• Today is: Thursday, May 30, 2024

မေ့လျော့ခံ ဖြစ်လာနိုင်သည့် မြန်မာ အရေး

“မေ့လျော့ခံ ဖြစ်လာနိုင်သည့် မြန်မာ အရေး”

ကမ္ဘာအလုပ်သမား အဖွဲ့ချုပ် ILO မှ ၂၀၂၁ အတွင်း မြန်မာတွင် အလုပ်သမား ၁.၆ သန်း ခန့် အလုပ်အကိုင်များ ဆုံးရှုံးသွားကြောင်း သောကြာနေ့က အစီရင်ခံစာ ထုတ်ပြန်လာခဲ့သည်။

မြန်မာ စီးပွားရေးသည် ၂၀၂၂ တလျှောက်လုံးနီးပါး ဆက်လက် အားပျော့နေမည် ဖြစ်ပြီး အာဏာသိမ်းခဲ့မှု ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ၏ ဒဏ်ကို မည်မျှ အထိ ခံနိုင်မည် ဆိုသည်ကို စမ်းသပ်ခံ ရမည့် နှစ်လည်း ဖြစ်သည်ဟု ကမ္ဘာဘဏ်မှ ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

အမျိုးသား ညီညွတ်ရေး အစိုးရမှ မိမိတို့ကို အမေရိကန် ပြည်ထောင်စုမှ ဆက်လက်ထောက်ခံမှု ပေးရန် တိုက် တွန်းကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ အမေရိကန် နိုင်ငံခြားရေး ဌာန အကြံပေး ဒဲရက် ရှိုလေး နှင့် အွန်လိုင်းမှ တွေ့ဆုံ ဆွေးနွေးရာတွင် တိုက်တွန်းသွားခဲ့သည်။

ထိုသို့သော အနေအထားများတွင် ပြည်သူများက မိမိတို့ ဘဝ စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး အတွက် အံကို ခဲကာ ဆက်လက် ရုန်းကန်နေရချိန်၌ နိုင်ငံတကာ မှ မြန်မာ အရေးအား ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ လစ်လျူရှု လာ နိုင်သည့် အန္တရာယ် နှင့် ရင်ဆိုင်လာရဖွယ် ရှိသည်ဟု အီကော်နော်မစ် မဂ္ဂဇင်းကြီးမှ Myanmar’s Grinding Conflict Is At Risk OF Being Forgotten ခေါင်းစဉ်ဖြင့် အယ်ဒီတာ အာဘော် အဖြစ် ယခုလို ရေးသား အကြံ ပြုလာခဲ့သည်။

ဗိုလ်ချုပ်ကြီး များက ဒီမိုကရေဆန်ဆန် အုပ်ချုပ်မှုကို ခွင့်ပြုလာခဲ့သည့် ဆယ်စုနှစ် တလျှောက်လုံး မြန်မာသည် ဖွံ့ဖြိုးကြွယ်ဝလာသည့် အဖြစ်သို့ တက်လှမ်းလာခဲ့သည်။ နိုင်ငံတွင်းရှိ လက်နက်ကိုင် အဖွဲ့များ ထဲမှ တဝက်နီးပါး နှင့်လည်း အပစ်အခတ် ရပ်စဲ‌ရေး သဘောတူညီချက် ရရှိလာခဲ့သည်။ ဆင်းရဲမှု နှုန်း ကျဆင်းလာခဲ့ကာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တရဟော ဝင်ရောက်လာနေခဲ့သည်။

စီးပွားရေးသည် တနှစ်လျှင် ၆.၆% တိုးတက်လာနေပြီး လူလတ်တန်းစား များ ထွက်ပေါ်လာခဲ့သည်။

သို့သော် တနှစ်ဆိုသော အချိန်ကာလအတွင်း မှာပင် ဗိုလ်ချုပ်ကြီးများသည် ဆယ်နှစ်ကာလ ရရှိခဲ့သော ဖွံ့ဖြိုး တိုးတက်မှု များကို ရိုက်ချိုး ဖျက်ဆီးပြစ်ခဲ့ကြသည်။ အလုပ်အကိုင် ရရှိမှု နှုန်း ကျဆင်းလာခဲ့သည်။ တနေ့ကို တစ်ဒေါ်လာ နှုန်းထား ဝင်ငွေဖြင့် ရုန်းကန်နေရသည့် မိသားစုများလည်း နှစ်ဆ တိုးလာခဲ့ပြီး လူဦးရေ စုစုပေါင်း ၏ တဝက်နီးပါးကို ရိုက်ခတ်လာနေပြီ ဖြစ်သည်။ မြို့ကြီးများတွင် သုံးဆနီးပါး မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် ငါးလ အတွင်း ငွေတန်ဖိုးသည် ၆၀% ကျဆင်းသွားခဲ့ရသည်။ စီးပွားရေးသည် ကပ်ရောဂါကြီးနှင့် အတူ အာဏာ မသိမ်းမီက ခန့်မှန်းခဲ့သည်ထက် ၃၀% ကျဆင်းသွားမည်ဟု ခန့်မှန်းခဲ့ကြသည်။ လျှပ်စစ်ဓါတ်အား ပြတ်တောက် မှုမှာ နေရာအနှံ့တွင် တွေ့လာရသည်။ တကယ်တမ်းတွင် ကျောင်းများကို ပိတ်ထားသလို အဖြစ်နှင့် ကြုံလာခဲ့ ရသည်။

ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အလုအယက် တိုးဝှေ့ ထွက်ခွာနေကြသည်။ ယခင် စစ်အစိုးရ အဆက်ဆက်နှင့် လုပ်ကိုင်ရန် စိတ်မသိုး မသန့်  ဖြစ်ခဲ့ခြင်း မရှိသည့် ပြင်သစ်ပိုင် တိုတယ် ကုမ္ပဏီကြီးသည် နိုင်ငံမှ လုပ်ငန်းများ ရပ်ဆိုင်းတော့မည်ဟု ဇန်နဝါရီလ ထဲမှာပင် ကြေညာလာခဲ့သည်။ ယင်းနှင့် အတူ အမေရိကန်၏ ချေဗရွန် နှင့် ဩစတေးလျှ မှ ဝုဒ်ဆိုဒ် ရေနံ ကုမ္ပဏီများလည်း နောက်က လိုက်လာခဲ့ကြသည်။ အိန္ဒိယ၏ ကုမ္ပဏီကြီး ဖြစ်သော အဒါနီ သည် ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့၊ တရုတ် ကုမ္ပဏီ အုပ်စု Ant Group သည်လည်း ဘဏ်လုပ်ငန်းများ အား ကွန်ပျူတာ ဆော့ဖ်ဝဲယားများ ပံ့ပိုးပေးနေသည့် ပြည်တွင်း ကုမ္ပဏီ တခု တွင် အစုစပ်ဝင်ရန် စီစဉ်ထားမှု ကို ရပ်ဆိုင်းခဲ့ပြန်သည်။

အခြေအနေများ ဆိုးသည်ထက် ဆိုးလာနေချိန်တွင်ပင် စစ်တပ်သည် ၎င်းတို့ အုပ်ချုပ်ရေးအား တွန်းလှန် နေမှု များကို နေရာအနှံ့ အင်အားသုံး၍ နှိမ်နှင်းကောင်းနေဆဲပင် ဖြစ်သည်။ အာဏာသိမ်း ‌ခေါင်းဆောင် မင်းအောင် လှိုင် ကိုယ်တိုင် သွေးချောင်းစီးမှုကြီး ကို ဦးဆောင်လာခဲ့သည်။ စစ်သားများက မြို့များကို မီးရှို့ဖျက်ဆီးပြီး ဒေသခံ အရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်လာကြသည်။ ထိုသို့ အရပ်သားများအပေါ် အကြမ်း ဖက်မှု ကျူးလွန်နေခြင်းသည် လူသားများ အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှု မြောက်ကြောင်း ကုလသမဂ္ဂမှ ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

ဖာသိဖာသာ နေခဲ့ကြသည့် ပြည်သူ အချို့ပင်  လက်နက်စွဲကိုင်လာခဲ့ကြသဖြင့် နိုင်ငံတဝှမ်း အကြမ်းဖက်မှုများ တိုးမြှင့်လာခဲ့ရသဖြင့် လူ လေးသိန်း ခန့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။

ကမ္ဘာကြီးသည် မြန်မာကို မေ့လျော့စ ပြုလာနေပြီ ဖြစ်သည်။ အနောက်နိုင်ငံများသည် သူတို့၏ ပြည်တွင်းရေး ပြဿနာများကို အာရုံစိုက်နေကြရသည်။ တရုတ်၏ ရန်လိုမှုများ တိုးမြှင့်လာနေပြီး ဥရောပ တွင်လည်း စစ်ရိပ် စစ်ငွေ့များ ယှက်သန်းလာနေချိန်လည်း ဖြစ်သည်။

မြန်မာ၏ အိမ်နီးချင်း နိုင်ငံကြီးများ ဖြစ်သော တရုတ် နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးသည် မြန်မာ အရေးတွင် ပါဝင်ပတ် သက်ရန် မလိုလားကြပြန်ပေ။ အာဆီယံသည်လည်း ပြဿနာ ဖြစ်နေသော အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့် မြန်မာအပေါ် မည်သို့ ကိုင်တွယ်ရမည် ဆိုသည်နှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲနေကြသည်။ ယခုအချိန်အထိ အဆိုပါ အဖွဲ့ကြီး၏ အပြင်းထန်ဆုံး တုန့်ပြန်မှုသည် မင်းအောင်လှိုင်အား ထိပ်သီး တွေ့ဆုံပွဲများကို တက်ရောက်ခွင့်ပြုရန် ငြင်းဆန်ခဲ့ကြခြင်းပင် ဖြစ်သည်။ ယင်းသည် အာဆီယံ၏ စံနှုန်းအရ ဆိုက ကြီးမားသော ခြေလှမ်းကြီး လှမ်း လိုက်ခြင်းဟု ပြော၍ရပေသည်။ သို့သော် လိုအပ်သည်များ လုပ်ဖို့ အရေးကိုတော့ လစ်လျူရှုနေဆဲ ဖြစ်သည်။

ထိုသို့ နှုတ်ဆိတ်နေကြခြင်းသည် မြန်မာ အိမ်နီးချင်းနိုင်ငံများ အတွက် အကျိုးနည်းဖို့သာ ဖြစ်လာရသည်။ သောင်းချီသော ဒုက္ခသည်များသည် ထိုင်း နှင့် အိန္ဒိယ သို့ စုပြုံဝင်ရောက်လာကြသည်။ အကြမ်းဖက်မှုများ နှင့် မူးယစ်ဆေးများလည်း စိမ့်ဝင်ယိုစီးလာနေသည်။ မူးယစ်ဂိုဏ်းများက နိုင်ငံအတွင်း ကမောက်ကမ ဖြစ်နေမှု များကို အခွင့်ကောင်း တရပ်အဖြစ် အသုံးချကာ မက် ခေါ် မီသမ်ဖန်တမီး ဆေးပြားများကို တိုးမြှင့် ထုတ် လုပ်လာနေကြသဖြင့် အရှေ့တောင်အာရှ နိုင်ငံ ဈေးကွက်များသို့ တရဟော ဝင်ရောက်လာခဲ့သည်။

ခုခံတွန်းလှန်နေသည့် အင်အားစုများက တရုတ်သည် စစ်အာဏာသိမ်း အဖွဲ့အား ထောက်ခံနေသည်ဟု ခံယူ လာပြီး တရုတ်၏ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများကို တိုက်ခိုက်လာကြသည်။ ထိုအထဲတွင် နီကယ် စက်ရုံကြီး နှင့် ဘင်္ဂလား ပင်လယ်အော်မှ သွယ်တန်းထွားသော ရေနံပိုက်လိုင်းများပင် ပါဝင်လာခဲ့သည်။

အနောက်နိုင်ငံများ အနေဖြင့် ပါဝင် ပတ်သက်ရန် စိတ်မပါ လက်မပါ ဖြစ်နေခဲ့လျှင်တောင်မှ စစ်အာဏာသိမ်း အဖွဲ့ အား စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းသို့ ရောက်လာအောင်တော့ လုပ်ပေးနိုင်စွမ်း ရှိနေသည်။ ဇန်နဝါရီ ၂၆ ရက်တွင် အမေရိကန်မှ မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်နေကြသော လုပ်ငန်းများ အဖို့ “ဂုဏ်သိက္ခာအရရော၊ ဘဏ္ဍာရေးအပြင် ဥပဒေကြောင်းအရပါ” ထိခိုက်နစ်နာလာဖွယ် ရှိနေသည်ဟု သတိပေးချက် ထုတ်ပြန်လာ ခဲ့သည်။

အမေရိကား နှင့် ဥရောပ တို့သည် ဗိုလ်ချုပ်ကြီးများက ထိန်းချုပ်ထားသည့် လုပ်ငန်းများကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူလာခဲ့သည်။ ထိုနိုင်ငံများ အနေဖြင့် ရေနံ နှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီကြီးမှ ဝင်ငွေများ လက်ခံရရှိ နေသည့် အစိုးရ ဌာနများကိုပါ ပိတ်ဆို့ အရေးယူသင့်သည်။ ယင်းသည် စစ်အာဏာသိမ်း အဖွဲ့ အတွက် နိုင်ငံခြား ဝင်ငွေ အများဆုံး ရရှိနေသည့် နေရာလည်း ဖြစ်သည်။ စစ်အာဏာသိမ်း အဖွဲ့ နှင့် ဆက်စပ် လုပ်ကိုင်နေသည့် ကုမ္ပဏီများလည်း ရွှေ့ပြောင်း ရင်းနှီးမြှုပ်နှံသင့်သည်။

ယင်းသည် အစပျိုးရုံ အဆင့်ပင် ရှိသေးသည်။ ယခင် စစ်အစိုးရများက အနောက်နိုင်ငံ ဖိအားများကို ပမာမခန့် လုပ်ခဲ့ကြပြီး ဖြစ်သည်။ မြန်မာ၏ အိမ်နီးချင်း အာရှ နိုင်ငံများသည် ၎င်းတို့ အပေါ် ပို၍ ဩဇာ လွှမ်းနိုင်သည့် အနေအထားတွင် ရှိနေသည်။ သို့သော် အိန္ဒိယသည် မြန်မာအား တရုတ်လက် အပ်ပေးလိုက်ရသလို ဖြစ်မည့် အရေးကို စိုးရွံ့နေ၍ မြန်မာကို လက်နက်များ ဆက်လက်ရောင်းချပေးနေပြီး ဒုက္ခသည်များနှင့်ပတ်သက်၍ နယ်ခြားကို ပိတ်ထားခဲ့ကြသည်။

မြန်မာ စစ်ဗိုလ်ချုပ်များ အပေါ် ဩဇာ အလွှမ်းနိုင်ဆုံး ဖြစ်သည့် တရုတ်လည်း ၎င်းတို့ အပေါ် ကျေနပ်နေခြင်းမျိုး မရှိပေ။ ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ပေးရန် နောက်ကွယ်မှ ဖိအားပေးနေသည်ဟု ယုံကြည်ရဖွယ် ရှိနေသည်။ ရွေးကောက်ခံ လွှတ်တော် အမတ်များသည် အမျိုးသား ညီညွတ်ရေး အစိုးရ ထူထောင်ကာ စစ်အာ ဏာသိမ်း အုပ်စုအား ဆန့်ကျင်နေသည့် လှုပ်ရှားမှုများ နှင့် ညှိနှိုင်းဆောင်ရွက်လာခဲ့သည်။ တရုတ်သည် ၎င်းတို့ ရင်းနှီးမြှုပ်နှံမှုများကို မတိုက်ခိုက်ဖို့ ထိန်းချုပ်ပေးပါဟုပင် NUG အား တောင်းဆိုလာခဲ့သည်။ တရုတ် အဖို့ ၎င်းတို့၏ လောင်းကြေးကို NUG အပေါ် ထပ်၍ ပုံအောလာမည်ဆိုလျှင် အမြှော်အမြှင် ရှိသော လုပ်ရပ်ဟု ဆိုရ မည် ဖြစ်သည်။

အာဆီယံသည် မြန်မာအား အဖွဲ့ဝင် အဖြစ် ရပ်ဆိုင်းလိုက်ခြင်းမျိုးလို ယခုထက် ပို၍ ရဲရင့် ပြတ်သားစွာ လုပ် ဆောင်သင့်သည်။ စစ်အာဏာသိမ်း အဖွဲ့သည် မရေမရာ အနေအထား သို့ ရောက်နေပြီ ဖြစ်သည်။ တပ်အင်အား ကို နည်းနည်း နှင့် ကျဲကျဲ ဝိုင်း ဆိုသလို ဖန်တီးပေးနေရသည်။ တနှစ်နီးပါး တိုက်ခိုက်လာခဲ့ပြီး ဖြစ်သော်လည်း ယခုထိ တော်လှန်ရေး အင်အားစုများကို ချေမှုန်း နိုင်ခြင်း မရှိသေးပေ။ ၎င်းတို့ အတွင်းမှာပင် မကျေနပ်မှုများက လှိုက်စားလာနေပြီ ဖြစ်သည်။

အာဆီယံ နှင့် တရုတ်သည် တည်ငြိမ်မှု ရှိရေးကို တန်ဖိုးထားသည် ဟု ပြောနေကြသော်လည်း ယခုအချိန်အထိ အာဏာကို ဖြစ်သည့်နည်း နှင့် ဆုပ်ကိုင်ထားနေရသော အဖွဲ့ကို ကျားကန် ပေးနေဆဲပင် ဖြစ်၍ ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်လာအောင် လုပ်ပေးနေသလို ဖြစ်နေသည်။

လုပ်သင့်သည်ကို လုပ်နေခြင်းသည် စေ့ဆော်မှု တခု ဖြစ်လာအောင် မလုံလောက်သေး၊ မြန်မာ၏ အိမ်နီးချင်း များသည် မိမိတို့ အကျိုးရှိရာ ရှိကြောင်း လုပ်သင့်ပြီး ဒီမိုကရေစီ ပြန်လည် ဖြစ်ပေါ်လာအောင် ကြိုးပမ်းပေး သင့်သည်။

Hla Soewai (လှစိုးဝေ)

ဖက်ဒရယ်ဂျာနယ်

ဖေဖော်ဝါရီ ၂၊ ၂၀၂၂