• Today is: Friday, March 29, 2024

ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေး ဘဝတူတိုင်းရင်းသားများနှင့် တိုက်ပွဲဝင်သွားမည်ဟု NMSP ပြော

NMSP တပ်ဖွဲ့ကိုတွေ့ရစဉ်(NMSP)

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၂

 

မွန်ပြည်သစ်ပါတီ (NMSP)သည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးအတွက် ဘဝတူတိုင်းရင်းသားများနှင့် လက်တွဲ၍ နည်းလမ်း ပေါင်းစုံဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

ယနေ့ (ဖေဖော်ဝါရီ ၁၆) ရက်တွင် ကျရောက်သည့် စိန်ရတုမွန်အမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်တွင် အထက်ပါအတိုင်း NMSP က ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

 

NMSP က “မွန်ပြည်သစ်ပါတီအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး အပြောင်းအလဲများအား မျက်ခြေမပျက် စောင့် ကြည့် သုံးသပ်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးအတွက် မွန်အမျိုးသားများ၏ စုစည်းမှု အင်အားကို အဓိကထားကာ ပါတီ၊ တပ်ဖွဲ့နှင့် အခြေခံဒေသများ ခိုင်မာရေး အားကောင်းလာစေရန်အတွက် ဆက်လက် လုပ်ဆောင်လျှက် ဘဝတူ တိုင်းရင်းသား များနှင့် လက်တွဲ၍ နည်းလမ်းပေါင်းစုံ တိုက်ပွဲဝင်သွားမည်ဖြစ်သည်” ဟု ထုတ်ပြန်ခဲ့သည်။

 

ထို့အပြင် မွန်အမျိုးသားတို့၏ ရည်မှန်းချက် ပန်းတိုင်‌ရောက်ရှိရေးအတွက် မွန်နိုင်ငံရေးအင်အားစုများ ပြည်တွင်း ပြည်ပတွင် မှီတင်းနေထိုင်ကြသည့် မွန်မျိုးချစ်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအသီးသီးတို့ တွဲလက်ညီစွာဖြင့် မိမိတို့၏ အမျိုးသားရေးတာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြရန်လည်း NMSP က တိုက်တွန်းထားသည်။

 

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဖြစ်သော်လည်း လက်ရှိတွင် လက်နက်ကိုင်တိုက်ပွဲ သဏ္ဍာန် အရှိန် အဟုန် မြင့်တက်လာနေခြင်းကြောင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရန် အလားအလာ နည်းပါးကြောင်း ဖော်ပြထားသည်။

 

နိုင်ငံ၏ ရှုပ်ထွေးနေသည့် ပဋိပက္ခကို အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ဖြင့် ဖြေလျော့နိုင်ရေးအတွက် အမေရိကန်၊ တရုတ်၊ EU၊ ကုလသမဂ္ဂနှင့် အချို့‌သော ကမ္ဘာ့နိုင်ငံများမှ ရပ်တည်ထောက်ခံအားပေးခဲ့သော်လည်း အကောင်အထည် မပေါ် လာသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

NMSP အနေဖြင့် လက်နက်ကိုင် လမ်းစဉ်အပေါ် အခိုင်အမာရပ်တည်ပြီး နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာမှုများအတွက် တံခါးဖွင့်ထားမည်ဖြစ်ကြောင်း ပြောသည်။

 

NMSP သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် မွန်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။