• Today is: Sunday, February 25, 2024

အမျိုးသားညီညွတ်ရေးအစိုးရ ဆိုသည်မှာ

အမျိုးသားညီညွတ်ရေးအစိုးရ ဆိုသည်မှာ

အမျိုးသားညီညွတ်ရေးအစိုးရ၏ မူလဇစ်မြစ်

၂၀၂၀ခုနှစ် ရွေးကောက်ပွဲမဲရလဒ်ကိုအကြောင်းပြပြီး မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်တသိုက် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီမျိုးစေ့လေး ပြန်လည်အမြစ်ခြောက် တိမ်ကော သွားခဲ့ရသည်။ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်သော (၁) ပြည်သူ၊ (၂) တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၊ (၃) မဲရလဒ်ကို အနိုင်ရရှိခဲ့သော ရွေးကောက်ခံကိုယ်စားများ၊ (၄) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ နှင့် အခြားနိုင်ငံရေး ပါတီဝင်များနှင့် (၅) ၈၈ မျိုးဆက်နှင့် ခေတ် အဆက်ဆက် တော်လှန်ရေး ခေါင်းဆောင်များက တိုင်ပင်ကိုက်ထားခြင်းမရှိဘဲ လမ်းပေါ်ထွက်ခဲ့ကြသည်။

လူထု၏မြေပေါ်သပိတ်အင်အား အားကောင်းနေချိန် ဖေဖော်ဝါရီလအစပိုင်း ( ဖေဖော်ဝါရီလ ၆ ရက်နေ့ ၂၀၂၁ ခုနှစ်) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကို ဖွဲ့စည်းခဲ့ကြသည်။ ဧပြီလနှောင်းပိုင်းတွင် ရွေးကောက်ခံကိုယ်စားလှယ် (၅)ဦးကို ထပ်မံဖြည့်သွင်းခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၂၄ရက် ၂၀၂၁ခုနှစ်တွင် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်ကို ပြဌာန်းပြီး မြေပြင်ရှိ ပြည်သူများ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးအတွက် ကြိုးပမ်းခဲ့ပေမဲ့ စစ်ကောင်စီ၏တင်းကျပ်သောအမိန့်အာဏာများကြောင့် ရေးရေးမျှသာအရာထင်ကျန်ခဲ့ရသည်။

၂၀၂၁ခုနှစ်၊ မတ်လ (၁) ရက်နေ့တွက် အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာခဲ့သည်။ တဆက်တည်း မတ်လ ၂ရက်နေ့တွင် ပဏာမအနေနဲ့ CRPH မှာ ခေတ္တပြည်ထောင်စုဝန်ကြီး လေးဦးကို ခန့်ခဲ့ကြပြီး အစိုးရအုပ်ချုပ်ရေးယန္တရားကို စတင်အခြေချ လည်ပတ်ခဲ့ကြသည်။ တချိန်တည်းတွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး ဖက်ဒရယ်ပဋိဉာဉ်ကို ရေးဆွဲခဲ့ကြပြီး မတ်လ ၃၁ရက်နေ့ ၂၀၂၁ခုနှစ်ညသန်းခေါင်တွင် ထုတ်ပြန်ခဲ့သည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်စာတမ်းတွင်

 ၁။ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး။

၂။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအပြီးသတ် ဖျက်သိမ်းရေး။

၃။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး။

၄။ အရပ်သား ပြည်သူ့အစိုးရ ပေါ်ထွန်းရေး။

ကို ရည်ရွယ်ချက်အနေနှင့် ပြဌာန်းထားသည်။ အနှစ်သာရအနေနှင့်  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ မူဝါဒနှင့်အညီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တို့ နိုင်ငံတော်ကို စီမံအုပ်ချုပ်ဆောင်ရွက်ရမည် ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစု၊ နိုင်ငံရေးအင်အားစု၊ သပိတ်အင်အားစု၊ အမျိုးသမီးနှင့်လူငယ်အင်အားစု၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ များနှင့် ဖွဲ့စည်းထားပြီး မျက်မှောက်တော်လှန်ရေးနှင့် အနာဂါတ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သောရှေ့ဆောင်နိုင်ငံရေးဝါဒ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး၊ ကြားကာလတွင် ကျင့်သုံးရမဲ့ နိုင်ငံရေးလမ်းစဉ်နှင့် မူဝါဒများကို ချမှတ်ရန် ရည်ရွယ်ဖွဲ့စည်းထားသော်လည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေနှင့် တော်လှန်ရေး ရေချိန်နှင့်အညီ မူဝါဒများနှင့် နိုင်ငံရေးလမ်းညွှန်ချက်များကို ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိသေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပုံ

အမျိုးသားညီညွတ်ရေးအစိုးရကို ကြားကာလအစိုးရတရပ်အနေနဲ့ ဖွဲ့စည်းခဲ့ပြီး ယာယီသမ္မတ တစ်ဦး၊ ပြည်ထောင်စုဝန်ကြီးချုပ်တစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီးဌာန ၁၂ ခုနှင့် ကဏ္ဍအလိုက်အုပ်ချုပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဝန်ကြီးဌာန ၅ ခုကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ဖက်ဒရယ်တပ်မတော်၏အမြုတေ အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တည်ထောင်လိုက်ကြောင်း၂၀၂၁ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ တော်လှန်ရေးအခန်းကဏ္ဍ

အမျိုးသားညီညွတ်ရေးအစိုးရ၏ တော်လှန်ရေးအခန်းကဏ္ဍကို သုံးသပ်ရမည်ဆိုလျှင် တော်လှန်ရေးအတွက်လိုအပ်သော နိုင်ငံရေးနှင့် တော်လှန်ရေးလမ်းစဉ် လမ်းညွှန်ဦးဆောင်မှု ပေးရန် ဖြစ်သည်။ လက်ရှိတော်လှန်ရေးလိုအပ်ချက်အရ အရေးကြီးဆုံးသော ဝန်ကြီးဌာနကြီးအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနတို့ ဖြစ်ပြီး ထိုဝန်ကြီးဌာနများအနေနှင့် တော်လှန်ရေး လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ပြည်သူ့လိုအပ်ချက်များကို ဦးဆောင် ဖြည့်ဆည်းပေးရန် လိုအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊  ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန၊ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန စသည့်ဌာနများအနေနှင့် တော်လှန်ရေး အတွက် လိုအပ်သော ထောက်ပံ့မှုများပေးနိုင်ရန်နှင့် တော်လှန်ရေးအကျိုးရလဒ်ကို အခြေပြုပြီး စစ်ကောင်စီ အာဏာစက်ကို ပြည်တွင်းနှင့် ပြည်ပနယ်ပယ်များတွင် ဘောင်ကျဉ်းသေးကျုံ့သွားစေရန် အပတ်တကုတ် ဆောင်ရွက်သွားရန် လိုသည်။ အခြားဝန်ကြီးဌာနများအနေနှင့် စစ်ကောင်စီ၏ ဒေါက်တိုင်ဖြိုချနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါသည်။

တော်လှန်ရေးအခြေအနေ

ပင်လုံစာချုပ် အကောင်အထည်မဖော်နိုင်ခဲ့သည့်နောက်ဆက်တွဲဆိုးကျိုးကြောင့် လွတ်လပ်ရေးနှင့် အတူ ပြည်တွင်းစစ်ကြီး လောင်ကျွမ်းခဲ့ရသလို တော်လှန်ရေး အင်အားစုများ နေရာအနှံ့ ပေါ်ပေါ်လာခဲ့ရသည်။ အင်အားအကြီးဆုံး အဖွဲ့အစည်းအနေနှင့် ဗမာပြည်သူအများဆုံး ပါဝင်သည့် ဗမာပြည်ကွန်မြူနစ် ပါတီကြီးသည် ဦးနုနှင့် နေဝင်းအစိုးရကို တော်လှန်ပုန်ကန်ခဲ့ကြသလို ကရင်၊ မွန်၊ ရှမ်း တိုင်းရင်းသားများ လည်း တော်လှန်ခဲ့ကြသည်။ တဆက်တည်းလိုလို ကချင်၊ ချင်း၊ ဝ၊ ပလောင်၊ ကယားနှင့် တိုင်းရင်းသား အသီးသီးတို့ ဌာနဒေသအသီးသီးတွင် ဖက်ဒရယ်ဒီမိုကရေစီအတွက် တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည်။ နေဝင်းအစိုးရနှင့် စစ်အာဏာရှင်အစိုးရအဆက်ဆက် ကြောင့် ပဲခူးရိုးမအပါအဝင် တပြည်ထောင်လုံးကို စိုးမိုးတော်လှန်နိုင်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီကြီးသည် ၁၉၈၉ တွင် အပြီးတိုင် ချုပ်ငြိမ်းသွားခဲ့ပေမဲ့ တိုင်းရင်းသားဒေသ တော်လှန်ရေးအဖွဲ့အစည်းများက ဆက်လက်တော်လှန်နေဆဲပင် ဖြစ်သည်။

မြန်မာနိုင်ငံရေးတော်လှန်ရေးသက်တမ်းကို ကြည့်လျှင် အနှစ် ၇၀ ကျော်ခဲ့ပြီလို့ ဆိုနိုင်သလို နွေဦးတော်လှန်ရေးသည်လည်း ပင်လုံစာချုပ်ကြောင့် ဖြစ်တည်လာသော တော်လှန်ရေးကြီး၏ အပိုင်းဆက်တစ်ခုဖြစ်ပြီး အရှိန်တဟုန်ထိုးမြင့်တက်လာသော တော်လှန်ရေးအထွဋ်အထိပ်တစ်ခုဖြစ်သည်။

တော်လှန်ရေးသမိုင်းအရ ကောင်းခြင်း၊ ဆိုးခြင်း၊ အားသာချက်၊ အားနည်းချက်များကို နည်းနာယူပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ပြည်သူ့အင်အားကို ဟန်ချက်ညီ ထိန်းညှိဦးဆောင်ပေးခြင်းဖြင့် အနှစ် ၇၀ မြန်မာ့တော်လှန်ရေးကို အဆုံးသတ်စေပြီး ဗမာတစ်ကျပ် ကရင်တစ်ကျပ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။

ကံ့ကော်ဖြူ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂