• Today is: Friday, March 29, 2024

ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် ကွယ်လွန်မှုအပေါ် စစ်ခေါင်းဆောင် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် မုံးကိုးဒေသတွင် စစ်ကောင်စီတပ်နှင့် တကျော့ပြန်တိုက်ပွဲများ ပြင်းထန်နေသော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၏ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် ကွယ်လွန်မှုအပေါ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ကိုးကန့်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မြေပြင်တွင်မူ စစ်ကောင်စီ၏ ခြေမြန်တပ်မများသည် မုံးကိုးဒေသကို ထိန်းချုပ်နိုင်ရန်အတွက် စစ်ကြောင်းထိုးမှုများကို ပြီးခဲ့သည့် လပိုင်းများကတည်းက စတင်လုပ်ဆောင်ခဲ့သလို လေကြောင်းမှ ဗုံးကြဲခြင်း၊ ပစ်ကူပေးခြင်းများကိုလည်း များစွာအသုံးပြုပြီး တိုက်ခိုက်လျက် ရှိသည်။

သို့သော် စစ်ကောင်စီသည် လက်ရှိ အချိန်အထိ ထိုဒေသကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ ၎င်းတို့ဘက်မှ ရာနှင့်ချီပြီး အကျအဆုံး များနေသလို လက်နက်ခဲယမ်းများလည်း အများအပြား သိမ်းဆည်းရမိထားကြောင်း ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် ကွယ်လွန်မှုအား အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တချို့ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရသည်။