• Today is: Friday, April 19, 2024

AA က အမြန်ဆုံး တားမြစ်သင့်တဲ့ ရခိုင်က ချဲ (ခေါ်)နှစ်လုံးထီနဲ့ သုံးလုံးထီ

“AA က အမြန်ဆုံး တားမြစ်သင့်တဲ့ ရခိုင်က ချဲ (ခေါ်)နှစ်လုံးထီနဲ့ သုံးလုံးထီ”

နှစ်လုံးထီနဲ့ သုံးလုံးထီလောင်းကစားဟာ အခုနောက်ပိုင်း ရခိုင်မြေမှာ တော်တော် တွင်ကျယ်လာတာ တွေ့ရပါတယ်။ ကျေးလက်ဒေသတွေမှာသာမက မြို့ပြတွေမှာလည်း ပေါ်တင်ပဲ လုပ်ကိုင်နေကြပါတယ်။ ရောင်းသူကလည်း ပေါ်တင်ရောင်းနေသလို ထိုးသူကလည်း ပေါ်တင်ပါပဲ။ ရောင်းသူ၊ ထိုးသူ အဆင်ကိုပြေလို့။ ဘယ်သူမှ တားဆီးပိတ်ပင်မှုလည်းမရှိ။ ဒီနှစ်လုံးထီနဲ့ သုံးလုံးထီကို ရခိုင်မှာ “ချဲ”လို့လည်း ခေါ်ကြပါတယ်။

#နှစ်လုံးထီ

တကယ်တော့ ဒီနှစ်လုံးထီဆိုတာ ထိုင်းနိုင်ငံရဲ့ စတော့အိပ်ချိန်းစျေးကွက် အပြောင်းအလဲ ငြိမ်သွားချိန်မှာ ပေါ်လာတဲ့ဂဏန်းရဲ့ ဒသမနောက်က နောက်ဆုံးဂဏန်းနှစ်လုံးကို အတည်ယူကြတာလို့ သိရပါတယ်။ ထိုင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲမှာ တစ်ကြိမ်၊ ညနေ ၅ နာရီမှာ တစ်ကြိမ် စျေးကွက်ပိတ်ပါတယ်။ မြန်မာစံတော်ချိန်ဟာ ထိုင်းစံတော်ချိန်ထက် နာရီဝက်နောက်ကျပါတယ်။ ဒါကြောင့် မြန်မာမှာဆိုရင် မွန်းတည့် ၁၂ နာရီတစ်ကြိမ်၊ ညနေ ၄ နာရီခွဲ တစ်ကြိမ်။ တစ်နေ့ကို နှစ်ကြိမ် ရောင်းကြ၊ ထိုးကြရပါတယ်။ စနေနဲ့ တနင်္ဂနွေနှစ်ရက်တော့ စျေးကွက်ပိတ်ပါတယ်။ တခါတလေ မြန်မာနိုင်ငံရဲ့အစိုးရ ရုံးပိတ်ရက်တွေလိုမျိုး၊ ထိုင်းနိုင်ငံရဲ့နေ့ကြီးရက်ကြီးလိုဟာမျိုးတွေမှာလည်း စျေးကွက် ပိတ်တတ်ပါတယ်။ စျေးကွက်ပိတ်တဲ့နေ့တွေဆိုရင် ရောင်းလည်း မရောင်းရသလို ထိုးလည်း မထိုးကြရပါဘူး။နှစ်လုံးထီ ၁ဝ ဖိုး ပေါက်ရင် ၈ဝဝ ရပါတယ်။ အဆပေါင်း ၈၀ ရရှိတဲ့သဘောပါ။

ဒါပေမယ့် သုည နှစ်လုံးကနေ နံပါတ် ၉၉ အထိ အကွက် ၁ဝဝ ထိုးရတာဆိုတော့ ပေါက်ဖို့လည်း အတော်ခက်ပါတယ်။ အကွက် ၁ဝဝ မှာ တစ်ကွက်ပဲ ပေါက်တာဆိုတော့ လွဲတဲ့အခါလည်း လွဲ၊ ပေါက်တဲ့ အခါလည်းပေါက်ပေါ့။တကယ်တော့ ဒီဂဏန်းတွေဟာ ထိုင်းဘတ်ငွေ သန်းပေါင်းများစွာရဲ့အစွန်းထွက်တွေပါ။ ကြိုတင်ခန့်မှန်းတွက်ချက်ဖို့ မလွယ်သလို ကြိုသိဖို့ကလည်း အတော်ခက်ပါတယ်။ ပေါက်တဲ့သူတွေက နည်းနည်း။ ရှုံးတဲ့သူတွေက များများ။ ပေါက်တဲ့သူတွေကလည်း အတော်ကံကောင်းလို့၊ တိုက်ဆိုင်လို့ ပေါက်ကြတာပါ။ ပေါက်တဲ့သူတွေရဲ့အချိုးအဆကိုကြည့်လိုက်ပြန်တော့လည်း လူ ၁ဝဝ မှာ ၁ဝ ယောက်လောက်ပဲရှိတာကို တွေ့ရပါတယ်။

#သုံးလုံးထီ

သုံးလုံးထီကတော့ ထိုင်းအစိုးရရဲ့ ဂဏန်း ၆ လုံးပါတဲ့တရားဝင်ထီကနေ နောက်ဆုံးသုံးလုံးကို ယူတာဖြစ်ပါတယ်။ သုံးလုံးထီကတော့ တစ်လမှာ နှစ်ကြိမ် ထွက်ပါတယ်။ လစဉ် ၁၆ ရက်နေ့တစ်ကြိမ်နဲ့ လကုန်ပြီး ၁ ရက်နေ့တစ်ကြိမ် ထွက်တာပါ။ သူကတော့ ၁ဝဝ ဖိုးထိုးလို့ပေါက်ရင် ကျပ်ငွေ ၅ သောင်းရပါတယ်။ အဆ ၅၀၀ ရတဲ့သဘောပါ။ ဒီသုံးလုံးထီဟာကလည်း ကိုယ်ထိုးလိုက်တဲ့ ဂဏန်း ၃ လုံးစလုံး ထပ်တူညီပြီးပေါက်ဖို့ အတော်ခက်ခဲပါတယ်။ထိုင်းနိုင်ငံမှာတော့ နှစ်လုံးထီကို သိပ်ထိုးလေ့ထိုးထမရှိဘူးလို့ သိရပါတယ်။ အဓိက ထိုးကြတာကတော့ သုံးလုံးထီပါ။ သုံးလုံးထီကလည်း ထိုင်းနိုင်ငံမှာ တရားဝင်တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ထိုင်းအစိုးရက ၃ လုံးထီထိုးလို့ဖမ်းမိရင် ထောင် ၃ နှစ်ကနေ ဘတ်ငွေ ၅ ထောင်ထက်မကျော်တဲ့ ဒဏ်ငွေချမှတ်နိုင်တဲ့ဥပဒေရှိပါတယ်။

#ရခိုင်မှာ

နှစ်လုံးထီနဲ့ သုံးလုံးထီအစ တကယ်တော့ ဒီ ချဲ(ခေါ်)နှစ်လုံး၊ သုံးလုံးလောင်းကစားဟာ ရခိုင်မြေမှာ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းကနေ စတင်အမြစ်တွယ်လာခဲ့တာပါ။ အဲဒီတုန်းက ရခိုင်ဒေသက ကျေးလက်တောရွာတွေမှာ အတော်များများခေတ်စားခဲ့ပါတယ်။ တချို့ဘုန်းကြီးတွေဆို နှစ်လုံး၊ သုံးလုံးအတိတ်တွေပေး။ တချို့ဆို ဂဏန်းတွေတန်းစီပါတဲ့ “ချိုင်း”လို့လည်းခေါ်၊ Calendar လို့လည်းခေါ်တဲ့ စာရွက်တွေရောင်းနဲ့။ နှစ်လုံး၊ သုံးလုံးထိုးသူတွေကလည်း ဘုန်းကြီးတွေပေးတဲ့အတိတ်တွေ၊ “ချိုင်း” (ခေါ်)Calendar မှာပါတဲ့ ပေါက်တတ်ကရဂဏန်းတွေနဲ့ တစ်နေ့တစ်နေ့လာရင် အလုပ်တွေရှုပ်လို့။ဒိုင်တွေကနေတဆင့် နှစ်လုံး၊ သုံးလုံးယူရောင်းတဲ့ ကိုယ်စားလှယ်တွေဟာလည်း ရွာတွေမှာ လက်ညှိုးထိုးမလွဲ။ ဟိုလူ့ကြည့်လိုက်ရင်လည်း နှစ်လုံး၊ သုံးလုံးရောင်းတဲ့ ဘောင်ချာစာအုပ်လေးနဲ့၊ ဒီလူ့ကြည့်လိုက်ပြန်ရင်လည်း အဲဒီဘောင်ချာစာအုပ်လေးတွေနဲ့။ အဲဒီတုန်းက နှစ်လုံး၊ သုံးလုံးရောင်းတဲ့သူတွေထဲမှာ ကျောင်းသားလူငယ်လေးတွေတောင် ပါသေး။

#ဒီနေ့သူဌေးမနက်ဖြန်ခွေး

ထိုးတဲ့သူတွေကလည်း ရွာလုံးကျွတ်နီးပါး အရွယ်စုံပါပဲ။ လောင်းကစားတို ရဲ့သဘောသဘာဝအရ ကြွေတစ်လှည့် ကြက်တစ်ခုန်ဆိုတဲ့အတိုင်း နိုင်သော်လည်းရှိ၊ ရှုံးသော်လည်းရှိပေါ့။ ရှုံးသူမှိုင်၊ နိုင်သူပြုံးဆိုသလို အများဆုံး ပြုံးနိုင်သူတွေကတော့ ဒိုင်တွေနဲ့ ရောင်းတဲ့ ကိုယ်စားလှယ်တွေပါ။ ထိုးတဲ့သူတွေကတော့ ပေါက်တာနည်းပြီး ရှုံးတာများကြပါတယ်။ ရှုံးပြန်လည်း ဇွဲမလျှော့ဘူး။ ဂဏန်းတစ်ခုကို အသေမွေးထားပြီးတော့ အဲဒီဂဏန်းကိုပဲ ပိုက်ဆံတွေပုံအောပြီး နေ့စဉ်ထိုးတတ်ကြပါတယ်။ ပေါက်မလား၊ ပေါက်မလားမျှော်လင့်ချက်နဲ့ ရှိသမျှပိုက်ဆံတွေပုံအော၊ ဒါနဲ့မရလို့ ရှိသမျှလက်ဝက်လက်စားတွေ၊ အိမ်တွေ၊ ခြံမြေတွေ၊ လယ်ယာမြေတွေ၊ အမွေပိုင်ပစ္စည်းတွေအားလုံးကို ရောင်းချပေါင်နှံပြီးထိုးကြတာ တော်တော်ကြောက်စရာကောင်းလှပါတယ်။

ကိုယ့်မှာရှိတာကုန်လို့ အားမရသေးဘဲ သူများဆီက အကြွေးယူပြီးထိုး။ နောက်တော့ အကြွေးတွေခေါင်ခိုက်လာတော့ အကြွေးမဆပ်နိုင်လို့ ရွာကနေ ထွက်ပြေး။ နောက်ဆုံးတော့ သူတို့တွေဘဝပျက်ပြီး လင်မယားချင်း ကွဲ၊ မိသားစုဘဝတွေပြိုလဲပြီး ဘဝပျက်ကြတော့တာပါပဲ။ အကြွေးမဆပ်နိုင်လို့ ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့ဖြစ်ရပ်တွေလည်း ရှိပါတယ်။နောက်ပြီး ဒိုင်လုပ်တဲ့သူတွေဟာလည်း ပိုက်ဆံတွေမလျော်နိုင်တဲ့အခါတွေမှာ ရှိသမျှပစ္စည်းတွေရောင်းချ ပေါင်နှံပြီး လျော်။ လျော်စရာမရှိတော့ရင် ရွာကနေ ထွက်ပြေးနဲ့။ သူတို့ဘဝတွေက တော်တော် ကြောက်စရာကောင်းကြပါတယ်။ ပျော်စရာကောင်းတဲ့ သူတို့ဘဝတွေကို ဒီနှစ်လုံး၊ သုံးလုံးက တိုက်စားတော့ သူတို့ဘဝတွေပွန်းပဲ့ပြီး ရစရာမရှိအောင်ဖြစ်သွားကြတော့တာပါပဲ။ ဒီဖြစ်ရပ်တွေဟာ ပုံပြင်တွေမဟုတ်သလို ဒဏ္ဍာရီလည်း မဟုတ်ပါဘူး။ ၂ဝဝဝ ပြည့်နှစ်ကနေ ၂ဝ၁ဝ လောက်အထိ ရခိုင်က ကျေးလက်တောရွာတွေမှာ အမှန်တကယ်ဖြစ်ခဲ့တာတွေပါ။

#ပျောက်သွားမလိုလိုနဲ့

ပြန်ပေါ်လာ၂ဝ၁ဝ ပြည့်နှစ်လောက်မှာတော့ ဒီနှစ်လုံး၊ သုံးလုံးတွေ ရခိုင်မြေက ပျောက်သလိုလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကြိုကြားကြိုကြားတော့ ရောင်းနေ၊ ထိုးနေကြတုန်းပါပဲ။ အဲဒီနောက် ၂ဝ၁၅ အလွန်လောက်မှာ နည်းနည်း ပြန်ပြီးခေါင်းထောင်လာခဲ့ပါတယ်။ ဒါပေမယ့် သိပ်ပြီး ပေါ်ပေါ်ထင်ထင် မဟုတ်ခဲ့သလို ကြီးကြီးကျယ်ကျယ်လည်း မဟုတ်ခဲ့ပါဘူး။ အဲဒီနောက် ရခိုင်မှာ ၂ဝ၁၈ နိုဝင်ဘာကစပြီး စစ်ပွဲတွေဖြစ်တော့ ဒီ နှစ်လုံး၊ သုံးလုံးဟာလည်း တစ်ခန်းရပ်သွားပြန်ပါတယ်။ စစ်ပွဲတွေကြောင့် အသက်လုထွက်ပြေး၊ စိတ်ဒဏ်ရာတွေရ၊ သေကြေပျက်စီးနဲ့ မိသားစုစီးပွားဘဝတွေ ပြိုလဲနေကြတော့ ဒီနှစ်လုံး၊ သုံးလုံးကို အာရုံမရောက်နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ၂ဝ၂ဝ နိုဝင်ဘာနောက်ပိုင်းလည်းရောက်ရော ရခိုင်မှာ စစ်ပွဲတွေ ရပ်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကနေ အခုအချိန်ထိ ရခိုင်မှာ ဒီနှစ်လုံး၊ သုံးလုံးတွေ ပြန်ပြီး တစ်စခန်းထလာနေတာပါ။ ထလာဆို တော်တော်ကို ကြီးကြီးကျယ်ကျယ်လုပ်ကိုင်လာနေကြတာပါပဲ။

#ဘယ်သူတွေမြတ်ပြီး

ဘယ်သူတွေရှုံးသလဲဒိုင်တွေဘယ်လောက်ထိ အမြတ်ရနေလဲဆိုရင် နှစ်လုံး၊ သုံးလုံးရောင်းတဲ့ကိုယ်စားလှယ်တစ်ယောက်ကို တစ်ပတ်မှာ ကိုယ်စားလှယ်ကြေး ကျပ် ၇ သိန်းလောက် ပေးနိုင်တယ်လို့ အဲဒီအသိုင်းအဝိုင်းကနေ သိရပါတယ်။ ဆိုတော့ စဉ်းစားသာကြည့်ကြပါတော့။ အခုလိုခေတ်ပျက်ကြီးထဲမှာ တစ်ပတ်ဆို ၇ သိန်း၊ တစ်လဆို ၂၈ သိန်း။ ရခိုင်မှာ အစိုးရဝန်ထမ်းလုပ်လို့ တစ်လကို လစာ ဒီလောက် ရမလား၊ ရိုးရိုးကုမ္ပဏီဝန်ထမ်းလုပ်လို့ကော တစ်လ လစာ ဒီလောက် ရမလား။

ဘယ်လိုမှ မမျှော်မှန်းနိုင်တဲ့ လစာငွေတွေပါ။ ဒီလိုရနေကြလို့လည်း ကျေးရွာတွေမှာ နှစ်လုံး၊ သုံးလုံးရောင်းတဲ့ကိုယ်စားလှယ်လုပ်ချင်ကြသူတွေ တစ်ပုံကြီးကိုဖြစ်လို့။ ကိုယ်စားလှယ်တစ်ယောက်တောင် ဒီလောက်ရမှတော့ ဒိုင်လုပ်တဲ့သူတွေ ဘယ်လောက်ထိရလိုက်မလဲဆိုတာ တွေးသာကြည့်တော့။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ ဒိုင်တိုင်းလည်း မရပါဘူး။ အနည်းနဲ့အများ လျော်ကြရတာပါပဲ။ ဒီနေ့သူဌေး၊ မနက်ဖြန် ခွေးဖြစ်သွားတဲ့ဒိုင်တွေလည်း ဒုနဲ့ဒေး။ ဒိုင်တွေရလာတဲ့ငွေတွေရဲ့ မူလပိုင်ရှင်တွေကတော့ မရှိဆင်းရဲသား တွေလည်း ဖြစ်သလို စားနိုင်သောက်နိုင်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူဌေးတွေလည်း ပါပါတယ်။ သူတို့တွေ လောဘဇောတက်ပြီး ငွေကို အလွယ်ရချင်ကြလို့ အခုလို နှစ်လုံး၊ သုံးလုံးထိုးရင်းနဲ့ နာလန် မထူနိုင်အောင်ကို အကြွေးသံသရာထဲမှာ နစ်မွန်းနေကြတာပါ။

#သောက်လေ

သောက်လေ ငတ်မပြေ ပိုက်ဆံကို အလွယ်လမ်းကလိုက်လို့ ဘဝပျက်ခဲ့တဲ့သူတွေ မြန်မာပြည်မှာ အများကြီးပါ။ အကြွေးမဆပ်နိုင်လို့ ရန်တွေဖြစ်၊ လူသတ်မှုအထိဖြစ်။ ချမ်းသာတဲ့ သူဌေးတွေတောင် ဘဝပျက်သွားကြတာ။ ရှိတာအကုန် ဆပ်ပြီး လမ်းဘေးရောက်သွားတဲ့ သူတွေလည်း အများကြီး။ ဒါကြောင့် အလွယ်လမ်းကနေ သူဌေးဖြစ်ချင်ကြသူတွေရဲ့အဖြစ်က တော်တော်သနားစရာကောင်းလှပါတယ်။ဒါပေမဲ့ ဒီလိုဖြစ်နေရတဲ့အခြေခံအကြောင်းတရားကလည်း ရှိနေပြန်ပါတယ်။ အဲဒါကတော့ တိုင်းပြည်ဆင်းရဲပြီး အလုပ်လက်မဲ့တွေများနေတဲ့အတွက်ပါ။ အလုပ်တွေကရှား၊ ရှိတဲ့အလုပ်ကလည်း လစာက မလောက်င။

ကုန်စျေးနှုန်းတွေကလည်း နေ့စဉ်နဲ့အမျှစျေးတက်။ မြန်မာကျပ်ငွေတန်ဖိုးကလည်း နေ့စဉ်နဲ့အမျှ ကျဆင်း။ မိသားစုစားဝတ်နေရေးတွေမပြေလည်။ ဒါကြောင့် အလွယ်လမ်းကိုလိုက်ရင်းနဲ့ ပင်လယ်ရေကိုသောက်ရသလို သောက်လေ သောက်လေ ငတ်မပြေပဲ ထိုးဖြစ်နေကြတာပါ။အခုလည်း ကြားနေရပါတယ်။ နှစ်လုံး၊ သုံးလုံးထိုးသူတွေ အကြွေးတွေပတ်လည်ဝိုင်းတော့ ကြံရာမရတော့တဲ့ အဆုံး ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်မှုတွေလည်း ရှိနေကြပါတယ်။ လုံးဝကို မကြံအပ် မစည်ရာ လုပ်ရပ်တွေပါပဲ။ ဒါ အခုလက်ရှိ ရခိုင်မှာ တကယ့်ကိုဖြစ်ပျက်နေကြတာပါ။ အတော့်ကို စိတ်မကောင်းစရာပါပဲ။

#စစ်ဘေးရှောင်တွေလည်း

ထိုးရခိုင်မှာ နှစ်လုံး၊ သုံးလုံးရောင်းသူတွေနဲ့ ထိုးသူတွေဟာ များသောအားဖြင့် အမျိုးသမီးတွေပဲဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုနောက်ပိုင်း နှစ်လုံး၊ သုံးလုံးထိုးသူတွေထဲမှာ စစ်ဘေးရှောင်တချို့လည်း ပါဝင်လာနေတာ ကြားသိနေရပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာနေပြီး တခြားသူတွေဆီကနေ ထောက်ပံ့ကြေးရတာတွေကို လောင်းကစားလုပ်နေကြတာပါ။ ပုံမှန် ဆိုရင် နည်းနည်းပါးပါးစားသောက်နိုင်တဲ့ အဲဒီထောက်ပံ့ကြေးဟာ နှစ်လုံး၊ သုံးလုံးထိုးလိုက်တော့ ချက်ချင်း ရှုံးသွားခဲ့ရပါတယ်။

စေတနာရှင်တွေက စေတနာရှိရှိနဲ့ သနားသောအားဖြင့် စားပါစေ၊ သောက်ပါစေဆိုပြီး ဟိုကနေ၊ ဒီကနေ အလှူတွေခံပြီးတော့ လာထောက်ပံ့တဲ့ငွေဟာ နှစ်လုံး၊ သုံးလုံးကြောင့် ကြာကြာတောင် လက်ထဲမနေခဲ့ရဘူး။ ဒါကလည်း စစ်ဘေးရှောင်တွေကို အပြစ်ပြောလို့မရပါဘူး။ သူတို့တွေခမျာ စစ်ဘေးရှောင်စခန်းတွေမှာ အလုပ်အကိုင်လည်း မရှိ၊ မိုင်းတွေကိုကြောက်ရလို့ ကိုယ့်ရွာလည်း မပြန်နိုင်သေး။ ဒါကြောင့် သူများပေးစာ၊ ကမ်းစာကိုမျှော်ရင်း ဘဝကိုစိတ်ပျက်အားငယ်မှုတွေနဲ့ ပေါက်မလားအထင်နဲ့ ထိုးနေ ကြတာပါ။

#တရားဥပဒေစိုးမိုးမှုမရှိလို့

ဆက်ပြောရရင် အခုဆိုရင် ဒီ နှစ်လုံး၊ သုံးလုံးတွေဟာ ကျေးလက်တောရွာတွေသာမက မြို့ပြတွေမှာလည်း နေရာယူလာကြပါပြီ။ ရောင်းသူ၊ ထိုးသူတချို့ဆို မြို့ပြတွေရဲ့အိမ်ရှေ့လမ်းမတွေမှာ ခုံလေးတစ်ခုံနဲ့ ပေါ်တင်ပဲ ရောင်းနေတာတွေ့လာနေရပါတယ်။ ရောင်းနေ၊ ထိုးနေကြတာ ဘာပြဿနာမှမရှိပါဘူး။ အေးဆေးပါပဲ။အခုလိုဖြစ်နေရတာဟာ ရခိုင်မှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက်လို့သုံးသပ်ရပါတယ်။ ပြီးတော့ အဓိက အရေးကြီးတဲ့အချက်ကတော့ ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီအစိုးရတို့ အပစ်ရပ်စဲဖို့ နားလည်မှုယူထားကြချိန်ဖြစ်တဲ့အတွက်ပါ။

ဆိုတော့ စစ်ကောင်စီနဲ့ AA တို့ရဲ့ အုပ်ချုပ်မှုအောက်မှာ တရားဥပဒေစိုးမိုးမှုအားနည်းတဲ့ဟာကွက်ကိုအခွင့်ကောင်းယူပြီးတော့ နှစ်လုံး၊ သုံးလုံးဒိုင်လုပ်တဲ့သူတွေက ခေါင်းထောင်နေကြတာလို့ မြင်ပါတယ်။ စစ်ကောင်စီအစိုးရဘက်တော်သား ရဲဝန်ထမ်းတွေကို လိုင်းကြေးနည်းနည်းပေးထားရင် သူတို့ စိတ်ကြိုက်လုပ်ခွင့်ရနေတဲ့သဘောလည်း ပါပါတယ်။အရင်ကတော့ ရဲတွေက သတင်းအရသွားဖမ်းတာတို့၊ စီမံချက်နဲ့ အလုံးအရင်းဖမ်းဆီးတာတို့ကို လုပ်ခဲ့ကြပေမဲ့ အခုနောက်ပိုင်းတော့ လှည့်ကိုမကြည့်ကြတော့ပါဘူး။ လိုင်းကြေးတွေရလို့ မသိလိုက် မသိဖာသာ နေနေကြတာ လားဆိုတာတော့ သူတို့ပဲ သိမှာပါ။

#နှစ်လုံး

သုံးလုံးထိုးရင် ထောင်ဘယ်နှစ်နှစ်ကျမလဲ တကယ်တော့ မြန်မာနိုင်ငံရဲ့လောင်းကစားအက်ဥပဒေအရ နှစ်လုံး၊ သုံးလုံးထိုးတာဟာ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကနေ ၁ဝ နှစ်အတွင်း ကျနိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းထားတာရှိပါတယ်။ ဒါပေမဲ့ သိတယ်မလား။ မြန်မာနိုင်ငံရဲ့ဥပဒေက ငွေလည်း နည်းနည်းပါးပါးလာဘ်ထိုးလိုက်ရင် ခဏမကြာ ပြန်လွတ်လာကြတာချည်းပါပဲ။

#ဘာကြောင့်

AA က ဖြေရှင်းပေးသင့်တာလဲဆိုတော့ ရခိုင်မြေမှာ ဒီနှလုံး၊ သုံးလုံးကိစ္စကို အဓိက ကိုင်တွယ်ဖြေရှင်းဖို့တာဝန်ရှိလာတာကတော့ ရက္ခိုင့်တပ်တော်(AA)ပဲ ဖြစ်ပါတယ်။ ဒီကိစ္စ ရခိုင်မှာ ရှုပ်ရှက်ခတ်နေတာတွေကို ရခိုင်လူထုကြားစိမ့်ဝင်ပျံ့နှံ့နေတဲ့ AA ကလည်း သိပါတယ်။ သိသိရင်းနဲ့ ဘာကြောင့် တားမြစ်မှုတွေမလုပ်တာလဲ။ အရေးယူမှုတွေ မလုပ်ရတာလဲ။ ကိုယ့်ရခိုင်ပြည်သူတွေ လူမှုစီးပွားဘဝတွေပျက်စီး၊ ဆင်းရဲတွင်းတွေ နက်သထက်နက်နေကြတာတွေကို ဘာကြောင့် လက်ပိုက်ကြည့်နေနိုင်ရတာလဲ။ ဒါနဲ့ပတ်သက်ပြီး တားမြစ်အရေးယူဖို့အတွက် AA ဆီမှာ မူဝါဒတွေမရှိသေးလို့လား။ မူဝါဒတွေ ချတုန်းဖြစ်လို့လား။ အခြေအနေတစ်ခုကို စောင့်ကြည့်နေတုန်းမို့လား။

ဘယ်လောက်ထိ စောင့်ကြည့်မလဲ။ရခိုင်ပြည်သူလူထုရဲ့ တရားဥပဒေကိစ္စရပ်တွေ၊ အမှုအခင်းကိစ္စရပ်တွေကို သမာသမတ်ကျကျကိုင်တွယ် ဖြေရှင်းမှာဖြစ်လို့ တိုင်ကြားနိုင်တဲ့အကြောင်း AA က ကြေညာထားပြီးသား။ တိုင်ကြားလာတဲ့ ဖြစ်ရပ်တွေကိုလည်း မျှမျှတတဖြေရှင်းပေးနေပြီလည်းဖြစ်ပါတယ်။ ဒီလိုဆို ဒီနှစ်လုံး၊ သုံးလုံးကိစ္စတွေကို AA ဆီမှာ တိုင်ကြားတဲ့သူမရှိလို့လား။ မတိုင်ကြားလို့ ဖြေရှင်းမပေးတာလား။ တိုင်ကြားပေမဲ့ ဖြေရှင်းမပေးတာလား။ ဒါတွေက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ပြည်သူတွေ ကွဲကွဲပြားပြားသိချင်နေကြပါတယ်။ပြောရမယ်ဆိုရင် ဒီနှစ်လုံး၊ သုံးလုံးကိစ္စတွေကို AA ဘက်က ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းသင့်နေပါပြီ။ အားမနာတမ်းပြောရမယ်ဆိုရင် AA အနေနဲ့ ဖြေရှင်းဖို့ နောက်တောင်ကျနေပါပြီ။

ဒီထက်နောက်ကျမယ်ဆိုရင် ခေတ်အဆက်ဆက်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ နက်သထက်နက်နေတဲ့ရခိုင်ပြည်ရဲ့ဆင်းရဲတွင်းက ထပ်ထပ်ပြီး နက်သွားရတော့မယ့်အခြေအနေ ဖြစ်နေပါပြီ။ ဒီနှစ်လုံး၊ သုံးလုံးကိစ္စနဲ့ပတ်သက်ပြီးတွေးကြည့်ရင် ရခိုင်ပြည်အတွက် ရင်လေးစရာပါပဲ။ ဒီနှစ်လုံးထီ၊ သုံးလုံးထီ ရခိုင်မြေမှာဆက်ရှိနေသရွေ့ ရခိုင်မြေရဲ့ဆင်းရဲတွင်းက ဆက်နက်နေဦးမှာပါပဲ။ လူတွေရဲ့ အကျင့်စာရိတ္တတွေဟာလည်း ပိုပျက်စီးပြီး လှပတဲ့လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်လာစရာအကြောင်းမရှိပါဘူး။ ဒါတွေကို အချိန်မီတားဆီးပေးဖို့ သင့်ပါတယ်။

လှထွန်းဖြူ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဖေဖော်ဝါရီ ၆၊ ၂၀၂၂