• Today is: Monday, May 20, 2024

လက်နက်ကိုင်လမ်းစဉ်ကို ဗမာပြည်သူများ ခြေစုံပစ်ဝင်လာမည်‌လော (ဗမာလက်နက်ကိုင်သမိုင်း သုံးသပ်ခြင်း)

လက်နက်ကိုင်လမ်းစဉ်ကို ဗမာပြည်သူများ ခြေစုံပစ်ဝင်လာမည်‌လော (ဗမာလက်နက်ကိုင်သမိုင်း သုံးသပ်ခြင်း)

ဗမာတို့အနေဖြင့် လွတ်လပ်ရေးနောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ယခု နွေဉီးတော်လှန်ရေး(၂၀၂၁) PDFလှုပ်ရှားမှုနှင့်ဆိုလျှင် ၄ ကြိမ်တိတိ ရွေးချယ်ခဲ့ဖူးပါပြီ။ လွတ်လပ်ရေးနှင့်အတူ ကွန်မြူနစ် ဝါဒီဗမာ နိုင်ငံရေးသမားများက ရောင်စုံသူပုန်ထ၍ တစ်ကြိမ်၊ ထို့နောက် နေဝင်းအာဏာသိမ်းမှုကြောင့် ဝန်ကြီးချုပ်ဟောင်း ဉီးနုဉီးဆောင်၍ ဒုတိယအကြိမ်၊ ၈၈ အာဏာသိမ်းမှုကြောင့် ဗမာကျောင်းသားများက ABSDF ဆိုပြီး နောက်ထပ် တစ်ကြိမ်၊ ယခု PDF ဟူ၍ စတုထ္ထအကြိမ် ဆိုပါစို့။  

အထက်ပါဗမာဉီးဆောင် လက်နက်ကိုင်တော်လှန်ရေး သမိုင်းကိုကြည့်လျှင် အစပိုင်းမှာ အင်တိုက်အားတိုက် လှုပ်ရှားကြသော်လည်း ကြာရှည်ခံလေ့မရှိသည်ကိုတွေ့ရသည်။ အကြောင်းရင်းများစွာလည်း ရှိပါမည်။ ပထဝီဝင်အရ ခြေကုတ်ယူမည့် နယ်မြေမရှိခြင်း (နယ်စပ်နှင့် တောင်းတန်း)၊ အစိုးရတပ်နှင့်အလွန်နီးကပ်ခြင်း၊ ဗမာလူငယ်များက တိုင်းရင်းသားလူငယ်များကဲ့သို့ အုပ်စိုးသူများအပေါ် စိတ်နာမှု မပြင်းပြခြင်း စသည်တို့က အဓိကအချက် ဖြစ်နိုင်သည်။

သို့သော် လူဉီးရေး သိန်း ၁၀၀ ကျော်ရှိသော လူငယ်အင်အားရှိပြီး သမိုင်းတစ်လျှောက် နန်ချောင်ခေတ်မှအစ အနော်ရထာ-ဘုရင့်နောင်-အလောင်းဘုရားအထိ စစ်တိုက်ကျွမ်းကျင်၍ သတ္တိရှိသည့် လူရဲကောင်း ဗမာလူမျိုး အနေဖြင့် ဤတစ်ကြိမ်တွင် အနိမ့်ဆုံးအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရဲဘော်သုံးကျိပ်ကဲ့သို့သော ဗမာ့တော်လှန်ရေးတပ်ဖွဲ့ကို တည်ဆောက်နိုင်မည်လောဆိုသည့်အချက်သည် စဉ်းစားစရာဖြစ်လာသည်။

ကောက်ရိုးမီးလောင်ဖြစ်တတ်သည့် ဗမာ့လက်နက်ကိုင်လမ်းစဉ်

(က) ကွန်မြူနစ်ဗမာရောင်စုံသူပုန်များ

“အောင်ဆန်း-အက်တလီစာချုပ်မှ ရရှိမယ့် လွတ်လပ်ရေးက အတုအယောင်သာဖြစ်မယ်၊ လွတ်လပ်ရေးဆိုတာညှိယူလို့မရ၊ တိုက်ယူရမယ်”ဆိုပြီး လက်ဝဲစွန်း ကွန်မြူနစ်ဝါဒီများက လွတ်လပ်ရေးနှင့်အတူ ရောင်စုံသူပုန် ထခဲ့ကြသည်။ ကမ္ဘာကိုပတ်၍ နိုင်ငံတကာ ကွန်မြူနစ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဆိုသည့် သခင်စိုး၊ သခင်ဗသိန်းတင်၊ သခင်သန်းထွန်းတို့ ဉီးဆောင်သော ကွန်မြူနစ်သူပုန်များသည် အစပိုင်းတွင် အထူးအထင်ကြီး ခံခဲ့ကြသည်။

သူတို့အနေဖြင့် ရုရှား၊ တရုတ်နှင့် အိမ်နီးချင်း လက်ဝဲနိုင်ငံများမှ လက်နက်နှင့် ငွေကြေးအကူအညီများ အလျံအပယ် ယူဆောင်ပေးနိုင်မည်ဟု ထင်ခဲ့ကြသည်။ အထူးသဖြင့် သူတို့၏တပ်သား တောင်ပေါ်သားများက (အမှန်ဆို ကွန်မြူနစ်ခေါင်းဆောင်များသာ ဗမာများဖြစ်ပြီး သူတို့တပ်သားအများစုက တောင်ပေါ်တိုင်းရင်းသားများဖြစ်ခဲ့သည်)။ သို့သော် ထင်သလို မစွမ်းဆောင်နိုင်ခဲ့သော အိုင်ဒီအိုလိုဂျီအခြေခံ ဗမာဉီးဆောင် လက်နက်ကိုင်တပ်ဖွဲ့သည် ဘာလင်တံတိုင်းပြိုကျမှုနှင့်အတူ အားလုံးပြာကျသွား ခဲ့တော့သည်။

(ခ) ဉီးနုနှင့် ဗိုလ်လကျ်ာဉီးဆောင်သည့် ဗမာသူပုန်အဖွဲ့

ထို့နောက် ဗိုလ်နေဝင်း အာဏာသိမ်းမှုကြောင့် ရောင်စုံသူပုန်ကို ချေမှုန်းခဲ့သော ဉီးနု(ဝန်ကြီးချုပ်ဟောင်း)သည် ၁၉၇၀ ခုနှစ်တွင် သူကိုယ်တိုင် ထိုင်းနယ်စပ်သွားပြီး ပါလီမန်ဒီမိုကရေစီပါတီ(PDP)ဖွဲ့၍ လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့ပြန်သည်။ PDP လက်အောက်တွင် ပြည်ချစ်တပ်မတော်ဖွဲ့စည်း၍ ဗိုလ်လကျ်ာ (ရဲဘော်သုံးကျိပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဒုတိယတာဝန်ယူခဲ့သူ)ကို စစ်ဉီးစီးချုပ်လုပ်ခိုင်းခဲ့ရာ ကရင်၊ ကချင်၊ ရှမ်း၊ မွန်၊ ချင်းနှင့် ပအိုစ့် စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မိတ်ဖွဲ့နိုင်ခဲ့သည်။

ဉီးနုကြီးကိုယ်တိုင်က လက်နက်ကိုင်ပြီး CIA ထံမှလည်း ‌ငွေကြေးအကူညီရရှိကြောင်း၊ ထိုစဉ်က ထိုင်းနိုင်ငံ၏ ဒုတိယအကြီးအကဲလည်းဖြစ် ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သည့် ဗိုလ်ချုပ်ကြီး Charusathien ကိုလည်း ချိတ်ဆက်ပြီး တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံမှု အစီအစဉ် ပြုလုပ်လာနိုင်ခဲ့ကြောင်း ကြားသိရသည့်အခါ တိုင်းရင်းသားများက အင်မတန် အထင်ကြီးခဲ့ရပြန်သည်။ ကယ်တင်ရှင်ကြီး သဖွယ်ဆိုပါစို့။ သို့သော် သုံးလေးနှစ်ပြင်မကြခဲ့၊ ဉီးနုလည်း အိန္ဒိယပြည်သွားပြီး ဘုန်းကြီးဝတ် အငြိမ်းစားယူပြန်သည်။

(ဂ) ကျောင်းသားများဉီးဆောင်သည့် ဗမာလက်နက်ကိုင်

တတိယလှိုင်းတက်လာပြန်သည်။ ရှစ်လေးလုံးအရေးတော်ပုံနှင့်အတူ ဗမာကျောင်းသားများ KNU နယ်မြေသို့ သွားရောက်ပြီး လက်နက်ကိုင်ကြသည်။ ဗိုလ်ချုပ်ကြီးစောမောင်နှင့်အပေါင်းပါ၏ အာဏာသိမ်းမှုကို အန်တုရန် ထိုင်နယ်စပ်၌ ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီကရက်တစ်တပ်ဉီး(ABSDF)သည် ကနဉီးတွင် အင်အားတောင့်တင်းခဲ့သော်လည်း သုံးလေးနှစ်ကြာလာသည့်အခါ အဖွဲ့အတွင်း သံသယနှင့် ခေါင်းဆောင်လုမှုတို့ကြောင့် အကွဲအပြဲနှင့် အချင်းချင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအထိဖြစ်ပွားခဲ့ရာ နောက်ပိုင်း တပ်ပျက်ကဲ့သို့ တစ်ဖြည်းဖြည်း အင်အား ချိနဲ့သွားခဲ့ရသည်။

(ဃ) ၂၁ရာစုအတွင်း ဗမာလူများ၏ လက်နက်ကိုင်မှု (PDF)

စတုထ္ထကြိမ်အနေဖြင့် ဗမာပြည်မလူငယ်များက PDF နာမည်အောက်တွင် လက်နက်ဆွဲကိုင်ပြီး စစ်အာဏာရှင်ကို တစ်ကျော့ပြန် တော်လှန်ရေး ဆင်နွဲနေကြပြန်ပါသည်။ လက်ရှိတွင် စာရင်းအရ စာရွက်(အွန်လိုင်း)ပေါ်မှာ PDF အဖွဲ့ပေါင်း ၃၅၀ မှ ၄၀၀ အကြား ရှိပြီး အမှန်တကယ် မြေပြင်မှာ လှုပ်ရှားတဲ့အဖွဲ့က တစ်ရာဝန်းကျင်ရှိမည်ဟု ခန့်မှန်းကြသည်။ လက်နက်ကိုင်အင်အား အနေဖြင့် တပ်အင်အား ငါးသောင်းမှ တစ်သိန်းကြား ရှိနိုင်သည်။ တစ်ဘက်မှာ စစ်ကိုင်းတိုင်းတစ်ခုတည်းတွင် စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ ၇၀ ကျော် ရှိသည်ဟုဆိုသည်။

ပြည်မဗမာလူငယ်ဉီးရေ သိန်း ၁၀၀ ကျော်ရှိသည့်အနက် -၁ ရာခိုင်နှုန်း(အနှုတ်)သာ လက်နက်ကိုင်သေးသည့်အတွက် အခြားတိုင်းရင်းသားများနှင့် နှိုင်းယှဉ်လျှင် ရာခိုင်နှုန်းအရ အလွန်နည်းနေသေးသည်ဟု ဆိုရမည်။။ ချင်းပြည်နယ်တွင် လူငယ် ၁၀ ရာခိုင်နှုန်း ထက်မနည်းက လက်ရှိတွင် လက်နက်ကိုင်ပြီး ကရင်နီ၊ ရခိုင်နှင့် ဝပြည်တို့တွင် ထိုထက်များပါလိမ့်မည်။

ခြုံငုံသုံးသပ်ချက်

လက်ရှိ ဗမာလူငယ်များ လက်နက်ကိုင်တိုက်ပွဲဝင်မှုသည် လူဉီးရေအားဖြင့်သော်လည်းကောင်း၊ စစ်ရှိန်အားဖြင့်လည်းကောင်း တိုင်းရင်းသားများ၏ အနေအထားအဆင့်ထိ မရောက်ရှိသေးပေ။ သို့သော်လည်း လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဗမာ့သမိုင်းတွင် လက်ရှိအနေအထားသည် အမြင့်ဆုံး ရေချိန်ဟု ဆိုရပါမည်။ မည်သည့်နိုင်ငံရေးပညာရှင်ကမှ ၂၁ရာစုတွင် ဤကဲ့သို့ဗမာလူငယ်များ သူပုန်ထကြလိမ့်မည်ကို ကြိုတင် ထင်မှတ်ထားလိမ့်မည်မဟုတ်ပေ။

အထက်တွင်ဖော်ပြထားသည့်အတိုင်း ယခုတဖန် လက်နက်ကိုင်လမ်းစဉ် ရွေးချယ်ကြသည့် NUGနှင့် ဗမာလူငယ်များအနေဖြင့် ဤတစ်ကြိမ်တွင် အရေးတော်ပုံအောင်မြင်သည်အထိ စွမ်းဆောင် နိုင်မည်လော။ သို့တည်းမဟုတ် ပုံပြင်ဟောင်းအတိုင်း ကွန်မြူနစ် ဗမာခေါင်းဆောင်များနှင့်  ဉီးနုကြီးကဲ့သို့ တိုင်းရင်းသားများကို မျှော်လင့်ချက် အကြီးကြီးပေးသွားပြီး လမ်းထက်ဝက်မှာ ခြေကုန်လက်ပန်းကျပြီး သွေးအေးပြန်ဉီးမည်လော၊ ခေါင်းဆောင်များ အချင်းချင်းအကွဲအပြဲနှင့် ဇာတ်သိမ်းပြန်ဉီးမည်လော၊ RCSS ဉက္ကဌမှတ်ချက်ပြုခဲ့သည့်အတိုင်း ထိန်းမရသိမ်းမရ ဖြစ်လေကြ မည်လော၊ အထူးသဖြင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးပြီး လက်နက် စွန့်ကြလေမလော။

မည်သို့ပြင်ဆိုစေ နှစ်ပေါင်း ၆၀ ကျော် အနုနည်းဖြင့် စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ရာမှာ အောင်မြင်မှုမရှိသည့်အတွက် နောက်ဆုံးမှာ မလွဲမရှောင်သာ၍ လက်နက်ကိုင်လမ်းစဉ်ကို ဗမာလူငယ်များက ရွေးချယ်ခြင်းဖြစ်သည့်အပြင် ဤတစ်ကြိမ် (နွေဉီးတော်လှန်ရေး)သည် “နောက်ဆုံးတော်လှန်ရေး”ဟု သံဓိဌာန်ချထားကြသည့်အတွက် ဤကဲ့သို့သော သူတို့၏ ရွေးချယ်မှုလမ်းကြောင်းကို အဆိုးမြင်မည့်အစား အကောင်းဆုံးရလဒ် ပေါ်ပေါက်လာနိုင်အောင် နည်းလမ်းပေါင်းစုံဖြင့် ရပ်တည်ပေးသင့်ပါသည်။ PDF တွင် မပါဝင်သေးသော ဗမာလူငယ်များ အနေဖြင့်လည်း ကျရာကဏ္ဍမှ ခြေစုံပစ်ဝင်ရောက်၍ နွေးဉီးတော်လှန်ရေး အောင်မြင်သည်အထိ PDFများနှင့်အတူ ပူးပေါင်းပါဝင်သင့်ပါသည်။

ဆလိုင်း ကျဲအိုဘိခ်ထောင် ရေးတယ်

ဖက်ဒရယ်ဂျာနယ်
မတ် ၈၊ ၂၀၂၂