• Today is: Saturday, April 20, 2024

ကိုဗစ်စည်းကမ်းချက်များ လိုက်နာရန် ULA / AA သတိပေး

ဖက်ဒရယ်ဂျာနယ်

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၂

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုများ တကျော့ပြန် ရှိလာသည့်အတွက် လူစုလူဝေးများကိုရှောင်ရှားရန်ကြရန်နှင့် Mask တပ်ဆင်ခြင်း၊ လက်ပုံမှန်ဆေးခြင်းများဖြင့် ကိုဗစ်စည်းကမ်းချက်များကို လိုက်နာကြရန် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် ( ULA / AA ) ဖေဖော်ဝါရီလ ၂၀ နေ့ ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန် ထားသည်။

ကိုဗစ်စတုတ္တလိုင်း အစပျိုးနေချိန်တွင် ရခိုင်ပြည်နယ်သူများ အနေဖြင့် ဘာသာရေးနှင့်သက်ဆိုင်သည့်ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများ စသည့်ဖြင့် လူစုလူဝေးဖြစ်စေသည့် နေရာများသို့ အတတ်နိုင်ဆုံး သွားလာခြင်း မပြုလုပ်ကြရန်နှင့် ပြည်နယ်အတွင်း မြို့နယ်အလိုက် ကိုဗစ်ကူးစက်ပျံ့နှံမှု အပေါ် မူတည်ပြီး လာမည့် မတ်လ ၁ ရက်နေ့တွင် အသေးစိတ် စည်းကမ်းချက်များကို ထပ်မံ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ ချုပ် ( ULA / AA ) သတိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်အတွင်း အိုမီခရွန် ကိုဗစ်မျိုးရိုးဗီဇ ပြောင်းလဲသည့် ပိုးကူစက်ခံရသူများ ရှိလာခြင်းနှင့်အတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဓါတ်ခွဲ စစ်ဆေးချက်အရလည်း စစ်တွေမြို့နယ်တွင် ၂၃ ဦး၊ ကျောက်ဖြူနယ်တွင် ၆ ဦး ၊ မောင်တောမြို့နယ်တွင် ၁ ဦး ၊ အမ်းတွင် ၁ ဦး စသည့် ပိုးတွေ့ရှိခဲ့ပြီး စုစုပေါင်း ကိုဗစ် ကုသနေဆဲ လူနာ ၂၁၁ ဦးရှိကြောင်းလည်း ပြည်နယ်စီမံအုပ်ချုပ်မှုကောင်စီ၏ စာရင်းများ အရ သိရသည်။