပြန်သည့် ငြိမ်းချမ်း‌ရေး ဆွေးနွေးပွဲများ အဆုံးသတ်သွားပြီဟု ဆိုလိုခြင်း မဟုတ်ပေ။ စစ်တပ်အနေဖြင့် ၎င်းတို့ တိုက်ခိုက်နေရသော စစ်မျက်နှာများ လျော့ကျသွားစေရေး အတွက် လက်ရှိ သဘောတူညီချက်များ ဆက်လက် တည်တံ့နေရန် နှင့် အပစ်ရပ် သဘောတူညီချက် အသစ်များ ရရှိနိုင်ရန် ကြိုးပမ်းနေမှုများ ရှိနေသည်။ အာဏာသိမ်းပြီး မကြာမီမှာပင် မင်းအောင်လှိုင် ဦးဆောင်သော ဗဟိုကော်မတီ အပါအဝင် ငြိမ်းချမ်းရေး အတွက် ညှိနှိုင်း ဆွေးနွေးမည့် အဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ကြသည်။ လုပ်ငန်းအဆင့် ကော်မတီကို သူ၏ လက်ထောက် စိုးဝင်းအား ဦးဆောင်စေပြီး ညှိနှိုင်းရေး ကော်မတီ ကို ရာပြည်ကို ပဲ့ကိုင်စေခဲ့သည်။ ၂၀၂၁ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့တွင် စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်မှ လက်တွေ့ကျသည့် ငြိမ်းချမ်းရေး နှင့် ရလဒ်များ ရရှိရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ပြောလာခဲ့သည်။ ဆိုလိုသည်က ရေရှည် ဆွေးနွေးပြီး နိုင်ငံရေး ဖြေရှင်းချက်တခု ရရှိရေးထက် လောလောဆယ် တိုက်ပွဲများ ရပ်ဆိုင်းသွားရေးကို အဓိက ဦးတည်‌ ရေး ပင် ဖြစ်သည်။

အာဏာသိမ်း အဖွဲ့သည် ဆုပေး ဒဏ်ပေး ပုံစံမျိုး ကျင့်သုံးသွားဖွယ် ရှိသည်၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ အဆုံးသတ်သွားသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ၎င်းတို့ ပြောင်းလဲပစ်ရန် ပြင်ဆင်ထားသည့် နိုင်ငံရေး စနစ်အတွက် မည်သို့ အကျိုးကျေးဇူးများ ရှိလာနိုင်ကြောင်း နားဝင်အောင် ကြိုးပမ်းကြမည် ဖြစ်သည်၊ အထူးသဖြင့် စစ်တပ်သည် မဲအများဆုံး ရရှိသူ အနိုင်ရသည့် လက်ရှိ ရွေးကောက်ပွဲ စနစ် နေရာတွင် အချိုးကျ ကိုယ်စားလှယ် စနစ်နှင့် အစားထိုးရန် ရည်ရွယ်နေခြင်းကို ဖြစ်သည်၊ ထိုစနစ်ဖြင့် NLD အား မလှန်နိုင်အောင် ကြံရွယ်ခြင်း ဖြစ်သော်လည်း တကယ်တမ်းတွင် တိုင်းရင်းသား ပါတီများ ကိုယ်စားပြုနိုင်ခွင့် လျော့နည်းသွားမည့် စနစ်မျိုး ဖြစ်နေသည်။ ၎င်းတို့၏ လက်‌ဝေခံ ပါတီများ နှင့် တိုင်းရင်းသား ပါတီများသာ အကျိုးဖြစ်ထွန်းဖွယ် ရှိနေသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အတွက် တရားဝင်ရော၊ တရားမဝင်သည့် နည်းမျိုးဖြင့် မဖြစ်မနေ လိုက်လျော‌ ပေးဖို့ ရှိနေသည်။ ထိုအထဲတွင် သဘာဝ အရင်းအမြစ်များ တူးဖေါ်ထုတ်ယူခွင့်၊ ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း အလွတ်သဘော အခွန်ကောက်ခံခွင့်ပြုခြင်း နှင့် နယ်ခြား ကုန်သွယ်ရေးများကို ထိန်းချုပ်ခွင့် ပေးခြင်းများ ပါဝင်လာနိုင်သည်။ ၎င်းတို့ ပေးသည်များကို လက်မခံပါက အင်အားသုံးမည်ဟုပါ တပါတည်း ခြိမ်းခြောက်လာနေသည်။ မင်းအောင်လှိုင်သည် NCA နှစ်ပတ်လည် အခမ်းအနား အတွက် ပြောဆိုရာတွင် ၁၉၈၈ နောက်ပိုင်း တပ်မတော် အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်မှု ရရှိခဲ့ခြင်း၊ အထူးသဖြင့် အပစ်အခတ် ရပ်စဲရေး ဖေါ်ဆောင်နိုင်ခဲ့ခြင်းကြောင့် တိုက်ခိုက်မှုများ လျော့ကျသွားပြီး တိုင်းရင်းသား ဒေသများတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ‌ဖေါ်နိုင်ခဲ့သည်ဟု ညွှန်ပြခဲ့ပြီး အဆိုပါ သဘောထားမျိုးကိုပါ အရိပ်အမြွက် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

သို့သော် တိုင်းရင်းသား လူနည်းစုများ ကမူ ၁၉၉၀ နောက်ပိုင်း အပစ်အခတ်ရပ်စဲခဲ့မှုသည် အောင်မြင်ခြင်း မရှိဟု ယူဆခဲ့ကြသည်။ တိုက်ပွဲ ဖြစ်ပွားမှု လျော့နည်း ကျဆင်းသွားခဲ့သော်လည်း နိုင်ငံရေး ဆွေးနွေးမှုများ ပေါ်ပေါက်လာခဲ့ခြင်း မရှိပဲ၊ “အပစ်ရပ် အရင်းရှင်စနစ်” ပေါ်ပေါက်လာပြီး စစ်တပ်နှင့် မဟာမိတ်သဘောမျိုး လက်တွဲလာသည့် တိုင်းရင်းသား ခေါင်းဆောင်များသာ တရားဝင်ရော၊ တရားမဝင်သည့် လုပ်ငန်းများဖြင့် ချမ်းသာ ကြွယ်ဝလာခဲ့ကြသည်၊ အပစ်ရပ် သဘောတူညီချက်များကြောင့် ၁၉၈၈ နှင့် ၁၉၉၀ ရွေးကောက်ပွဲများ အတွင်း ပေါ်ပေါက်လာသည့် ဒီမိုကရေစီ အင်အားစုများ နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ အကြား မဟာမိတ် ပုံစံ ရပ်တည်ခဲ့မှုသည်လည်း ပြိုကွဲသွားခဲ့ရသည်။ ယခင် စစ်အစိုးရက အပစ်အခတ် ရပ်စဲရေးသည် ၎င်းတို့ သက်တမ်း အတွင်း အဓိက အောင်မြင်မှုကြီး အဖြစ် ရှုမြင်ခဲ့ကြောင်း ထင်ရှားသော သုတေသီ တဦး ဖြစ်သည့် မာတင် စမစ်က သုံးသပ်ခဲ့သည်။

အကယ်၍ ၎င်းတို့ ကြိုးစားနေသလို အပစ်အခတ် ရပ်စဲရေး ရရှိမည် ဆိုကလည်း တဖွဲ့ချင်းစီ သဘောမျိုးသာ ဖြစ်ပေလိမ့်မည်၊ ထို့အပြင် နိုင်ငံရေးအရ အဖြေရှာရေး ထက် လုံခြုံရေးပိုင်းကို အလေးပေးမည့် သဘောတူညီချက်မျိုးလည်း ဖြစ်သည်။ ၁၉၉၀ နောက်ပိုင်းမှာ ကဲ့သို့ပင် ယင်းကို ဆန့်ကျင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များလည်း အကျပ်ရိုက်လာဖွယ်ရှိနေသည်၊ အကယ်၍ အခြားအဖွဲ့များက သဘောတူညီချက် ရရှိသွားပါက ၎င်းတို့ အဖို့ ထီးထီးကြီး ရပ်တည်သွားရမည့် အပြင် လက်အောက်ခံ တပ်များအတွင်း တွင်လည်း စစ်တပ်နှင့် အပစ်ရပ်ရေး လိုလားသူများ ရှိလာနိုင်သောကြောင့် အကွဲအပြဲ များ ဖြစ်လာနိုင်ဖွယ် ရှိနေပြန်သည်။

စစ်အာဏာသိမ်း အဖွဲ့သည် ထိုလုပ်ငန်းများကို အတိုင်းအတာ တခုအထိ စလာခဲ့ပြီ ဖြစ်သည်။ အာဏာသိမ်းပြီးချိန်ကစ၍ စစ်တပ်၏ ငြိမ်းချမ်းရေး အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီးနှင့် ဆယ့်ငါးကြိမ် ခန့် ဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့ နှင့် မျက်နှာခြင်းဆိုင် ဆွေးနွေးရန် မလိုလားသူများအားလည်း ကြားခံလူများ ဖြစ်သည့် ဘာသာရေး ခေါင်းဆောင်များ၊ မြို့ပြလူ့အဖွဲ့အစည်းများက တဆင့် ကြိုးစားလာခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များသည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် စာတမ်း နှင့် ပတ်သက်ပြီး NUG/CRPH တို့နှင့် သဘောကွဲလွဲမှုများ ရှိနေခဲ့သော်ငြားလည်း ဆက်လက်၍ ဆွေးနွေးရန် လိုလားနေကြဆဲ ဖြစ်၍ စစ်တပ် အနေဖြင့် တဖွဲ့ချင်းစီနှင့် အပစ်ရပ် သဘောတူညီချက်များ ဖေါ်ဆောင်ပြီး ဖဲ့ထုတ်ရန် ကြိုးပမ်းမှုများသည် ယခုအချိန်အထိ အောင်မြင်ခြင်း မရှိသေးပေ။

၂၀၂၁ စက်တင်ဘာ ၂၇ ရက်နေ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ၎င်းတို့ဖက်မှ တဖက်သတ် အပစ်ရပ်စဲထားမည့် ကာလကို နောက်ထပ် ငါးလ ၂၀၂၂ ဖေဖေါ်ဝါရီ ၂၈ အထိ တိုးမြှင့်ကြောင်း ကျေညာလာခဲ့သည်။ အပစ်ရပ်ရေးအား ရှင်းလင်းစွာ ပြောဆိုထားခြင်း မရှိသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုသာ ရည်ညွှန်းခြင်း ဖြစ်ပြီး NUG, CRPH, PDF ကဲ့သို့ အဖွဲ့အစည်းများ မပါဝင်ပေ။ ထိုကျေညာချက်တွင် ၎င်းတို့အား “အကြမ်းဖက်သမားများ” အဖြစ် ဖေါ်ပြ ပါရှိလာခဲ့သည်။ ယင်းသည် နိုင်ငံ အလယ်ပိုင်းတွင် အသစ်ပေါ်ပေါက်လာသော ပုန်ကန်မှုများအား တိုက်ခိုက်ရန် နှင့် မြို့ကြီးများ နှင့် ကျေးလက်များရှိ မြေအောက် လက်နက်ကိုင် ကွန်ယက်များ ပျက်ပြားသွားရေးတို့တွင် အာရုံစိုက်နိုင်ရန် အတွက် တည်ရှိပြီးသော လက်နက်ကိုင် အုပ်စုများ နှင့် တိုက်ပွဲများ အရှိန်လျော့ကျသွားစေရန် ကြိုးပမ်းလာမှု အဖြစ် အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြသည်။ အာဏာသိမ်း အဖွဲ့သည် နောက်ထပ် အုပ်စုများ ကို NCA အား ပါဝင်လက်မှတ်ထိုးရန် မိမိတို့ ဆန္ဒရှိကြောင်း အလေးအနက် ပြောဆိုလာသော်လည်း ယခင်က NCA ဆွေးနွေးပွဲများတွင် မပါဝင်သည့် AA, TNLA, MMDAA တို့နှင့်မူ “သီးခြား အစီအစဉ်များ” ပြုလုပ်သွားမည်ဟု ပြောဆိုလာခဲ့သည်။ မည်သို့ စီစဉ်မည်ကို အတိအကျ ရည်ညွှန်းခြင်း မရှိသော်လည်း ယင်းသည် သဘောတူညီချက် ပုံစံတမျိုးမျိုး ရရှိရန် ပြောလိုခြင်း ဖြစ်ပေမည်။

တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားလာနေသည့် တိုင်းရင်းသား လူနည်းစုများ နေထိုင်ရာ ဒေသများတွင် အသစ်ဖွဲ့စည်းလာသည့် လက်နက်ကိုင် အဖွဲ့များနှင့်ပါ အပစ်ရပ်စဲရေး အတွက် ဒေသခံ ရပ်မိရပ်ဖများမှတဆင့် ဆွေးနွေးရန် လိုလားနေသည် အချက်ကလည်း အရေးပါလာသည်။ ဥပမာ အားဖြင့် ချင်းပြည်နယ် တောင်ပိုင်း မင်းတပ် တွင် စစ်တပ်အရာရှိများက မြို့မိမြို့မ ခေါင်းဆောင်များနှင့် အလွတ်သဘော သဘောတူညီချက် အများအပြား ပြုလုပ်လာခဲ့သည်။ အလားတူ တောင်ကြီး မြို့တွင်လည်း ၂၀၂၁ ဇွန်လ အတွင်း ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ များ၏ တစိတ်တပိုင်း နှင့်လည်း ဘာသာရေး ခေါင်းဆောင်များ ဝင်ရောက် ဖြန်ဖြေပေးမှုဖြင့် အလားတူ ပုံစံ သဘောတူညီချက် ရရှိခဲ့သည်။ ဤသည်ကို ကြည့်က တိုင်းရင်းသား လူနည်းစုများ နေထိုင်ရာ ဒေသများရှိ တပ်ဖွဲ့များနှင့် ဗမာ အများစု နေထိုင်ရာ အရပ်များရှိ PDF များနှင့် ခွဲခြားဆက်ဆံလိုပုံရသည်၊ PDF များသည် ၎င်းတို့နှင့် ဆွေးနွေးရန် ငြင်းပယ်ထားခဲ့ပြီး ဖြစ်သည်။

သို့သော် မည်မျှပင် ကွဲလွဲနေစေကာမူ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ အကြား ဆက်လက် ပူးပေါင်းနေမှုများ နှင့် နိုင်ငံအနှံ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများ အစစ်အမှန် ပေါ်ထွန်းလာနေမှုများကို ထောက်က ထိုသို့ ခွဲခြားမှုများသည် မည်သို့မျှ ရှင်းလင်းစွာ သတ်မှတ်နိုင်မည် မဟုတ်ပေ။ ဥပမာအားဖြင့် ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်များသည် NUG လက်အောက်ခံ PDF များနှင့် ၎င်း၊ ချင်းပြည်နယ် တောင်ပိုင်းရှိ ချင်းလန်း ကာကွယ်ရေး တပ်များသည် အနီးအနားရှိ မြန်မာအများစု နေထိုင်ရာ မကွေးတိုင်း အတွင်းရှိ ယော ကာကွယ်ရေး တပ်များနှင့်၎င်း အတူတကွ တိုက်ခိုက်နေခြင်းမျိုး ဖြစ်သည်။

လက်တွေ့အားဖြင့် ထိုသို့ နားလည်မှု ပုံစံမျိုးနှင့် အပစ်အခတ်ရပ်စဲရေးမျိုးသည် ပျက်ပြားသွားခဲ့ပြီး ဖြစ်သည်၊ စစ်တပ်၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသည် မည်သို့မျှ သိသာထင်ရှားသော အကျိုးကျေးဇူးများ ထွက်ပေါ်လာခြင်း မရှိပေ။ မင်းတပ် နှင့် ကယားပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပေါ်လာခဲ့သည်။ အသစ်ပေါ်ပေါက်လာသော ချင်းလန်း ကာကွယ်ရေး တပ်များနှင့် ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ များ၏ ဖွဲ့စည်းပုံသည် စစ်တပ်၏ ယခင်ရန်ဖက်များ နှင့် သိသာစွာ ကွဲပြားလာခဲ့သည်။ ၎င်းတို့သည် အဖွဲ့အစည်း တခုတည်း သဘောမျိုး မဟုတ်ပဲ ပြည့်သူ့စစ် အဖွဲ့ အသီးသီး ပူးပေါင်း ဖွဲ့စည်းထားခြင်းမျိုး ဖြစ်ပြီး အဆိုပါ ဒေသများရှိ ယခင် ရှိနှင့်ပြီးသော လက်နက်ကိုင် တပ်များနှင့် မပတ်သက်ပဲ သီးခြား လှုပ်ရှားလာခဲ့သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်သူတဦးက “အပစ်အခတ် ရပ်စဲရေး ရရှိဖို့က ဘယ်သူနဲ့ ဆွေးနွေးနေတာလဲ သိဖို့လိုသော်လည်း အုပ်စုသစ်များနှင့်မူ ဘယ်သူ ခေါင်းဆောင်မှန်းပင် မသိနိုင်” ဟု ထောက်ပြခဲ့သည်။

Hla Soewai (လှစိုးဝေ)
ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၃၀၊ ၂၀၂၂