• Today is: Friday, March 29, 2024

အင်အားမမျှ၍ နန်းမယ်ခုံမှ KNDF တပ်ဆုတ်လိုက်ရ

ပုံစာ-(ကျွန်းတောရွာအနီး နေအိမ်၌ ပေါက်ကွဲမှု မရှိခဲ့သည့် စစ်ကောင်စီတပ် လေကြောင်းမှ ကြဲချသည့် ဗုံးတစ်လုံးတွေ့ရစဉ် – KNDF BO1)

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၂

ကယား(ကရင်နီ)ပြည်နယ်ရှိ စစ်ရေးဗျူဟာအရ အရေးပါတဲ့  နန်းမယ်ခုံမြို့ကို စစ်ကောင်စီတပ်၏ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် အမြှောက်တပ် သုံးတပ်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများနှင့် တင့်ကား တို့ဖြင့် အဆမတန် အင်အားသုံး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တပ်ဆုတ်ပေးလိုက်ရကြောင်း KNDF တပ်ရင်းမှူး ဗင်စင်းက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

ဗင်စင်းက “သူတို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲသာနဲ့၊ အမြှောက်တပ်သုံးတပ်က လက်နက်ကြီးတွေ ဝိုင်းထုသာနဲ့၊ တင့်ကားတွေနဲ့ပါ ထုသာနဲ့ဆိုတော့ မခံနိုင်တော့ဘူး အင်အား အဆမတန်ကို နေ့စဉ် ရက်ဆက် ပစ်ခတ်နေတဲ့ အခြေအနေဖြစ်လာသာတော့ နန်းမယ်ခုံကို မဖြစ်မနေ အကုန်လုံး ဆုတ်ခွာပေး လိုက်ရသာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က နန်းမယ်ခုံကို အင်အား အဆမတန်သုံး တိုက်ခိုက်လာရခြင်း အခြေအနေကို မေးရာမှာတော့

ဗင်စင်းက “ကျနော်အထင်ဆိုရင် အရင်ကတော့ တိုက်ပွဲမပြင်းထန်ခင် KNDF တပ်တွေ၊ PDF တပ်တွေ အဲဒီမှာ လာစုကြတော့ အဲဒါကို သူတို့ သိထားပုံရတယ် အဲဒါကြောင့် စုရပ်မဖြစ်အောင် ဖြိုခွင်းခြင်တဲ့ သဘောလို့ ထင်ပါတယ်” ဟု ပြောသည်။

နန်းမယ်ခုံ စစ်ရေးဗျူဟာအရ အရေးပါတဲ့ နေရာလားဟု မေးရာမှာတော့

ဗင်စင်းက “အေးပေါ့ အဲဒီနေရာမှာ စစ်ရေးအရ အရေးပါတဲ့ တောင်တွေရှိတယ် အဲဒါယူနိုင်ရင်တော့ ဘာလို့ဆိုတော့ သူတို့ စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ ခြေမတောင်က အမြှင့်ဆုံးတောင်ဆိုတော့ မြင်ကွင်းက အရှေ့အနောက် တောင်မြှောက် မြင်နေရတဲ့ အခြေအနေဖြစ်နေတယ်လေ၊ တဘက်မှာလည်း  ဒီးမော့ဆိုမြို့ကို  ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးပမ်းတဲ့သဘောလည်း သုံးသပ်လို့ရသာပေါ့” ဟု ဆက်ပြောသည်။

NUG နဲ့ ချိတ်ဆက် ဆောက်ရွက်မှု အခြေအနေကို မေးရာမှာတော့

ဗင်စင်းက “NUG နဲ့ ချိတ်ဆက်ထားနိုင်တယ်ဆိုပေမယ့် အားရမှုတော့ မရှိသေးဘူး၊ ယခုအချိန်မှာဆိုရင်တော့ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာတယ် လက်နက်ကြီးတွေ သုံးနိုင်ဖို့အတွက်လည်း လိုအပ်နေပြီ ဖြစ်တယ်။ လက်နက်ကြီးတွေ ထောက်ပံ့ပေးနိုင်ဖို့တော့ လိုအပ်တယ်” ဟု ပြောပါတယ်။

စစ်ကောင်စီတပ်က နန်းမယ်ခုံမြို့ကို သိမ်းပိုက်နိုင်ရန် (ဖေဖော်ဝါရီ ၂၄) နံနက်အစောပိုင်းကစ၍ တိုက်လေယာဥ်များဖြင့် ပိုမို အရှိန်မြင့်ကာ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တင့်ကားများဖြင့် ပစ်ခတ်ခြင်း၊ အမြှောက်တပ် သုံးတပ်မှ လက်နက်ကြီး ၁၀၅(မမ)များ အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နန်းမယ်ခုံ တိုက်ခိုက်ခံရမှု ဖြစ်စဉ်လို ကရင်နီပြည် အခြားသော နေရာဒေသများတွင်လည်း စစ်ကောင်စီတပ်၏ အင်အား အဆမတန် အသုံးပြုပြီး တိုက်ခိုက်မှု ဖြစ်လာနိုင်ကြောင်း သုံးသပ်မှု ရှိသလို ဒေသခံများကလည်း စိုးရိမ်စရာမကင်း ဖြစ်နေကြသည်။