• Today is: Monday, May 20, 2024

(နိုင်ငံရေး)အတွေးအခေါ်မရှိဘဲ လက်နက်ကိုင်ရင် ဘာတွေဖြစ်လာမလဲ

(နိုင်ငံရေး)အတွေးအခေါ်မရှိဘဲ လက်နက်ကိုင်ရင် ဘာတွေဖြစ်လာမလဲ?

တော်လှန်ရေးအင်အားစုတွေကြား ဒီမေးခွန်းကို ဆွေးနွေးဖို့ လိုနေတာ ကာလတခု ရှိပါပြီ။ ဒါပေမယ့် ကျယ်ကျယ်လောင်လောင် ဆွေးနွေးပြောဆိုတာ မရှိသလောက်ပါဘဲ။
 
စာရေးသူလည်း ဒီအကြောင်း‌ကို ဆွေးနွေးဖို့ တာဆူနေတာ ကြာပါပြီ။ အခုရေးဖြစ်တော့ အနီးဆုံးတွန်းအားက RCSS ခေါင်းဆောင် ဗိုလ်ချုပ်ယွက်ဆစ်ရဲ့ အင်တာဗျူး (တပိုင်းတစ) ပါဘဲ။
 
(ဒီနေရာမှာ စကားချပ်က မူရင်း အင်တာဗျူးက သျှမ်းဘာသာနဲ့ဖြစ်ပြီး စာရေးသူလည်း နားမလည်လို့ အပြည့်အစုံတော့ မသိပါဘူး။ ဘာသာပြန်နဲ့ထွက်လာတဲ့ တပိုင်းတစကိုဘဲ နားထောင်ရတာပါ။ အဲ့အတွက် သူ့ရဲ့ပြောဆိုမှုကို တစုံတရာမှတ်ချက် မပေးနိုင်ပါဘူး။)
 
အဓိက အကြောင်းအရာဖြစ်တဲ့ အတွေးအခေါ်နဲ့ လက်နက်အကြောင်း ပြန်သွား‌‌ရအောင်။ ဗိုလ်ချုပ် ယွက်ဆစ်က PDF တွေနဲ့ပတ်သက်ပြီး “လက်နက်တွေ လက်ဝယ်ရသွားပြီး ဘာမှမလုပ်ဖြစ်ရင် နောက်ဆုံးမှာ ဓားပြတွေ ဖြစ်ကုန်လိမ့်မယ်၊ သူတို့ (NUG) မထိန်းနိုင်ကြရင်ပေါ့” (လိုင်းပေါ်ကဘာသာပြန်မူ) လို့ပြောခဲ့ပါတယ်။ ဒီမှတ်ချက်စကားဟာ အတော်လေး နားခါးစရာဖြစ်ပြီး ပြည်မလူထုရဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုကိုလည်း ခံခဲ့ရပါတယ်။
 
ဒါပေမယ့် သေချာစဉ်းစားကြည့်ရင်တော့ ဒီအရာဟာ ဒေါသထွက်စရာထက် အရေးကြီး ဆွေးနွေးစရာ ကိစ္စ‌ဖြစ်ပါတယ်။ အခုတော်လှန်ရေးအတွင်းမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အင်အားစုတွေဟာ အရေအတွက်အားဖြင့် (၃၀၀) လောက်ထိ ရှိနိင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။ ဒါပေမယ့် NUCC/NUG အပါအဝင် ဘယ်သူမှ အဲ့ဒီ အဖွဲ့ (၃၀၀) ကျော် မြေပြင်မှာ တကယ်ရှိ/မရှိနဲ့ ရှိတယ်ဆိုရင် လူသူလက်နက်အင်အား ဘယ်လောက်ရှိတယ်ဆိုတာ မတွက်ချက်နိုင်ပါဘူး။
 
အဲ့ဒီအထဲမှာ NUG ရဲ့ ထိန်းချုပ်မှု အောက်က PDF တွေပါသလို၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုအောက်က အဖွဲ့တွေလည်း ပါပါတယ်။ နောက်ပြီးတော့ သီးခြား နိုင်ငံရေးဦးဆောင်မှု (Political Leading Body) ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ရှိပါသေးတယ်။ အဲ့ဒီ အမျိူးအစား (၃) ခုရဲ့ အပြင်မှာတော့ နိုင်ငံရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်က မဟုတ်ဘဲ စစ်အုပ်စုကို ရွံ့မုန်းလို့ လက်နက်ကိုင် တော်လှန်ကြတဲ့ အစုအဖွဲ့တွေရှိပါတယ်။
 
အဲ့ဒီအစုအဖွဲ့တွေကြားမှာ အခုထိ Chain of Command (COC) လည်း ပီပီပြင်ပြင် မတည်ဆောက်နိုင်သေးပါဘူး။
 
လွန်ခဲ့တဲ့ တနှစ် ၂၀၂၁ မတ်လလယ်လောက်က လူငယ်တွေနဲ့ အစည်းအဝေးတခုမှာ KNU ထိပ်ပိုင်းခေါင်းဆောင် တဦးက “စိတ်ခံစားချက် တခုထဲနဲ့ လက်နက် ကိုင်မယ်ဆို တောထဲ (သူတို့ဆီ) မလာခဲ့ပါနဲ့” လို့ ပြောခဲ့တာ မှတ်မိရပါတယ်။
 
အဲ့ဒါအမှန်တရားပါဘဲ စိတ်ခံစားချက်(အမုန်း) တခုနဲ့ လက်နက်ကိုင်လို့ တော် လှန်ရေးမဖြစ်ပါဘူး။ လက်ညှိုးကွေးတတ်ရုံနဲ့ တော်လှန်ရေးသမား မဖြစ်ပါဘူး။
 
စာရေးသူ မိတ်ဆွေ ‌လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖြစ်တိုင်း အကြောင်းအရာ နှစ်ခုကို မေးပါတယ်။
 
(၁) Disarmament
 
အချိန်တခုရောက်ရင် ဒီလက်နက်ကိုင်အင်အားစုတွေကို ဘယ်လို လက်နက်လျော့ချဖြုတ်သိမ်းမလဲဆိုတဲ့ စဉ်းစားချက်နဲ့
 
(၂) Transitional Justice
 
တော်လှန်ရေးကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ တရားမမျှတမှုတွေကို ဘယ်လို တာဝန်ယူတာဝန်ခံမှုရှိရှိ အရေးယူဖြေရှင်းမလဲဆိုတဲ့ စဉ်းစားချက်ပါ။
 
တကယ်တော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်ပြီး အပေါ်က နှစ်ခုအပြင် အရေးတကြီးဆွေးနွေးတွေးခေါ်စရာတွေ တပုံတပင်ကြီး ရှိပါသေးတယ်။
 
ဥပ‌မာ – စစ်ပွဲဒဏ်ခံရတဲ့ ဒေသတွေ၊ လူထုတွေကို ဘယ်လို ပြန်လည်ထူထောင်ရေး၊ ကုစားရေးလုပ်ငန်းတွေလုပ်မလဲ၊ ငြိမ်းချမ်းရေး ဘယ်လိုပြန်တည်ဆောက်မလဲ၊ နောက်တချိန်မှာ လက်နက်အင်အားရှိသူက လုပ်ချင်တာ လုပ်မရအောင် နိုင်ငံရေးစနစ်သစ်ကို ဘယ်လိုတည်ဆောက်ကြမလဲ၊ စသဖြင့် ဒီလို တွေးခေါ်မျှော်မြင်မှုတွေ အများကြီးလိုပါတယ်။
 
ဒီလိုအတွေးအခေါ်တွေအပြင် လူ့ရပိုင်ခွင့်နဲ့ လူ့ဂုဏ်သိက္ခာတွေ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ နောက် လူထုနဲ့ ဆက်ဆံဖို့ ပြည်သူ့ဆက်ဆံရေးနည်းနာတွေ စတဲ့ သိမှုတွေလည်း အရေးကြီးပါတယ်။
 
ဟုတ်ပြီ အဲ့ဒါတွေ မရှိရင် ဘာဖြစ်မလဲ?
 
အဲ့‌ဒီ တွေးခေါ်မျှော်မြင်မှု၊ သိမှုတွေ မရှိဘဲ လူသ(တ်)ရုံသက်သက် လက်နက်ကိုင်မယ်ဆိုရင်တော့ မှားယွင်း သ(တ်)ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူအစုအလိုက် အပြုံလိုက်သ(တ်)မှုတွေ ဒီလို ရာဇဝတ်မှုတွေ အပြင် အဆိုးရွားဆုံး လူမျိုးတုံး သ(တ်)ဖြတ်မှုတွေအထိ ဖြစ်ပွားနိုင်ပြီး တော်လှန်ရေးလည်း ဆုံးဆုံးမြှပ်သွားပါလိမ့်မယ်။ ရှေ့သမိုင်းမှာလည်း သာဓကတွေ ရှိခဲ့ပါတယ်။
 
သာ‌ဓကတွေက ဝေးဝေးမှာတင် မဟုတ်ဘဲ လက်တွေ့ တော်လှန်ရေးမှာပါ ရှိနေပါတယ်။ အရာတော်နဲ့ ထားဝယ်မှာဖြစ်ခဲ့သလို ဒလန်စွပ်စွဲ သ(တ်)ဖြတ်မှုတွေ၊ မုံရွာမှာ ခိုးဆိုးလုနှိုက်တွေကို ဖမ်းဆီးသ(တ်)ဖြတ်မှုတွေအပြင် Nom CDM လို အရပ်သားပစ်မှတ်‌တွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေက လောလောလတ်လတ် သာဓကတွေပါဘဲ။
 
ဒါတွေအပြင် လက်နက်ကိုင်ဆောင်ထားသူတွေက မိမိအဖွဲ့ထဲက လက်အောက် ငယ်သားကို ဖြစ်စေ၊ သာမန်ပြည်သူတွေကို ဖြစ်စေ လက်နက်နဲ့ ချိန်ပြီး ခြိမ်း ခြောက်တာတွေ၊ သာမန်သဘောထားကွဲလွဲသူကို သ(တ်)မယ် ဖြတ်မယ် ဗုံးပို့မယ် စသဖြင့် ခြိမ်းခြောက်တာတွေ စတဲ့ ဖက်ဆစ်စရိုက်တွေကိုလည်း ခပ်စိပ်စိပ် မြင်တွေ့လာရပါတယ်။
 
ဒါတွေဟာ တော်လှန်ရေးအတွက် အဆိပ်အတောက်တွေပါဘဲ။ နိုင်ငံရေးအင်အားစုတွေက ဒါတွေကို အချိန်မီ မတားဆီးနိုင်ရင်တော့ လူထုရဲ့ လက်နက် ကိုင်တော်လှန်ရေး တခုလုံး ရာဇဝတ်မှုတွေကြားမှာ ဆုံးဆုံးမြှပ်သွားပါလိမ့်မယ်။
 
(နိုင်ငံရေး) အတွေးအခေါ်မရှိဘဲ လက်နက်ကိုင်ရင် ဘာဖြစ်လာမလဲဆိုတော့
တော်လှန်ရေးသမားတော့ မဖြစ်ပါဘူး။ စစ်သွေးကြွဘဲ ဖြစ်ပါလိမ့်မယ်။
 
လက်နက်ကိုင်အင်အားစုတွေအနေနဲ့ မိမိအစုအဖွဲ့ကို အတွေးအခေါ်အရ တည်ဆောင်ဖို့၊ တပ်ဖွဲ့ဝင်တဦးချင်းစီရဲ့ အတွေးအခေါ်၊ သိမှုတွေကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။
 
လူထုအနေနဲ့လည်း လက်နက်ကိုင်တော်လှန်ရေးကို အင်တိုက်အားတိုက် ပံ့ပိုးပါဝင်ဖို့လိုသလို လက်နက်ကိုင်အစု‌အဖွဲ့တွေကိုလည်း လမ်းလွဲမရောက်အောင် ထိန်းကြောင်းတည့်မတ်ပေးဖို့ အရေးကြီးပါတယ်။
 
အတွေးအခေါ်လက်နက် တပ်ဆင်ကြ . . . . .
Wai Hnin
မူရင်း post 👇👇👇

https://www.facebook.com/104544742076938/posts/132202645977814/