• Today is: Thursday, March 28, 2024

ကုလ လူ့အခွင့်အရေး အဖွဲ့ အကြီးအကဲ၏ ပန်ကြားချက်

ကုလ လူ့အခွင့်အရေး အဖွဲ့ အကြီးအကဲ၏ ပန်ကြားချက်

ကုလ လူ့အခွင့်အရေး အဖွဲ့ အကြီးအကဲ မီချယ် ဘချက်လက်သည် ကမ္ဘာခေါင်းဆောင်များမှ မြန်မာရှိ စစ်အုပ်ချုပ်ရေး သမားများကို ပြည်သူများ အပေါ် အကြမ်းဖက်နေသည့် လုပ်ရပ်များ ချက်ချင်း ရပ် တန့်သွားအောင် နှင့် အရပ်ဖက်သို့ အုပ်ချုပ်ရေး အာဏာလွှဲပြောင်းပေးလာရန် ဖိအားများ တိုးမြှင့် ပြု လုပ်သွားဖို့ ယနေ့တောင်းဆိုလိုက်ပြီ ဖြစ်သည်။

အာဏာသိမ်းပြီး တနှစ်ကာလ အတွင်း လူထု အနေဖြင့် အသက်များ ပေးဆပ်ခဲ့ရပြီး လွတ်လပ်ခွင့်များ ဆုံးရှုံးသွားခဲ့ရသည့် အထိ တန်ဖိုးကြီးကြီး ပေးဆပ်နေကြရကြောင်းလည်း ထည့်သွင်း ပြောဆို သွား ခဲ့သည်။

ထိုအဖြစ်ကို တကမ္ဘာလုံးနီးပါး ဝိုင်းဝန်း ရှုတ်ချနေကြသော်လည်း ဖြစ်ပေါ်နေသော အကျပ်အတည်း ကြီး၏ အတိုင်းအတာနှင့် လျှော်ညီစွာ အရေးတကြီး ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့၍ နိုင်ငံတကာ၏ တုန့်ပြန်မှုများသည် “ထိရောက်မှု မရှိ” ဟု သုံးသပ်လိုက်သည်။

ကုလ လုံခြုံရေးကောင်စီ နှင့် အာဆီယံတို့မှ အနည်းဆုံး လူသားချင်း စာနာသည့် အကူအညီများ ဝင် ရောက်ပေးနိုင်ရေး အတွက် အဆင်ပြေအောင် လုပ်ဆောင်သင့်သည်ဟု ဆိုသည်။

မိမိတို့ကို ပြစ်မထားကြရန် နိုင်ငံ အတွင်းရှိ ပြည်သူများ၏ လွတ်လပ်ခွင့် အတွက် တိုက်ပွဲ ဝင်နေသူ များက သူ့အား ပန်ကြားခဲ့ကြကြောင်း ယခင် ချီလီ သမ္မတဟောင်း ဖြစ်သူ မစ္စက် ဘချက်လက် မှ ပြောသည်။

ထိုသို့ ပြစ်မှု ကျူးလွန်နေသူများကို အရေးမယူနိုင်သမျှ နိုင်ငံ အတွင်း တည်ငြိမ်မှု ရှိလာမည်ဟု မျှော် လင့်နေခြင်းသည် စိတ်ကူးယဉ်ခြင်း သက်သက်သာ ဖြစ်မည်ဟု လည်း ပြောသွားခဲ့သည်။

ကုလရှိ တရုတ် သံအမတ်ကြီးမှ မြန်မာနှင့် ပတ်သက်၍ အဓိက ရည်မှန်းချက် ထား လုပ်ဆောင်ရမည့် အရေးသည် ပိုမို အကြမ်းဖက်မှုများမှ တဆင့် ပြည်တွင်းစစ်ကြီး ဆီ ဦးတည်လာမည့် အရေးကို ရှောင် ရှားနိုင်ရန် ဖြစ်သည်ဟု ကုလလုံခြုံရေး ကောင်စီ မှ  မြန်မာ အရေး နှင့် ပတ်သက်၍ အာဆီယံ အထူး သံတမန် နှင့် ကုလ အထူးသံတမန် တို့၏ တင်ပြချက်များကို တံခါးပိတ် ကြားနာပွဲအပြီး ယခုလို သတင်းထောက်များအား ထုတ်ဖေါ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အားလုံး ယူဆထားသည့် အတိုင်းပင် ဟွန်ဆန်၏ အားထုတ်မှုများကို ဘီဂျင်းမှ ကြိုဆို ကြောင်းနှင့် သူ၏ ခရီးစဉ်သည် လုံးဝကောင်းမွန်ပြီး အကျိုး ဖြစ်ထွန်းခဲ့သည်ဟု တရုတ် သံအမတ်က ပြောလာ ခဲ့သည်။

အာဆီယံ အထူး သံတမန်ဖြစ်သူ ‌ပရာ့ ဆော့ဟွန်က စစ်အာဏာသိမ်း အဖွဲ့ ပြော‌စေချင်သည်များကို ပေးထားသည့် အတိုင်း  ကုလ လုံခြုံရေးကောင်စီ တွင် ထွက်ဆိုသွားခဲ့ခြင်းထက် မပိုပေ။

၎င်းမှ ဟွန်ဆန်၏ ခရီးစဉ် အပေါ် အမြင်မကြည်လင်၍ ရွှေ့ဆိုင်းခံလိုက်ရသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ အပန်းဖြေ စခန်း ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ ၁၆-၁၇ တွင် ပြန်လည် ကျင်းပသွားမည် ဖြစ် ပြီး မြန်မာသို့ အာဆီယံ အထူး သံတမန် အဖြစ် မကြာမီ သွားရောက်မည် ဖြစ်ကြောင်း လည်း ဆိုသည်။ သို့သော် ထိုအစည်းအဝေးသို့ စစ်အာဏာသိမ်း အဖွဲ့၏ နိုင်ငံခြားရေးရာ တာဝန်ခံအား ဖိတ်ကြားရန် ရှိ၊ မရှိ ကိုမူ ထည့်သွင်းပြောဆိုသွားခြင်း မရှိပေ။

အာဆီယံသည် မြန်မာ အရေးတွင် သာမက တောင်တရုတ်ပင်လယ် ပြဿနာတွင်လည်း တရုတ် ကိုယ် စားပြု ကမ္ဘောဒီယား၏ ကဖျက်ယဖျက် လုပ်လာမှု နှင့် ရင်ဆိုင်ရစရာ ရှိလာနေပြီ ဖြစ်သည်။

တရုတ်အား မျက်နှာလို မျက်နှာရ လုပ်လိုဇောဖြင့် ကြံရာမရ ဖြစ်ကာ တရုတ် ရေနံ နှင့် ဓါတ်ငွေ့ ပိုက် လိုင်းများ အနီး ‌မြေမြှုပ်မိုင်းများ ချထားမှုသည် တရုတ် အတွက် ကာကွယ်ရာ မရောက်သည့် အပြင် အန္တရာယ်ကို လက်ယပ်ဖိတ်ခေါ်နေသလို ဖြစ်နေသည်ဟု အမေရိကန် ရှိ ငြိမ်းချမ်းရေး အင်စတီကျု မှ မြန်မာအရေး သုံးသပ်သူ ဂျေဆန် တာဝါက ပြောကြောင်း ဟောင်ကောင်ထုတ် South China Morning Post သတင်းစာတွင် ဖေါ်ပြခဲ့သည်။

ဓါတ်ငွေ့ ပိုက်လိုင်းများကို ပိုင်ဆိုင်ထားသည့် တရုတ် အစိုးရ၏ နိုင်ငံပိုင် ရေနံ ကုမ္ပဏီကြီးဖြစ်သည့် CNPC မှ သဘောတူ ခဲ့မည် ဆိုလျှင်ပင် ဒေသခံ ပြည်သူများ ထိခိုက်နစ်နာမည့် အရေးတွင် ကြံရာပါ အဖြစ် ရောက်သွားလိမ့်မည် ဟု လည်း ဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတ ကြီးအား အာဏာမှ ဖယ်ရှားလိုက်ရုံဖြင့် ယခင်အတိုင်း အနှောက် အယှက် မရှိ ဆက်အုပ်ချုပ်သွားနိူင်မည် ဆိုသည့်အပေါ် ယုံကြည်ကာ မိုက်မဲလှစွာဖြင့် တံခါးကို ကန် ဖွင့်ခဲ့ရှာသော မင်းအောင်လှိုင် နှင့် စစ်ဗိုလ်ချုပ်များ အတွက်က ၎င်းတို့ အပေါ် နိုင်ငံတကာ မှ လူလိုသူလို ဆက်ဆံခံနိုင်ဖို့ အရေး သည် တနှစ်ကြာလာသည့်တိုင် မည်သို့မျှ အောင်မြင်မှု မရရှိသေးသည့်အပြင် တဖက်မှလည်း သံတမန်ရေး နှင့် စစ်ရေးဖက်တွင် ဖိအားပေးလာမှုများကို အလူးအလဲ ရင်ဆိုင်လာ နေရပြီ ဖြစ်သည်။

ဂျိမ်း ကာကွယ်ရေး စာစောင်ကြီး အတွက် လုံခြုံရေး ဆိုင်ရာ သုတေသီ အဖြစ် တာဝန်ယူထားသူ အန်ထိုနီ ဒေးဗီစ် က ၎င်းတို့အဖို့ အင်ပါယာ ပြည့်ရှင် ဘဝ ရောက်လာရသော်လည်း လူတောထဲ မထွက် ဝံ့အောင် အဝတ်အစား မရှိ ကိုယ်လုံးတီး ဖြစ်နေသည် နှင့် အတူတူ ဖြစ်နေကြောင်း မှတ်ချက်ချခဲ့သည်။

လက်ရှိတွင် စစ်တပ်မှ အိမ်ထဲနေသူများပင် ဖမ်းဆီးသတ်ဖြတ်မည်ဟု နေ့စဉ်လို ခြိမ်းခြောက် နေသော် ငြားလည်း ရန်ကုန်ရှိ ငါးသန်းခန့် ရှိသော လူများကို ဖမ်းဆီးနိုင်ကြမည်လောဟု မေးခွန်း ထုတ်လာ ကြသည်။

တဆက်တည်းမှာပင် တော်လှန်ရေး အင်အားစုများက ရန်ကုန်ရှိ ပြစ်မှတ်အများအပြားကို တိုးမြှင့် တိုက်ခိုက်လာနေကြပြီ ဖြစ်သည်။

အာဏာသိမ်းခဲ့သည်မှာ တနှစ်ပြည့်လာသော်လည်း ပြည်သူများက စစ်တပ်၏ အကြောက်တရားဖြင့် အုပ်ချုပ်လာမှုကို ခေါင်းငုံ့မခံကြတော့ဘဲ ၎င်းတို့ကို မောင်းထုတ်မှ ဖြစ်မည်ဟူသော သန္နိဋ္ဌာန်ကို ခိုင်မြဲစွာ စွဲကိုင်ထားနေဆဲ ဖြစ်၍ စစ်တပ်အဖို့ မရှူသာ မရှိုက်သာ ဖြစ်နေရဆဲ ဟု မြန်မာ အရေး အတွက် Alternative Asean Network ကို တည်ထောင်ခဲ့သူ ဒက်ဘီ စတိုဟတ် က ဩစတေးလျှ ABC သတင်းဌာနနှင့် တွေ့ဆုံခန်းတွင် သုံးသပ်သွားခဲ့သည်။

ဤသည်ကို တုန်လှုပ်လာနေသော စစ်အာဏာသိမ်း အဖွဲ့သည် ဂမူးရှူးထိုး ဖြင့် ပြည်သူများ အပေါ် ရက်စက်ကြမ်းကြုပ်လှသည့် နည်းလမ်းမျိုးစုံဖြင့် နှိမ်နှင်းရန် ကြိုးပမ်းလာနေသော်လည်း ၎င်းတို့ကို ရဲဝံ့စွာ ဆန့်ကျင်လာအောင် စုစည်း ပေးသလို ဖြစ်လာခဲ့ရသည်ဟု လည်း ဆိုသည်။

Hla Soewai (လှစိုးဝေ)

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၃၁၊ ၂၀၂၂