• Today is: Sunday, February 25, 2024

တိုင်းရင်းသားများ၏ စစ်အင်အားတောင့်တင်းရေးအိပ်မက် သို့မဟုတ် နိုင်ငံရေးကို စစ်ရေးဖြင့် ဖြေရှင်းခြင်း  (ဗမာလူမျိုးထံမှ သင်ခန်းစာ)

တိုင်းရင်းသားများ၏ စစ်အင်အားတောင့်တင်းရေးအိပ်မက် သို့မဟုတ် နိုင်ငံရေးကို စစ်ရေးဖြင့် ဖြေရှင်းခြင်း  (ဗမာလူမျိုးထံမှ သင်ခန်းစာ)

၂၁ရာစုပင်လုံညီလာခံ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ခေါင်းဆောင်များက ‘မြန်မာ့နိုင်ငံရေးပဋိပက္ခသည် နိုင်ငံရေးပြသနာဖြစ်သည့်အတွက် နိုင်ငံရေးဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း’ အကြိမ်ကြိမ် ပြောဆိုခဲ့ကြသည်။ ယင်းသည် မူအားဖြင့် မှန်ကန်မှုရှိပါသည်။ သို့သော် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် ဖြုတ်ချရေးအတွက်ဖြစ်စေ၊ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်ဖြစ်စေ၊ ဒေါ်အောင်ဆန်းစု ကြည်၏ ‘အနုနည်းလမ်းစဉ်’ သက်သက်ဖြင့် ဖော်ဆောင်လို့မရမှန်း အများက လက်ခံ မြင်တွေ့လာကြပြီး ဖြစ်သည်။

အကြောင်းမှာ ဤနိုင်ငံသည် နှစ်ပေါင်းများစွာ စစ်နွံထဲကျွံသွား (militarization)သည့်အတွက် အုပ်စိုး သူများသည် လက်နက်အင်အားဖြင့် ပြည်သူ(အထူးသဖြင့် တိုင်းရင်းသားများ)ကို ဖိနှိပ်လျက်ရှိပြီး သေနပ်စကားသာ နားလည်ကြသည်ဖြစ်ရာ သူတို့နှင့် နိုင်ငံရေးစကားပြောရန် သူတို့အသိအမှတ် ပြုနားလည်သည့် သေနတ်ဘာသာစကားဖြင့် မဖြစ်မနေ စကားပြောရန် လိုအပ်လာသည့်အတွက် ဖြစ် သည်။ တစ်နည်းဆိုလျှင် လက်နက်အင်အားဖြင့် နိုင်ငံရေး ချိန်ခွန်လျာ (political leverage) ညှိဖို့လိုပါသည်။

အထူးသဖြင့် လူမျိုးပျောက်ကွယ်သွားနိုင်လောက်အောင် စစ်အင်အားဖြင့် နှစ်ပေါင်းများစွာ ဖိနှိမ့်ခံရသည့် တိုင်းရင်းသားလူမျိုးများအတွက် ကိုယ့်လူမျိုးကို ကာကွယ်ရန်နှင့် ကိုယ်ပိုင်ပြဌာန်းနိုင်ရန် ခိုင်မာ အားကောင်းသည့် စစ်အင်အားတည်ဆောက်မှုကို မဖြစ်မနေ လိုလားတောင့်တလာကြသည်။

ယင်းသည်လည်း အသစ်အဆန်းမဟုတ်ပေ။ ဤနိုင်ငံတွင် အင်အားအကြီးဆုံးဖြစ်သော ဗမာလူမျိုး သည်ပြင်လျှင် စစ်ပွဲအောင်နိုင်ခြင်းဖြင့် လူမျိုးတည်ဆောက်ခဲ့ခြင်းဖြစ်သည်ကို သမိုင်းမှာ အထင်အရှား ဖြစ်ပါသည်။ တဘက်မှာ ပျူလူမျိုးများသည်လည်း နန်ချောင်ကို စစ်ရှုံးသည့်အတွက် ပျောက်ကွယ် သွားခြင်းဖြစ်သည် (တစ်ချို့ပြောသလို စာပေယဉ်ကျေးမှု ပျောက်လို့မဟုတ်ပေ)။ သမိုင်းကြောင်းဖြင့် အကျဉ်းချုံး ပြန်လည်ကြည့်လိုက်လျှင်-

နောက်ကျမှ ဝင်လာသည့် လူမျိုး

ဗမာလူမျိုး မရောက်ရှိခင် ဤနိုင်ငံတွင် ပျူလူမျိုး၊ မွန်လူမျိုး၊ ရခိုင်လူမျိုးနှင့် ချင်းလူမျိုး စသည်တို့သည် ရာစုနှစ်နှင့်ချီ စော၍ ရောက်ရှိနှင့်ကြပြီဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဗမာလူမျိုး ဤနိုင်ငံမှာ ဝင်ရောက် လာသည့်အချိန်မှာ ပျူ၊ မွန်နှင့် ရခိုင်တို့သည် ‘ကိုယ့်ထီးကိုယ့်နန်း’ကိုယ်စီဖြင့် အခိုင်အမာ အခြေချ နေထိုင်ခဲ့ကြနှင့်ပြီး ဖြစ်ပါသည်။ ပျူလူမျိုးများဆိုလျှင် ဗမာလူမျိုးများ ဤနိုင်ငံသို့ မရောက်ခင် နှစ်ပေါင်း ၅၀၀ ထက်မနည်း (အေဒီ ၃ ရာစုမှ ၉ ရာစုအထိ)ကို ယခု ပြည်၊ ကျောက်ဆည်နှင့် ပုဂံ အနီးတဝှက်တွင် မြို့ကြီး ၅ မြို့နှင့် တိုင်း ၁၈ ခု ဖွဲ့စည်းတည်ဆောက်၍ ပထမမြန်မာနိုင်ငံဟု တင်စားရလောက်အောင် အဆင့်အတန်းမြင့်မားစွာဖြင့် နေထိုင်ခဲ့ကြပြီးဖြစ်သည်။

ထိုကာလတွင် ဗမာလူမျိုးတို့သည် နန်ချောင်-Nanzhao ပြည်(ယခု ယူနန်ပြည်နယ်)အောက်တွင် နေထိုင်ခဲ့ကြသည်။ မင်းစီး ကျွမ်းကျင်း၍ ရှေ့တန်းတွင် စစ်တိုက်သည့် အုပ်စုများဖြစ်ကြသည်။ ထိုသို့ဖြင့် နန်ချောင်က အရှေ့တောင်အာရှဒေသ ခပ်များများအပါဝင် ပျူတိုင်းပြည်ကိုလည်း အေဒီ ၈၃၂ တွင် သိမ်းပိုက် နိုင်ခဲ့သည်။

ထိုစစ်ပွဲတွင် ပါဝင်သည့် ဗမာလူမျိုးများသည် နန်ချောင်သို့ ပြန်မသွား‌တော့ဘဲ ပျက်ဆီးသွားသည့် ပျူတိုင်းပြည် တည်ရှိရာ ကျောက်ဆည်၊ ပြည်၊ ပုဂံ အနီးတစ်ဝိုက်တွင် အပြီးတိုင် ဆက်လက် အခြေချနေထိုင်လာတော့သည်။

စစ်ပွဲအောင်နိုင်ခြင်းဖြင့် လူမျိုးတည်ဆောက်ခြင်း(ဗမာ)

ဆိုခဲ့ပြီးသည့်အတိုင်း ဗမာလူမျိုးများသည် ဤနိုင်ငံတွင် သူများထက် နောက်ကျပြီးမှ ဝင်လာခြင်းဖြစ်သော်လည်း စစ်ပွဲအောင်နိုင်ခြင်းကြောင့် လူမျိုးတည်ဆောက်ရေး(nation-building)ကို သူများထက် လျှင်မြန်အောင် ဆောင်ရွက်နိင်ခဲ့ခြင်းဖြစ်သည်။

ပျူတိုင်းပြည် ပျက်ဆီးသည့် နှစ်အနည်းငယ် (၁၇နှစ်ခန့်)တွင် ပုဂံပြည် ပေါ်ပေါက်လာသည်။ ထိုစဉ်က နာမည်ကြီးခဲ့သည့် ပျူစောထီးသည်ပြင် ပျူတိုင်းပြည် ကို သိမ်းပိုက်ရာတွင် ပါဝင်သည့် နန်ချောင်(ဗမာ)စစ်သူရဲကောင်းကို ဒဏ္ဏာရီဆန်ဆန်ဖြင့် တင်စားဖွဲ့နွေ့ခြင်း ဖြစ်မည်ဟု ဆိုကြသည်။

ထို့နောက် နှစ်ပေါင်း ၂၀၀ ခန့်ကြာလာသည့်အခါ ပထမဆုံး ဗမာဘုရင် ပေါ်ပေါက်လာတော့သည် (အနော်ရထာ- အေဒီ ၁၀၄၄)။ တစ်နည်းအားဖြင့် ထိုအချိန်မှစ၍ ဗမာလူမျိုးဆိုသည်ကို အတည်တကျ မြင်တွေ့တည်ဆောက်နိုင်ခြင်းဖြစ်သည်။ အနော်ရထာ မပေါ်ပေါက်ခင်အထိ ဗမာ သို့မဟုတ် မြန်မာ ဆိုသည့် လူမျိုးနာမည်ကို သမိုင်းတွင် မတွေ့ရှိရပေ။

ထိုမှ ဗမာဘုရင်အဆက်ဆက်က မွန် သထုံပြည်ကို အေဒီ-၁၀၅၇ တွင် တစ်ကြိမ်၊ အေဒီ ၁၇၅၇တွင် မွန် (ပဲခူး)ကို တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် သိမ်းပိတ်နိုင်ခဲ့သည်။ ရခိုင်ကိုလည်း အေဒီ ၁၇၈၅ ခုနှစ်တွင် သိမ်းပိတ်နိုင်ခဲ့သည်။ ထို့ပြင် အရှေ့ဘက်တွင် ထိုင်း(ယိုးဒီးယား)ပြည်နှင့် အနောက်မြောက်ဘက်တွင် မဏီပူရ်ပြည်နှင့် အာသံပြည်(အိန္ဒိယ)အထိကိုလည်း တစ်ခါတစ်လေ သိမ်းပိတ်နိုင်ခဲ့သည်။

ဗမာလူမျိုးသည် သမိုင်းတစ်လျှောက်တွင် မွန်ဂိုအင်ပါယာနှင့် ဗြိတိလျှအင်ပါယာတို့ကလွဲ၍ စစ်ပွဲရှုံးလေ့မရှိဟု ဆိုနိုင်သည်။

ထို့ကြောင့် ‘မြန်မာ’ဆိုသည်မှာ ‘မြန်လည်းမြန်’ ‘မာလည်းမာ’ဟု ဖွဲ့နွဲ့ကြသည်မှာ အမှန်တကယ်လည်း သူတို့က သမိုင်းတစ်လျှောက် စစ်တိုက်ရာတွင် လျှင်မြန်၍ မာကျောသည့် လူမျိုးဟု တင်စားခြင်းဖြစ်ရာ သင့်တော်မှုရှိပါသည်။

ခြုံငုံသုံးသပ်ချက်

ကမ္ဘာမှာ အနုမြူဗုံး ပိုင်ဆိုင်သည့် နိုင်ငံအချင်းချင်း ကြားမှာ စစ်ပွဲမဖြစ်ဖူးပေ။ ထို့ကြောင့် အနုမြူဗုံးက ပဋိပက္ခထက် ငြိမ်းချမ်းရေးကို ယူဆောင်ပေးသည်ဟု ရှုမြင်သူများပြင်ရှိသည်။ တစ်ကယ်လည်း စစ်အင်အားတောင့်တင်းသည့် လူမျိုးနှင့် တိုင်းပြည်များသည် မျက်နှာသာရပြီး စစ်ပွဲကျရှုံးသည့် လူမျိုးနှင့် တိုင်းပြည်များသည် အင်အားချိနဲ့ပြီး အထက်တွင်ဖော်ပြထားသည့် ပျူလူမျိုးများကဲ့သို့ လူမျိုး ပျောက်ကွယ်သည်အထိ ဆိုက်ရောက်တတ်ပါသည်။

ဘိန်းဘုရင်ဟု နာမည်ကြီးခဲ့သော ခွန်စားက “စစ်မတိုက်ချင်ရင် စစ်အင်အားတည်ဆောက်ပါ” ဟု ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် ဤအချက်သည် မှန်သင့်သလောက် မှန်ကန်ကြောင်း ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က သက်သေပြပါသည်။ ရန်သူ့စစ်တပ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်သည့် အင်အား ကိုယ့်ဆီမှာရှိလျှင် ၎င်းရန်သူက လာရောက် တိုက်ခိုက်ရန် အလား အလာနည်းသွားမည်။

‘ဝ’ပြည်ကဲ့သို့ အင်အား တောင့်တင်းသည့် စစ်တပ်ရှိလျှင် ကိုယ့်ပြည်နယ်/ကိုယ့်လူမျိုး ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အဝရရှိမည် ဆိုသည့်အယူအဆနှင့် ထိုသို့အားကျမှုက အခြား တိုင်းရင်းသားများမှာ ပြန့်နှံ့လာပါသည်။ AA ခေါင်းဆောင်များဆိုလျှင် ၎င်းကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်သည်။

စစ်ပွဲသည် မည်သူကမျှ မလိုလားပေ။ စစ်ရေးဖြင့် လူမျိုးနှင့် တိုင်းပြည်တည်ဆောက်ခြင်းသည် အကောင်းဆုံးနည်းလမ်း မဟုတ်မှန်းလည်း အားလုံးသိပါသည်။

သို့သော် တိုင်းရင်းသားများလည်း ဗမာကဲ့သို့ စစ်ပွဲအောင်နိုင်ခြင်းဖြင့် လူမျိုးတည်ဆောက်လိုကြပါသည်။ ပျူလူမျိုးကဲ့သို့ စစ်ပွဲရှုံး၍ လူမျိုးပျောက်ကွယ်သွားမှာကို စိုးရိမ်ကြသည်။ ထို့ကြောင့် ‘ဝ’ပြည်ကဲ့သို့ အခြားတိုင်းရင်းသားများလည်း စစ်တိုက်စရာမလိုတော့သည်အထိ စစ်အင်အားတောင့်တင်း လိုကြ သည်။ အနည်းဆုံးအားဖြင့် ကချင်(KIA), ရခိုင်(AA), ရှမ်း(RCSS) နှင့် ကရင်(KNU) တို့ကဲ့သို့ ရန်သူ (စစ်တပ်)ကပြင် လေးစားအသိအမှတ်ပြုသည့် လက်နက်ကိုင်တပ်ပိုင်ဆိုင်နိုင်ရေးကို ကျန်တိုင်းရင်း သားများကလည်း အိပ်မက်မက်နေကြမည်မှာ မဆန်းပေ။

ဆလိုင်းထောင်း ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၁၀၊ ၂၀၂၂