• Today is: Friday, April 19, 2024

စစ်ရေးအရ အရေးပါတဲ့ နန်းမယ်ခုံ စွန့်လွှတ်လိုက်ရ

(စစ်​ကောင်စီ လက်နက်ကြီးပစ်ခတ်မှု​ကြောင့် နန်းမယ်ခုံရှိ ​နေအိမ်များပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂

ကယား(ကရင်နီ)ပြည်နယ်ရှိ နန်းမယ်ခုံမြို့ကို စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် အင်အားသုံး တိုက်ခိုက်မှုများ​ကြောင့် စွန့်လွှတ်လိုက်ရကြောင်း ကရင်နီ ဒေသခံအရင်းအမြစ်အရ သိရသည်။

နန်းမယ်ခံမြို့သည် မိုးဗြဲ နဲ့ အနီးစပ်ဆုံး လမ်းကြောင်းဖြစ်ပြီး နန်းမယ်ခုံမှ ဒီးမော့ဆိုမြို့ကို ပေါက်သည့် တခုတည်းသော လမ်းကြောင်း ဖြစ်‌ကြောင်း ဒေသခံ တဦးက ဖက်ဒရယ်ဂျာနယ်သို့ အခုလို ပြောသည်။

သူပြောသာက “နန်းမယ်ခုံမြို့က စစ်ရေးအရ ဗျူဟာကျပြီး မိုးဗြဲ နဲ့ နန်းမယ်ခုံက အနီးစပ်ဆုံး လမ်းကြောင်းဖြစ်တယ် ၁၀ မိနစ်လောက်ပဲ သွားရသည့် ခရီးဖြစ်တယ် ဆိုတော့ နန်းမယ်ခုံကနေ ဒီးမော့ဆိုမြို့ကို လည်း ပေါက်သည့် တခုတည်းသော လမ်းကြောင်းလည်းဖြစ်တယ် သူတို့ စစ်ကောင်စီက ဒီးမော့ဆိုမြို့ကို လည်း ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးပမ်းသာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

သူဆက်ပြောသာက “ ကရင်နီပြည်သူ့ကာကွယ်ရေတပ်တွေ အခု နန်းမယ်ခုံကို စွန့်လွှတ်လိုက်ရသာက မြေပြင် တိုက်ပွဲပြင်းထန်ပြီး ထိခိုက်အကျအရှုံးများလို့ စွန့်လွှတ်လိုက်ရသာမဟုတ်ဘူး၊ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အင်အား အဆမတန်ကို နေ့စဉ် ရက်ဆက် ပစ်ခတ်နေတဲ့ အခြေအနေဖြစ်လာသာတော့ နန်းမယ်ခုံကို မဖြစ်မနေ ဆုတ်ခွာသွားရသာဖြစ်တယ်။ အခုလော်လော်ဆယ်တော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နန်းမယ်ခုံမြို့နဲ့ နီးစပ်တဲ့ ကျေးရွာတွေမှာ ဆက်ရှိနေသေးတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က နန်းမယ်ခုံမြို့ကို သိမ်းပိုက်နိုင်ရန် ယနေ့(ဖေဖော်ဝါရီ ၂၄) နံနက်အစောပိုင်းကစ၍ တိုက်လေယာဥ်များဖြင့် ပိုမို အရှိန်မြင့်ကာ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တင့်ကားများ၊ ၁၀၅(မမ)များ အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နန်းမယ်ခုံ ဒေသတစ်ဝိုက်ကို ထိန်းချုပ်ရန် စစ်ကောင်စီက ဖေဖော်ဝါရီ ၁၆ ရက်ကစ၍ အကြိမ်ကြိမ် အရှိန်မြင့် ထိုးစစ်ဆင်ခဲ့ကာ တိုက်ခိုက်ရေး လေယာဥ်များကို နေ့စဥ်အသုံးပြုခဲ့ပြီး လက်နက်ကြီး ရာနှင့်ချီ ပစ်ခတ်ခဲ့သည်။

ယခုဖေဖော်ဝါရီ လဝက်မှ စ၍ ရှမ်း-ကရင်နီအစပ် မိုးဗြဲ၊ ဖယ်ခုံနှင့် ဒီးမော့ဆိုဒေသများကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်မှာ ၉ ရက်တာ(ဖေဖော်ဝါရီ ၁၆ ရက် မှ ၂၄ ရက်ထိ) ရှိပြီဖြစ်သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးသူ ၁၀၀ ထက် မနည်းရှိခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုဘက်မှလည်း ၃၀ ခန့် ကျဆုံးခဲ့သည်။

စစ်ကောင်စီ၏ လက်နက်ကြီး နှင့် လေယာဉ်ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် ဒေသခံ အရပ်သားပြည်သူများလည်း ၁၀ ထက် မနည်း ထိခိုက်သေဆုံးခဲ့သည်။