• Today is: Saturday, February 24, 2024

လူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒ၊ ပါတီကြီးဝါဒ

လူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒ၊ ပါတီကြီးဝါဒ

စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးနှင့်ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးများကို အပြည့်အဝအာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ထောင်ရေးကို ဉီးတည်လျှက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဉီးဆောင်ကျင်းပခဲ့သည့် ပြည်သူ့ညီလာခံအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျင်းပခဲ့သည်။

ထိုညီလာခံတွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့်လူ နည်းစုဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများတက်ရောက်ဆွေးနွေးခဲ့ကြသည်။ ထိုညီလာခံအတွင်း ဆွေးနွေးမှု များတွင် လူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒ၊ ပါတီကြီးဝါဒ ဟူသောစကားများလည်း ပါဝင်ခဲ့သည်။ ထိုဝါဒများရှိနေလျှင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်၍မရနိုင်ကြောင်း ဆွေးနွေးသွားတာတွေ့ရသည်။

လူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒ၊ ပါတီကြီးဝါဒ ဟူသည်မှာ လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားလူနည်းစုများက ဗမာလူမျိုးများအပေါ် ပြစ်တင်စွပ်စွဲလေ့ရှိသော စကားဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ(၈) ရက်နေ့တွင် လွတ်လပ်သောမြန်မာ နိုင်ငံ၏ပထမဆုံးသော ပါလီမန်အစည်းအဝေးကို ကျင်းပခဲ့သည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ကရင်အမျိုးသားခေါင်း ဆောင် စောဘဉီးကြီးနှင့်အဖွဲ့ကသထုံအပိုင်၊ အင်းဝိုင်းရွာတွင် ကရင်ပြည်နယ်သီးခြား ရရှိရေး တရားဟောကြသည်။ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ကရင်ပြည်နယ်ပေးရန် ကေအင်ဒီအိုအဖွဲ့ကြီးများကလည်း တောင်းဆို လာကြသည်။ ဟောပြောပွဲများမှ ကရင်ပြည် နယ်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုးရေး အဓိကရုဏ်းအလိုမရှိ၊ ပြည်တွင်းစစ်အလိုမရှိဟူသော ကြွေး ကြော်သံများပေါ်ထွက်လာခဲ့သည်။

ဆိုရလျှင်လွတ်လပ်ရေးရပြီးစကတည်းကပင် တိုင်းရင်းသားလူမျိုးစုအချို့က ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက် အလက်များကို သဘောမတူဘဲ ၎င်းတို့၏သီးခြားရပိုင်ခွင့်များကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့၏အမြင်တွင် ၁၉၄၇ ဖွဲ့စည်းပုံ၏ပေးထားချက်များအရ ဗမာလူမျိုးများက တိုင်းရင်းသားများထက်ရပိုင်ခွင့်ပိုမိုရရှိနေသည်ဟုလည်း မြင်ပုံရသည်။

ထိုအမြင်ကလည်း ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့သူများ၏စီမံအုပ်ချုပ်ပုံများအရ ပိုမိုခိုင်မြဲလာခဲ့သည်။ ၁၉၆၀ ခုနှစ် ပါလီမန် ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဉီးနု၏ သန့်ရှင်းဖဆပလ ကအနိုင်ရရှိခဲ့သည်။ ဖဆပလပါတီ၏ရွေးကောက်ပွဲကတိ တွင် ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာပြဌာန်းရေးကိစ္စလည်းပါဝင်သည်။ ထိုကိစ္စအပေါ်တွင် ငြင်းခုံဆွေးနွေးမှုများ၊ ထောက်ခံကန့်ကွက် ကြမှုများလည်း မြင့်တက်လာခဲ့သည်။ ၁၉၆၁ ခုနှစ် ဩဂုတ်လတွင် ပြည်မနှင့်ပြည်နယ်များက ခရစ်ယာန်ဘာသာဝင်များ၊ အစ္စလာမ် ဘာသာဝင်များ၊ နတ်ကိုးကွယ်သူများ (ဗုဒ္ဓဘာသာမဟုတ်သော ဗမာ၊ ချင်း၊ ကရင်များ) စုဝေးတိုင်ပင်ကြပြီး တိုင်းရင်းသား ဘာသာရေး လူနည်းစုပေါင်းစုံ မဟာမိတ်အဖွဲ့ဖွဲ့စည်းတည်ထောင်ကြကာ ဆန္ဒပြကန့်ကွက်ပွဲများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ကန့်ကွက်မှုများရှိနေသည့်ကြားကပင် ၁၉၆၁ ခုနှစ်ဩဂုတ်လ (၂၆) ရက်နေ့တွင် လူမျိုးစုလွှတ်တော်နှင့်ပြည်သူ့လွှတ် တော်ပါ လွှတ်တော်နှစ်ရပ်စုံပါဝင်သည့် ပါလီမန်အစည်းအဝေးကျင်းပချိန်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ-၂၁ (၁) ပြဌာန်း ချက်ကိုပြင်ဆင်ပြီး ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းလိုက်သည်။

ဗုဒ္ဓဘာသာဝင်ရဟန်းသံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်သက်ကြီးရွယ်အိုများကတော့ ဉီးနု၏လုပ်ဆောင်ပြဌာန်းချက်ကို သာဓု ခေါ်ကြသည်။ နိုင်ငံရေးအမြော်အမြင်ရှိသော ဗုဒ္ဓဘာသာဝင်တစ်ချို့နှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူများက ထိုပြဌာန်းချက်အပေါ် ကသိ ကအောက်ဖြစ်ရသည်။ ဗုဒ္ဓဘာသာဝင်မဟုတ်သောတိုင်းရင်းသားလူမျိုးစုကြားတွင်လည်း ဆန့်ကျင်ကန့်ကွက်သံတွေ ထွက်ပေါ်လာခဲ့ သည်။ အကျိုးဆက်ကတော့ ကချင်ပြည်နယ်တွင် ကေအိုင်အေကချင်လွတ်မြောက်ရေးတပ်မတော်လှုပ်ရှားမှု ပိုမိုကြီးမားကျယ်ပြန့် တိုးတက်လာရခြင်းပဲဖြစ်သည်။ ထိုပြဌာန်းချက်ကြောင့် ဘာသာကြီးဝါဒ အမြစ်တွယ်ခဲ့ခြင်းပင်ဖြစ်သည်။

၁၉၅၆ ခုနှစ် ဧပြီလ (၂၇) ရက်နေ့တွင် ပါလီမန်အထွေထွေဒီမိုကရေစီရွေးကောက်ပွဲကျင်းပခဲ့သည်။ ၅၆ ရွေးကောက်ပွဲသည် လွတ်လပ်ရေးကြေညာပြီးနောက် ဒုတိယအကြိမ်ကျင်းပသည့်ရွေးကောက်ပွဲဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် အာဏာရ ဖဆပလပါတီ က အတိုက်အခံနိုင်ငံရေးတပ်ပေါင်းစု (ပမညတ) အဖွဲ့ကြီးနှင့် အကြိတ်အနှယ်ယှဉ်ပြိုင်ရသည်။ အာဏာရ ဖဆပလပါတီ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးသံကား “ဖဆပလ အနှစ်လေးဆယ်အာဏာတည်စေရမယ်” ဟူ၍ဖြစ်သည်။ ဖဆပလသည် နောက်ပိုင်း သန့်ရှင်းနှင့်တည်မြဲဟူ၍ နှစ်ခြမ်းကွဲသွားသည့်တိုင် ၁၉၆၂ ခုနှစ် အာဏာမသိမ်းမီအချိန်အထိ ၎င်းပါတီကပင် ရွေးကောက်ပွဲများ၌ အနိုင်ရရှိခဲ့သည်။ ဤသည်ကလည်း ပါတီကြီးဝါဒ ဖြစ်ပေါ်လာစေသည့် အရင်းခံ အကြောင်း တရားတစ်ခုဖြစ်သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံပေးထားချက်များအရ ရွေးကောက်ပွဲများကျင်းပရာတွင်လည်း ဖွဲ့စည်းပုံအရလွှတ်တော်ထဲတွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက အသင့်ပါဝင်လျှက်ရှိသဖြင့် အရပ်သားအစိုးရဖြစ်စေရန် မဲဆန္ဒရှင်များက အရပ်သား ပါတီကိုသာ မဲပုံအောပေးရပြန်သည်။ ထိုကြောင့်လည်းပါတီးကြီးဝါဒဟူသောအမြင်မျိုး သက်ရောက်နေပြန်သည်။

အချုပ်ဆိုရသော် လူမျိုးစွဲ၊ ဘာသာစွဲ၊ ပါတီစွဲဖြစ်စေမည့် အစွန်းရောက်သည့်အစွဲအလန်းများဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်၍မရနိုင်ကြောင်း သမိုင်းအချက်အလက်များက ဖော်ပြပြီးဖြစ်နေပေသည်။ တိုင်းရင်းသား လူမျိုး စုပေါင်းများစွာ ဖြင့်တည်ဆောက်ထောင်ထားသော မြန်မာနိုင်ငံတွင်အစွဲဟူသမျှကို အပြီးတိုင်မြှပ်နှံပါမှ ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်သို့ ရောက်ရှိ နိုင်မည်ဖြစ်ပါကြောင်း ဆန္ဒပြုပါသည်။

မောဂ္ဂလိ ရေးတယ်

ဖက်ဒရယ်ဂျာနယ် 
ဖေဖော်ဝါရီ ၅၊ ၂၀၂၂