• Today is: Friday, March 29, 2024

ကန်ပက်လက် CDF တပ်မဟာ ဌာနချုပ် ယာယီ စွန့် လွှတ်လိုက်ရ

ပုံစာ- CDF- Kanpetlet တပ်ဖွဲ့ဝင်များ

ဖက်ဒရယ်ဂျာနယ်
မတ် ၁၆၊ ၂၀၂၂

ကန်ပက်လက်မြို့နယ်အတွင်း စစ်ကြောင်း ထိုးလာသည့် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားပြီးနောက် တပ်မဟာ ဌာနချုပ်အား ယာယီ စွန့် လွှတ်လိုက်ရကြောင်း ကန်ပက်လက်မြို့နယ် ကာကွယ်ရေး တပ်ဖွဲ့ (CDF-Kanpetlet) ယနေ့ သတင်းထုတ် ပြန်သည်။

ကျည်မလုံလောက်ခြင်း၊ လက်နက် အင်အား မမျှခြင်း၊ ကျေးရွာအတွင်းရှိ ပြည်သူများ ထိခိုက်ဒဏ်ရာရမည့် အရေးကို ရှေးရှုခြင်းနှင့် သာလွန်အင်အားဖြင့် ထိုးစစ်ဆင်ခံရသည့် အခြေနေများကြောင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ကို ယာယီ စွန့်လွှတ်လိုက်ရသည် ဟု ၎င်းတို့က ဆိုသည်။

ကန်ပက်လက်မြို့နယ်အတွင်းသို့ မတ် ၁၁ ရက်မှ စတင်ပြီး အင်အား ၂၀၀ ခန့်ဖြင့် တပ်မဟာဌာနချုပ်ရှိရာဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းလာရာ ရဲလောင်းပန်းရွာ အထက်နား ပန်းတောင်ကျောတွင် ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း CDF-Kanpetlet က ဆိုသည်။

ယင်းနောက် မတ် ၁၃ ရက်တွင် ငုံလောင်ရွာ မြောက်ဘက် အမ်ပုံရွာ အထက်ပိုင်းတွင် တပ်ဖျောက်ထားသည့် စစ် ကောင်စီ တပ်ဖွဲ့အား CDF- Kanpetlet၊ CDF Mindat ၊ ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw- PDF ပူးပေါင်းကာ တောနင်း ရှာဖွေရာမှ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးခဲ့ပြီး CDF-Kanpetlet ဘက်မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်းလည်း သိရသည်။

ယင်းနောက် မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် စမ္မသားရွာဟောင်းအနီး တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု မသိရသေးသော်လည်း ၎င်းတို့ဘက်မှ တပ်ဖွဲ့ဝင်တဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း CDF – Kanpetlet က ဆိုထား သည်။

အဆိုပါတိုက်ပွဲအတွင်း မင်းတပ်မြို့တွင်အထိုင်ချသော ခလရ ၂၇၄ တပ်ရင်း နှင့် ကျောက်ထု အမြောက်တပ် တို့ဖက်မှ လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး စမ္မသားရွာဟောင်းရှိ လူနေအိမ် ၉ လုံး လက်နက်ကြီး ထိမှန် မီးလောင်ပျက်စီးခဲ့ကြောင်းလည်း ၎င်းတို့က ဆိုထားသည်။

ယခုကဲ့သို့ တိုက်ပွဲများ ဆက်တိုက် ဆိုသလို ဖြစ်ပွားလျက်ရှိရာတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် လက်နက်နှင့် ကျည်များ လိုအပ်လျက်ရှိသည့်အတွက် ပြည်တွင်းပြည်ပမှ ပြည်သူများအနေဖြင့် ကူညီထောက်ပံ့ ပေးကြရန်လည်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက တောင်းဆိုထားသည်။