• Today is: Thursday, March 28, 2024

“၂၀၂၂ ခုနှစ် တိုင်းရင်းသားအရေးကိုမျှော်မှန်းခြင်း (လူငယ်စကားဝိုင်း)” အနှစ်ချုပ်

“၂၀၂၂ ခုနှစ် တိုင်းရင်းသားအရေးကိုမျှော်မှန်းခြင်း (လူငယ်စကားဝိုင်း)” အနှစ်ချုပ်

ရက်စွဲ – ၁၆.၁.၂၀၂၂၊

အချိန် – ညနေ ၅ နာရီတ

​ရော- zoom livestream

ပါဝင်ဆွေးနွေးကြသူများ

La Ja (ကချင်လူငယ်)၊

Khun Steven (ကယားလူငယ်)၊

စောဖိုးထူး (ကရင်လူငယ်)၊

ပါလ (မွန်လူငယ်)၊

သက်စံရွှေ (ရခိုင်လူငယ်)၊

နိုင်အောင်မိုင်း (တအာန်း-ပလောင်လူငယ်)၊

Salai Ngun San Aung (ချင်းလူငယ်)တို့ဖြစ်သည်။

Moderator အနေဖြစ် ဖုန်ဖုန် ဦးဆောင်ပေးသည်။

“ပါဝင်ဆွေးနွေးကြသူများ၏ အသံများ

ဆွေးနွေးမှု အနှစ်ချုပ်”

La Ja (ကချင်လူငယ်) – စစ်ဘေးရှောင်တွေက တိုင်းရင်းသားဒေသတွေမှာ ပိုများတယ်။ အရင် ၁၉၈၈ တုန်းကသတင်းမီဒီယာတွေ ကအခုလောက်မရှိတော့ သိပ်မသိဘူး။ အခုကတော့ အများကြီးပဲ၊ ကျွန်တော်တို့ကချင်ပြည်နယ်မှာ စစ်ဘေးရှောင်တွေ သိန်းချီရှိ တယ်။ ကချင်လွတ်မြောက်ရေးတပ်မတော်ထိန်းချုပ်ထားတဲ့နေရာတွေမှာရှိတယ်။

ဗမာအစိုးရထိန်းချုပ်ထားတဲ့နေရာတွေမှာလည်း ရှိတယ်။ NUG အနေနဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဠာန်းနိုင်ဖို့လိုတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိရင် နိုင်ငံတကာကကူညီဖို့အရမ်းခက်ခဲတယ်။

 အဓိကက မြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းဖို့ဆိုရင် ဗမာပြည်နယ်ဖွဲ့စည်းရေးက လိုကိုလိုအပ်ပါတယ်။ ဗမာပြည်ဖွဲ့စည်းရေး က ဖက်ဒရယ်နဲ့လည်းဆက်စပ်တယ်။ NUG ကအခုချိန်မှာ ပဋိဉာဉ်နဲ့သွားနေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မသွားဘူး။ အခုရှိနေတဲ့ တိုင်းဒေသကြီးတွေကိုဖျက်သိမ်းပြီး ဗမာပြည်နယ်ဖွဲ့စည်းရမယ်။ အရင်ဆုံး ရှစ်ပြည်နယ်မူကိုသွားပြီးတော့ လူမျိုးပေါင်းစုံနေထိုင်တဲ့ နေရာတွေမှာ အမျိုးသားပြည်နယ်ဆိုပြီးသွားဖို့လိုမယ်။ ဖက်ဒရယ်ရဲ့ရန်သူ မဟာလူမျိုးကြီးဝါဒ၊ အစွန်းရောက်အမျိုးသားရေးဝါဒ တွေကို ဖယ်ထုတ်ရမယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ပြဿနာကိုဖြေရှင်းမယ်ဆိုရင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့လိုအပ် နေပါတယ်။ ၂၀၂၂ မှာ NUG အနေနဲ့ စစ်ကောင်စီကိုတော်လှန်နိုင်ဖို့ဆိုရင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲဖို့လိုပါ တယ်။

Khun Steven (ကယားလူငယ်) – ကျွန်တော်တို့ကရင်နီပြည်နယ်က CDM သပိတ်မှာလည်း ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ ရဲဝန်ထမ်းတွေ အများကြီးပူးပေါင်းပါဝင်ကြတယ်။ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်တဲ့နေရာမှာ ကျွန်တော်တို့ကရင်နီပြည်နယ်က အများကြီးပူးပေါင်းပါဝင်ခဲ့ပါတယ်။ လက်ရှိကျွန်တော်တို့ကရင်နီပြည်မှာ စစ်ဘေးရှောင် ၂၀၀၀၀၀ နီးပါးရှိတယ်။ အဓိကတောထဲမှာစစ်ဘေးရှောင်နေရတော့ ရေအရမ်းရှားပါးလိုအပ်နေတယ်။ ရေမရှိတော့ ယင်လုံအိမ်သာမသုံးနိုင် ဘူး။ ဝမ်းရောဂါတွေဖြစ်ကြတယ်။ ဆေးဝါးလည်းအလုံအလောက်မရှိဘူး။ ကျန်းမာရေး၊ စားဝတ်နေရေး၊ လုံခြုံရေး စတဲ့ပြဿနာတွေ အများကြီးရှိနေပါတယ်။

 ဒီတော်လှန်ရေးကာလမှာအရေးပေါ်သုံးရမယ့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလိုတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိပဲနဲ့ စင်ပြိုင်အစိုးရမဖြစ်နိုင်ဘူး။ NUG ကစင်ပြိုင်အစိုးရလို့ပြောတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိပြီလားလို့ ကျွန်တော်မေးခွန်းထုတ် ချင်တယ်။ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရှိမယ်ဆိုရင် ကျွန်တော်တို့ကရင်ပြည်နယ်မှာ ကိုယ့်အစိုးရနဲ့ကိုယ် ကိုယ့်တပ်မတော်နဲ့ ကိုယ် စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတယ်လို့ ကျွန်တော်တို့ပြောအားရှိတာပေါ့။ NUG ကကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘူးဆိုတာက ဗမာပြည်နယ်ဖွဲ့စည်းရေးကို လက်မခံတာပဲ။ ဗမာပြည်နယ်မဖြစ်ပေါ်လာမချင်းတော့ ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်၊ ကရင်တစ်ကျပ်၊ ကချင်တစ်ကျပ် …… အစရှိသဖြင့် တန်းတူညီမျှမဖြစ်လာနိုင်ဘူး။ ဗမာပြည်နယ်ဖွဲ့စည်းရေးက လိုကိုလိုအပ်နေပါ တယ်။

 NUG အစိုးရလို့ပြောနေပေမယ့် အခုထိကျွန်တော့်အမြင်ကတော့စင်ပြိုင်အစိုးရဖြစ်ဖို့ဆိုရင် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခု ရေးဆွဲဖို့လို တယ်။ ကြားကာလဖွဲ့စည်းပုံလည်း မသုံးရဲဘူး၊ ဗမာပြည်နယ်လည်းမဖွဲ့စည်းရဲဘူးဆိုရင် ဒီတော်လှန်ရေးက ဒုံရင်းကဒုံရင်းဖြစ်နေမှာပဲ။ ၂၀၂၂ မှာ ကျွန်တော်က ဖက်ဒရယ်စနစ်ကျင့်သုံးတာ မြင်ချင်ပါတယ်။ NUG ဒီထက်အလုပ်လုပ်ဖို့လိုတယ် လို့ကျွန်တော်ပြောချင်ပါတယ်။

စောဖိုးထူး (ကရင်လူငယ်) – ကျွန်တော်တို့ပြည်နယ်မှာဆိုရင် ကိုဗစ်ဘေးဒဏ်အရင်ခံရတယ်။ ပြီးတော့စစ်အာဏာသိမ်းတဲ့ ဒဏ်ခံရတယ်။ ၂၀၂၁ ခုနှစ်မှာ ကရင်ပြည်မှာ တိုက်ပွဲပေါင်း သုံးထောင်ကျော်ဖြစ်ပွားခဲ့တယ်။ ပြည်သူလူထု ၅၀၀၀၀ ကျော် စစ်ဘေးဒုက္ခသည်ဘဝ ရောက်ခဲ့ရတယ်။

 ကျွန်တော်တို့လက်ရှိအခြေအနေက ဗမာပြည်နယ်အလကားပေးချင်တာတောင်မှ မယူချင်တဲ့ပုံစံဖြစ်နေတာပေါ့။ မဟာလူမျိုးကြီးဝါဒကို စွဲကိုင်ထားတုန်းပဲ။ ဒီပုံစံနဲ့တော့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ဖို့က အဝေးကြီးပဲ။ ဒီနိုင်ငံမှာရှိတဲ့ လူများစု တစ်ခုက ပြည်နယ်မရှိပဲ ဖက်ဒရယ်ပြည်ထောင်စုမဖော်ဆောင်နိုင်ဘူး။ ဗမာနိုင်ငံရေးခေါင်းဆောင်တွေက ဗမာပြည်နယ်ဖွဲ့စည်းဖို့ ထဲထဲဝင်ဝင်ဆွေးနွေးတာမရှိဘူး။ ဗမာပြည်နယ်လိုအပ်တယ်ဆိုတဲ့သဘောတရားကို ဗမာခေါင်းဆောင်တွေနားလည်အောင် ကျွန်တော်တို့တိုင်းရင်းသားတွေက ဖြည်းဖြည်းချင်းနားလည်သဘောပေါက်အောင် ရှင်းပြဖို့လိုပါတယ်။ ဗမာပြည်နယ်ဖွဲ့စည်းရေးက လိုကိုလိုအပ်တယ်လို့ပြောချင်ပါတယ်။

 ကျွန်တော့်အနေနဲ့ကတော့ NUG အနေနဲ့ အချိန်ဆွဲမနေဘဲ လုပ်သင့်လုပ်ထိုက်တာကို အမြန်ဆုံးလုပ်စေချင်တယ်။ အချိန်ကြာရင် ပြည်သူတွေကတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။ လူမျိုးကြီးဝါဒကို ကျင့်သုံးနေတာ ရပ်စေချင်တယ်။ ကျွန်တော်တို့ ပြည်နယ်မှာ ကိုယ်ပိုင်ပြဠာန်းခွင့်နဲ့ အေးအေးချမ်းချမ်းမြင်စေချင်တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံကို တန်းတူညီမျှအားလုံးစုပေါင်း အုပ်ချုပ်တာ မြင်ချင်ပါတယ်။

ပါလ (မွန်လူငယ်) – ကျွန်တော်တို့မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ လေးကြိမ်ရှိပြီ။ အရင်က ဗမာလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းတွေရှိခဲ့တယ်။ ဗကပ တွေပေါ့၊ အိုင်ဒီယိုလိုဂျီမတူလို့ပေါ့။ တိုင်းရင်းသားတွေကတော့မတူဘူး။ တန်းတူညီမျှရေး အတွက်တိုက်ပွဲဝင်ကြတယ်ပေါ့။ ကျွန်တော်တို့မွန်ပြည်နယ်မှာ လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်မှုတွေရှိတယ်။ လူ့အခွင့်အရေးဆိုင် ရာတွေအတွက်ဆက်လက်ပြီးတော့ တိုက်ပွဲဝင်ကြဖို့ကျွန်တော်တို့က တွန်းအားပေးရမယ်ပေါ့။  ဗမာပြည်နယ်ဖွဲ့စည်းရေးက တန်းတူရေးကိုသွားမယ်ဆိုရင် လိုအပ်ပါတယ်။

သက်စံရွှေ ( ရခိုင်လူငယ်) – ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေမရှိတော့တာ ကြာပေမယ့် ပြည်သူတွေကတော့ ဖိနှိပ်ခံနေရတုန်းပါ။ စစ်ရေးအရခြိမ်းခြောက်မှုတွေရှိနေတုန်းပဲ။ အရပ်ဖက်အဖွဲ့အစည်းတွေကိုဖိနှိပ်တာ၊ မီဒီယာတွေကိုဖိနှိပ်တာတွေ ရှိနေပါတယ်။ ရှေးဉီးစွာ ကျွန်တော်တို့ညီအကိုတွေဖြစ်တဲ့ ကချင်၊ ချင်း၊ ကယား၊ ရှမ်းပြည်နယ်တွေမှာ စစ်ပွဲတွေဖြစ်နေတဲ့အတွက် အများကြီးကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ရခိုင်ပြည်မှာဆိုရင် အခု ULA/AA ကအုပ်ချုပ်ရေး၊ တရားစီရင်ရေး တွေလုပ်ဆောင်နိုင်နေပါတယ်။ ဒါကပြည်သူလူထုပူးပေါင်းပါဝင်မှုကြောင့် လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ နောက်တစ်ခုက တခြားပြည်နယ်တွေမှာမရှိတဲ့ ရိုဟင်ဂျာလို့ပဲခေါ်ခေါ်၊ ဘင်္ဂါလီကိစ္စပေါ့။

ကျွန်တော်တို့ရခိုင်ပြည်နယ်အတွက်အဟန့်အတားဖြစ်စေတဲ့ ကိစ္စပေါ့။ ULA/AA ခေါင်းဆောင်တွေက အရမ်းသတိထားပြီးကြိုးစားဖြေရှင်းနေရတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ ULA/AA အနေနဲ့ ဘုံရန်သူစစ်ကောင်စီကို လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းပြီး တိုက်ထုတ်နိုင်ဖို့မျှော်လင့်ပါတယ်။

 ကျွန်တော်တို့ရခိုင်တွေအနေနဲ့ ရခိုင်ပြည်နယ်နဲ့သက်ဆိုင်တဲ့နိုင်ငံရေးစနစ်ကို ကျွန်တော်တို့ရခိုင်တွေကိုယ်တိုင် ရွေးချယ်ခွင့် ရှိရမယ်။ တခြားပြည်နယ်တိုင်းရင်းသားတွေလည်း ဒီအတိုင်းပဲ။ ဗမာပြည်နယ်ဖွဲ့စည်းရေးကလိုကိုလိုအပ်ပါတယ်။ ဗမာတွေက လူများစုဖြစ်ပြီး နယ်မြေကျယ်ပြန့်တာက ကိစ္စမရှိပါဘူး။ နယ်မြေသတ်မှတ်ချက်ရှိဖို့အရေးကြီးပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ ကျွန်တော်တို့တော်လှန်ရေးကြီးက ရှည်ကြာလာနိုင်ပြီး စစ်ကောင်စီကပဲ နိုင်ငံတော်အာဏာကို ဆက်ထိန်းသွားနိုင်ပါတယ်၊ ဒါကြောင့် NUG အနေနဲ့ အားလုံးလက်ခံနိုင်တဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေးကို လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။

 ကျွန်တော်အနေနဲ့ လာမယ့်၂၀၂၂ ကိုဘယ်လိုမြင်ချင်လဲဆိုတော့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးတော့ လူမျိုးကြီးဝါဒချုပ် ငြိမ်းပြီးတော့ သက်ဆိုင်ရာပြည်နယ်တွေအနေနဲ့ သူတို့နဲ့ထိုက်တန်တဲ့ နိုင်ငံရေးစနစ်ကို ကျင့်သုံးခွင့်ရတာ မြင်ချင်ပါတယ်။

နိုင်အောင်မိုင်း (တအောန်း-ပလောင်လူငယ်) – ကျွန်တော်တို့ဒေသမှာတော့ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်တာထက် ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်းဖြစ်တာပိုများတာပေါ့။ နှစ်ဟောင်းကဖြစ်ခဲ့တဲ့ဟာတွေကို အတွေ့အကြုံယူပြီးတော့ နှစ်သစ်မှာအကောင်း ဆုံးဖြစ်အောင်ကြိုးစားရမယ်။ ၂၀၂၂ မှာ အာဏာရှင်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးအတွက် ကျွန်တော်တို့ကြိုး စားနေတယ်။

 အရင်တုန်းက မြန်မာနိုင်ငံကို အင်္ဂလိပ်တွေအုပ်ချုပ်ခဲ့တာက ငါးပြည်နယ်ခွဲပြီးတော့ အုပ်ချုပ်ခဲ့တာပေါ့။ ၁၉၇၄ ခုနှစ်မှာ တိုင်းနဲ့ပြည်နယ်တွေခွဲပြီးတော့ တိုင်းရင်းသားတွေ တစ်ကျပ်၊ ဗမာ ခုနစ်ကျပ်တွေလုပ်လိုက်တာပေါ့။ ဒါကြောင့် ဗမာပြည်နယ်ဖွဲ့စည်း ရေးကလိုအပ်ပါတယ်။ အခုချိန်မှာ အားလုံးကတူညီနေတဲ့အချက်က အာဏာရှင်ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေး ပေါ့။ ရှမ်းဆိုရင်ရှမ်းပြည်နယ်တည်ဆောက်မယ်။ ကချင်ဆိုရင် ကချင်ပြည်နယ်တည်ဆောက်မယ်။ ဖက်ဒရယ်ရဲ့အနှစ်သာရက ဘာလဲဆိုတာ ကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်။

 တိုင်းရင်းသားတွေစည်းလုံးညီညွတ်ဖို့ အရေးကြီးလိုအပ်နေပြီ။ အခုလက်ရှိစစ်အာဏာရှင်ကို ဉီးဆောင်တော်လှန်နေတာ NUG ပေါ့။ ၂၀၂၂ မှာ အာဏာရှင်စနစ်အဆုံးသတ် ကျဆုံးဖို့လိုအပ်တယ်။

 နိုင်ငံတကာရဲ့ထောက်ပံ့မှုတွေ အများကြီးလိုအပ်တယ်။ ၂၀၂၂ မှာ ကျွန်တော်တို့ရဲ့အရေးတော်ပုံအောင်မြင်ဖို့လိုအပ်တယ်လို့ ကျွန်တော်မြင်ပါတယ်။