• Today is: Thursday, April 18, 2024

ထန်တလန် CDF ကွန်မန်ဒို စစ်ကြောင်းမှူး ဗန်အုပ်ထောင်နှင့် သီးသန့် တွေ့ဆုံမေးမြန်းခြင်း

ထန်တလန် CDF ကွန်မန်ဒို စစ်ကြောင်းမှူး ဗန်အုပ်ထောင်နှင့် သီးသန့် တွေ့ဆုံမေးမြန်းခြင်း

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၃၊ ၂၀၂၂

လူငယ် လူရွယ် တဦးဖြစ်တဲ့ ဗန်အုပ်ထောင်သည် တပ်တွင်းမှာ ကွန်မန်ဒို စစ်ကြောင်းမှူး တာဝန် ယူထား ပါတယ်။ တစ်နေ့တာ ပုံမှန်လုပ်ငန်းက မနက်ပိုင်းကတော့ ကိုယ်ခန္ဓာလေ့ကျင့်ခန်း အမြဲလုပ်လေ့ရှိပြီး တပ်တွင်း လုပ်ငန်းများကို ဦးစီးလုပ်ဆောင်ပြီးတော့ ဘာသာရေးကို ကိုင်းရှိုင်းသူ ဖြစ်တဲ့ ခရစ်ယာန် ဘာသာဝင်တဦးပါ။ သူဘာကြောင့် အခုလို လက်နက်ကိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့ထဲ ရောက်ရှိသွားသလဲ။ ဘာကြောင့် လက်နက်ကိုင် တော်လှန်ဖို့ ဆုံးဖြတ်ခဲ့သလဲ စသည့် အကြောင်းအရာများနှင့်အတူ သီးသန့် မေးမြန်းခန်းအစီအစဉ်မှာ ဖတ်ရှုရမှာပါ။

ဖက်ဒရယ်ဂျာနယ်။ စစ်အာဏာမသိမ်းခင်၊ စီဒီအက်ထဲ မဝင်ခင်မှာ ကို ဗန်အုပ်ထောင် အနေနဲ့ ဘာလုပ်ခဲ့လဲ။ ပြောပြပေးပါလား။

ဗန်အုပ်ထောင်။          ကျနော်က တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ မန္တလေးမှာ ကျောင်းတက်နေပါတယ်။

ဖက်ဒရယ်ဂျာနယ်။     ကို ဗန်အုပ်ထောင် အနေနဲ့ ကျောင်းသား ဘဝ ကနေ ဒီလို တောထဲ တောင်ထဲ တော်လှန်ရေးလုပ်တဲ့အခါမှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲတွေက ဘာတွေ ဖြစ်မလဲ။

ဗန်အုပ်ထောင်။          အခက်ခဲဆုံးဆိုတာကတော့ မရှိဘူး ဘာလို့ဆို အကုန်လုံးက ခက်ခဲပါတယ်။ ဒါပေမဲ့ အခက်ခဲချိန်တွေထဲက တခုလောက်ပြောရမယ်ဆိုရင်တော့ ဖျားနေတဲ့ အချိန်ဖြစ်တယ်။  CDF ထဲအစဝင်ခါစတွေဆို ကျနော်တို့က မြို့ထဲလည်း သိပ်ပြီးမဝင်ရဲတော့ ဆေးဝါးတွေ တော်တော်လည်း အခက်အခဲဖြစ်ခဲ့တယ်။ ရောဂါကို အံတုပြီး တွန်းလှန်ခဲ့ရတာပေါ့။ အဲ့ချိန်မှာ ဘာကို သတိရလည်းဆို တော့ အိမ်နဲ့ မိဘဆွေမျိုးတွေကို သတိရတယ်။ ဘာလို့လည်းဆိုတော့ ကျနော်တို့က မိဘရဲ့ ပြုစုမှုအောက်မှာ ကြီးပင်းလာခဲ့တဲ့သူတွေဆိုတော့ ဒီလိုတောတဲမှာ တော်တော်လည်းတော့ အခက်အခဲဖြစ်ပါတယ်။

ဖက်ဒရယ်ဂျာနယ်။      ကို ဗန်အုပ်ထောင် အနေနဲ့ ဒီလက်နက်ကိုင်တော်လှန်ရေးထဲ ဘယ်လို ရည်ရွယ်ချက်နဲ့ ဝင်ရောက် ဝင်ရောက်ခဲ့သလဲ။ ။ ဘာကို မျှော်မှန်းထားသာရှိလဲ။

ဗန်အုပ်ထောင်။          အဓိက ရည်ရွယ်ချက်ကတော့ ဒီစစ်အာဏာရှင် စနစ်ကို တော်လှန်ဖို့ပဲဖြစ်ပါတယ်။ ဒီနှစ်ပေါင်းများစွာ စစ်အာဏာရှင် တွေက အုပ်ချုပ်တဲ့ဟာ ကျနော်တို့ နိုင်ငံဘယ်လိုဖြစ်ခဲ့လည်းဆိုတာ အကုန်လုံးသိပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ကျနော့ အနေနဲ့ ဒီအာဏာရှင်စနစ်တွန်းလှန်တဲ့နေရာမှာ အုပ်တစ်ချပ် သဲတစ်ပွင့်ထက်ပိုပြီး ကျနော် နိုင်ငံက ကျနော့ကိုလိုအပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ဖြစ်ခဲ့တာပေါ့။

ဖက်ဒရယ်ဂျာနယ်။     တောထဲမှာ အစားအသောက်၊ နေရာထိုင်ခင်းကအစ အဲ့လို အခက်အခဲပေါင်းများစွာ ကြုံတွေ့ တဲ့အခါ အားတင်းဖို့၊ ခွန်အားဖြည့်ဖို့ ဘယ်လို အားယူလေ့ရှိသလဲ။ ဘယ်လို ဖြေသိမ့်ခဲ့ရလဲ

ဗန်အုပ်ထောင်။          စကားပုံတစ်ခုရှိတယ်လေ… အမှောင်ဆုံးအချိန်သည် မနက်မိုးလင်းခါနီး အချိန်ဖြစ်တယ်တဲ့။ ကျနော်တို့ အခုကြုံတွေ့နေရတာက အခက်ခဲဆုံးအချိန်ဖြစ်တယ်။ ဒါပေမဲ့လည်း မကြာခင် ကျနော်တို့ နိုင်ငံတကယ်လွတ်လပ်တော့မယ်ဆိုတဲ့ အတွေးလေးနဲ့ ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ Independent နိုင်ငံကို တည်ထောင်တော့မယ်ဆိုတဲ့ အတွေးလေးနဲ့ အမြဲတမ်း ခွန်အားယူခဲ့ရတယ်။

ဖက်ဒရယ်ဂျာနယ်။     ကို ဗန်အုပ်ထောင် အနေနဲ့ စစ်ကြောင်းမှူးတာဝန်ယူရတယ်ဆိုတော့ တပ်တွင်း (ဥပမာ – ရဲဘော်တစ်ဦးဦးက စည်းကမ်းပိုင်းအားနည်းတာမျိုးတွေရှိခဲ့သော်) ဘယ်လို အရေးယူ ဆောင်ရွက်ခဲ့ တာတွေရှိလဲ။

ဗန်အုပ်ထောင်။          ဒါနဲ့ပါတ်သက်ပြီးတော့ ကျနော်တို့ ဥပဒေပြဌာန်းထားတာရှိတယ်။ ဥပဒေအတိုင်းပဲ အရေးယူဆောင်ရွက်ခဲ့ပါတယ်။

ဖက်ဒရယ်ဂျာနယ်။     ကိုဗန်အုပ်ထောင်က စစ်ကြောင်းမှူးတာဝန်ယူထားတယ်ဆိုတော့ လက်ရှိထန်တလန်မြို့နယ်ရဲ့ စစ်ရေးအခြေအနေကိုလည်း သုံးသပ်ပေးပါအုန်း

ဗန်အုပ်ထောင်။          ထန်တလန်မြို့ရဲ့ စစ်ရေးအခြေအနေကို သုံးသပ်ရရင် အတော်ခက်ခဲပါတယ်။ ဘာလို့ဆို ဒီစစ်ကောင်စီ မင်းအောင်လှိုင်ရဲ့ အပေါင်းအပါတွေကတော်တော်ဆိုးတယ်။ လူစိတ်မရှိ ဘူး လူနေအိမ်တွေကို မီးရှို့လိုက်၊ သေနတ် ရမ်းသမ်းပစ်လိုက်နဲ့ အတော်လည်း ခက်ပါတယ်။ တခါတလေကျရင် ကိုယ့်ကိုယ်ကို သေမလားဆိုတဲ့ အတွေးလည်းဝင်လာတယ်။ ဒါပေမဲ့ သေလို့ မဖြစ်သေးဘူး ဒီနိုင်ငံက ကျနော့ကို လိုအပ်တယ်ဆိုတဲ့ အတွေးလေးနဲ့ ကြိုးစားနေရတယ်။

ဖက်ဒရယ်ဂျာနယ်။     ဒီတော်လှန်ရေးကြီးအောင်မြင် ပြီးသွားရင် တက်လာမယ့် အစိုးရကဖွဲ့မဲ့ တပ်မတော် (ဥပမာ – ဖက်ဒရယ် တပ်မတော်ထဲပဲဖြစ်ဖြစ်ပေါ့) အဲ့ချိန်မှာ ဆက်ပြီး တာဝန်ထမ်းဆောင်မှာလား။ ဒါမှမဟုတ် သာမှန်အရပ်သား ပြည်သူဘဝ ကိုပဲပြန်သွားမှာ လား။ ဘဝကို ဘယ်လို နေထိုင် အသုံးပြုဖို့ စိတ်ကူးထားလဲ

ဗန်အုပ်ထောင်။          ဒီဟာက ဖြေရတာသိပ်ခက်တယ်။ လက်ရှိချိန်ဟာ အမှောင်ဆုံးအချိန်ဖြစ်တာကြောင့် စိတ်ထဲမှာ ဘာကိုမှသိပ်မစဉ်စားဖြစ်သေးဘူး။ ဒါပေမဲ့ အနာဂါတ်မှာ ဘယ်လိုလာမလဲဆိုတော့ တပ်မတော်ထဲမှာဆက်နေမှာလား သာမှန်အရပ်သား ဘဝနဲ့ပြန်နေမှာလားဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။

ဖက်ဒရယ်ဂျာနယ်။     စစ်သားဘဝနဲ့ နှလုံးသားရေးရာကို တွဲလုပ်ရတာ အရမ်းခက်တဲ့ အရာလို့ လူတွေ ပြောတတ်တယ်။ အခုလည်း တစ်ချို့ ရဲဘော်တွေ တော်လှန်ရေးတိုက်ပွဲဝင် ရင်း မင်္ဂလာဆောင်ကြတယ်။ တစ်ချို့တွေ တော်လှန်ရေးကြောင့် ချစ်သူနဲ့ ကွဲကြတယ်။ ကို ဗန်အုပ်ထောင် ရဲ့ နှလုံးသားရေးရာကရော လက်ရှိ အတွေ့အကြုံ ဒါမှမဟုတ် ခံယူချက် အမြင်သဘောထားဖြစ်ဖြစ် မျှဝေပေးနိုင်မလား

ဗန်အုပ်ထောင်။          ကျနော်တို့ ဒီတော်လှန်ရေးလုပ်တဲ့အခါ စစ်သားဘဝနဲ့ အချစ်က ခက်တယ်။ ဘာလို့ဆို ကျနော်တို့က ရဲဘော်တွေဆိုတော့ အချိန်နဲ့တစ်ပြေးညီ အလုပ်လုပ်ရတာမို့လို့ ကိုယ်လုပ်ချင်သလို ကိုယ်ဖြစ်ချင်သလို ဖြစ်မလာဘူး။ မင်္ဂလာဆောင်တဲ့ကိစ္စကတော့ ကောင်းပါတယ်။ ဒါပေမဲ့ တခုတော့ရှိတာပေါ့ မင်္ဂလာဆောင်တဲ့အတွက်ကြောင့် တော်လှန်ရေး အတွက်တော့ အနှောက်အယှက်မစေချင်ဘူးပေါ့။ မောင်တထမ်း မေတရွက်ဆိုသလို ဒီတော်လှန်ရေးမှာပါဝင်သွားမယ်ဆိုရင် ပိုအဆင်ပြေမှာပါ။

ဖက်ဒရယ်ဂျာနယ်။     ဒီလို တော တောင်ထဲမှာ ကို ဗန်အုပ်ထောင်တို့ လူငယ်များက တိုင်းပြည်နဲ့လူမျိုးရဲ့ အနာဂတ်အတွက်ဆိုပြီး အသက်စွန့် လက်နက်ကိုင်တော်လှန် တိုက်ပွဲဝင်နေတဲ့အချိန်မှာ တစ်ချို့ (အထူးသဖြင့် ရန်ကုန်၊ မန္တလေးလို မြို့ပြက) လူငယ်တွေက ကမ်းခြေ၊ ဟိုတယ်၊ ပန်းခြံ စတဲ့နေရာတွေမှာ ပျော်ပါးနေကြတာ၊ သွေးအေးနေကြတာကို ကြားသိ၊ မြင်တွေ့ရတယ်။ အဲဒီအပေါ် ဘာပြော ချင်လဲ

ဗန်အုပ်ထောင်။          ကျနော်တို့လေးတွေကို မြင်ရရင်တော်တော်စိတ်မကောင်းဖြစ်မိတယ်။ ဘာလို့ဆို ကျနော်တို့က အသက်စွန်ပြီးတိုက်ပွဲဝင်နေတဲ့အချိန် မင်းအောင်လှိုင်က ဖန်တီးပေးထားတဲ့ ခဏတာ ဒီပျော်ပါးမှုကိုလိုက်စားနေတာမကောင်းဘူး။ သူတို့ရဲ့ အမျိုး နောင်လာနောင်သားတွေအတွက် မစဉ်းစားဘူး။ ကျနော်ဘာပြောချင်လဲဆိုတော့ ကိုယ့်အမိ နိုင်ငံကို အမှန်တကယ်ချစ်တယ်ဆိုရင် ဒီတော်လှန်ရေးထဲမှာ ပါဝင်ကြပါလို့ပြောချင်ပါတယ်။

ဖက်ဒရယ်ဂျာနယ်။     နောက်ဆုံးအနေနဲ့ ကို ဗန်အုပ်ထောင် နဲ့အတူ ဒီမှာရှိနေတဲ့သူတွေ ပြီးတော့ တစ်နိုင်ငံလုံးက အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေး ရဲဘော် ရဲဖက် တွေကို ဘာများပြောချင်ပါသလဲ။ ဒီပေါ်မှာ ချုံငုံပြီးတော့ ပြည်သူလူထုတွေကိုရော ဘယ်လို သတင်းစကားများ ပါးလိုပါသလဲ။ ပြောချင်တဲ့ စကားများ ရှိမလား…

ဗန်အုပ်ထောင်။          CDF / PDF နဲ့ ထောက်ပံ့ကူညီပေးတဲ့ပြည်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ ထောက်ပံ့မှုတွေကြောင့် ကျနော်တို့ ဒီလိုအသက်ရှင်နေရတာပါ။ ဆက်လက်ပြီးတော့လည်း ကူညီပေးပါ။ ကျနော်တို့ နိုင်ငံမကြာခင် ကောင်းလာမှာပါ။ ကျနော်တို့ အားလုံးမကြာခင်ပြန်ဆုံကြမှာပါလို့ ပြောချင်ပါတယ်။