• Today is: Wednesday, April 17, 2024

ကျဆုံးရဲဘော် တမ်းချင်း

“ကျဆုံးရဲဘော် တမ်းချင်း”

….. မှာ ရဲဘော် ….. ကျသွားလို့ လှူကြပါ။

ဝမ်းနည်းကြေကွဲကြပါ။

အလွန်တရာ ရက်စက်သော ကြေငြာမှုကြီး

လူသေတစ်ခု အကြောင်းပြုပြီး အလှူခံနေရပါသကောလား။

သေတဲ့ရဲဘော်တွေက ခင်ဗျားတို့ အခွင့်အရေးအတွက်

သေခဲ့တဲ့ရဲဘော်တွေက ခင်ဗျားတို့ လုံခြုံရေးအတွက်

သေလတ္တံ့သော ရဲဘော်တွေက ခင်ဗျားတို့ သားမြေးလုံခြုံရေးအတွက်….။

လူထုကြီးခင်ဗျား ………

ကျုပ်တို့သည် ဖက်ဒရယ်ဒီမိုကရေစီကို ချစ်သောစိတ်

ကျုပ်တို့သည် အမိမြေကို ချစ်သောစိတ်

ကျုပ်တို့သည် ပြည်သူကို ချစ်သောစိတ်

ကျုပ်တို့သည် လူသားဖြစ်တည်ခြင်းကို ချစ်သောစိတ်…

ထိုစိတ်အထွေထွေတို့ဖြင့်

ရန်သူကို ရှေ့ရှု အချင်းချင်း ချစ်ခင်ကာ

မယိုင်သော စိတ်ဖြင့် တိုက်ပွဲကြီးငယ်တို့ကို

စွမ်းစွမ်းတမံ တိုက်ခဲ့သည်သာ။

ကျဆုံးခဲ့သော ရဲဘော်တို့သည်

သင်တို့၏ တရေတည်းသောက်

သားချင်းတွေ ဖြစ်သည်။

သင်တို့၏ ဆွေမျိုးသားချင်းတွေ ဖြစ်သည်။

သင်တို့၏ ချစ်မဝသော ရင်သွေးဖြစ်သည်။

ကျဆုံးရဲဘော်တို့၏အသက်အားလုံးထက်…

တိုက်ပွဲတွင်း အသက်တစ်ချောင်းကို ပိုချစ်ပါ

ပြတင်းပေါက်မှ မြင်တွေ့နေရသော ဆွေမျိုးရင်းချာတို့ကို ပိုချစ်ပါ

အိမ်တံခါးဝ ရောက်လာသော

တမြေတည်းသားကို ပိုချစ်ပါ။

ဤသည်ကား ဝိဉာဉ်တစ်ခု၏

သေတမ်းစာဖြစ်သည်။

ကံ့ကော်ဖြူ